Monthly Archives: Jun 2022

အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို

အဂတိအမှု စွပ်စွဲချက်တွေအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်ရုံးချိန်းမှာ  ထွက်ဆိုခဲ့တယ်လို့   တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေကို ဒီနေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုယ်တိုင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

“မနက်က မောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုက ဒေါ်ခင်ခင်ဦးနဲ့ ဂိတ်ကတာဝန်ရှိတဲ့ရဲမှူး လိုပြသက်သေ နှစ်ယောက်ကိုစစ်တယ်။ အိမ်အမှတ် ၃၃ ဂိတ်မှူး ကျော်မျိုးသူ။ ရဲကထွက်တာက ဘာမှသိပ်မရှိပါဘူး။ မောင်ဝိတ်ဝင်တာထွက်တာ ဒီလောက်ပါပဲ။ ညနေပိုင်းမှာ အမှုနံပတ် ၃/၂၀၂၂ က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးမင်းသူရယ်၊ ဒေါက်တာမျိုးအောင်ရယ်ကို ကိုယ်တိုင်စစ်တယ်။ တရားခံစစ်လို့ခေါ်တယ်။” လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။  

အဂတိအမှုပုဒ်မ  ၃/၂၀၂၂ နဲ့ ၄/၂၀၂၂  တို့ဟာ  ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ 

ပြီးခဲ့တဲ့ ဇွန် ၇ ရက် ရုံးချိန်းတုန်းက ၃/၂၀၂၂အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကိုစစ်ဆေးခဲ့ပြီး သူဟာ ဦးမောင်ဝိတ်အလှူငွေ ပေးအပ်ချိန်မှာရှိနေခဲ့တဲ့အတွက် လိုပြသက်သေအဖြစ်တင်သွင်းခံခဲ့ရတာပါ။ 

ဇွန် ၁၄ ရက် ရုံးချိန်းမှာတော့ စီးပွားရေးလုပ်ငန်းရှင်ဦးရှောက်စန်းနဲ့ ဦးမောင်ဝိတ်ရဲ့ ကားဒရိုင်ဘာတို့ကို တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိ ၂ မှုမှာ အဓိကတရားလိုပြ သက်သေဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေ ၃၁ ရက်ကထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ  ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ပါတယ်။ 

ဒီအမှုမှာ တရားလိုအဖြစ်  စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အနက် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။ 

လက်ကျန် ၁၃ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၀ ကျော်အထိချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။  

ဇွန် ၂၂ ရက် ရုံးချိန်းတုန်းက နေပြည်တော်စစ်ကောင်စီတရားရုံးက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိအမှု ၅ မှုအတွက် ၁ မှုကို ထောင် ၃ နှစ်နှုန်းနဲ့ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ အမှုတွဲတွေဖြစ်တဲ့ နေပြည်တော်စည်ပင်ဒုဥက္ကဋ္ဌ ဦးရဲမင်းဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူတို့ကိုလည်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

ဦးရဲမင်းဦးကို စစ်ကောင်စီတရားရုံးက ဇွန် ၂၀ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၈ နှစ်အထိချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီတရားရုံးက ၅၀၅(ခ)အမှုအတွက် ၂၀၂၁ ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာကြောင့် ဒေါက်တာမျိုးအောင်ဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။  DVB

ဥကရစ်ထစခန်းတိုက်ပွဲ သုံးရက်မြောက်ဆက်ဖြစ်၊ စစ်တပ်က ဂျက်လေယာဉ်များဖြင့် ဗုံး ကြဲ 

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်ခြေကုတ်စခန်းဖြစ်သော ဥကရစ်ထတွင် သုံးရက်မြောက်တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီက ဂျက် လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ် မြဝတီတောင်ဘက် ၁၈ မိုင်အကွာရှိ ဥကရစ်ထစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့ (KNDO) စစ်ကြောင်းများက ဇွန် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ထိုင်း-မြန်မာနယ်စပ် စည်းမျဉ်းနှင့် မီတာ ၁၅၀ သာ (ပေ ၅၀၀ ခန့်) ကွာဝေးသည့် ထိုစခန်းကို KNLA နှင့် KNDO ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီကလည်း ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်သဖြင့် ခြေကုတ်စခန်းအနီးတဝိုက်ရှိ ဥကရစ်ထရွာတွင် ထိခိုက်ပျက်စီးမှုများ ရှိကြောင်း၊ သို့ သော် သေသေချာချာ မသိရသေးကြောင်း  ထွက်ပြေးတိမ်းရှောင်နေ ရသည့် ဒေသခံတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“လက်နက်ကြီးအသံက အတော်ကျယ်လို့ ကလေးတွေတောင် လှန့်ပြီးငိုတယ်။ မိသားစုတွေ တစ်ကွဲတစ် ပြားထွက်ပြေးနေရတယ်” ဟု ၎င်းက ပြောသည်။ 

ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများ နယ်စပ်ရှိ သောင်ရင်းမြစ်တလျှောက်နှင့် တောင်ယာတဲများ တွင် ပုန်းအောင်းနေကြရပြီး ၎င်းတို့ဘက်ခြမ်းသို့ ဝင်ရောက်မလာစေရေး ထိုင်းနယ်ခြားစောင့်တပ်က စောင့်ကြည့်စစ်ဆေးနေသည်ဟုလည်း အမည်မဖော်လိုသည့် ထိုဒေသခံက ဆိုသည်။​

တိုက်ပွဲအတွင်း KNU ပူးပေါင်းတပ်ဖွဲ့များဘက်မှ သုံးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၈ ဦးရှိသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း KNDO နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယမန်နေ့တွင် စစ်တပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ရှစ်ကြိမ်ခန့် ဗုံးလာကြဲကြောင်း၊ ယနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင်လည်း ဗုံးလာကြဲကြောင်း ၎င်းက ဆိုသည်။​

ဥကရစ်ထစခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက် ထိုင်းနိုင်ငံဘက်ခြမ်းမှနေ၍ စစ်ကူများပေးပို့နေကြောင်း၊ စစ်သားများကို တိုးတက်သော ဗုဒ္ဓဘာ သာကရင်အမျိုးသားတပ်ဖွဲ့ (DKBA) ဝတ်စုံဖြင့် စစ်ကူပို့နေကြောင်း အထက်ပါ နီးစပ်သူက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ 

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။ ထို့အတူ KNU တာဝန် ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

မြဝတီမြို့နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းသည် အချက်အချာကျသည့်လမ်းပေါ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်က ထိုစခန်းမှတဆင့် တပ်ဖြန့်လေ့ရှိကြောင်း၊​ ထိုဒေသတဝိုက် တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ကူပေးလေ့ရှိရာ နေရာလည်းဖြစ်သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်  KNU ထိန်းချုပ်ရာနယ်မြေများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU အကြား တိုက်ပွဲများအဆက်မ ပြတ်ဖြစ်ပွားနေပြီး စစ်တပ်စခန်းအချို့ကို KNU ပူးပေါင်းတပ်များက သိမ်း ယူခြင်းများရှိခဲ့သည်။

ယခုလ ၁၃ ရက်နေ့တွင် လက်ရှိတိုက်ပွဲဖြစ်နေသော ဥကရစ်ထစခန်း အရှေ့မြောက်ဘက် သုံးမိုင်ကျော် အကွာရှိ ဝေါလေရဲစခန်းကို KNDO ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ် ဖွဲ့ဝင် ၉ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ရဲ ငါးဦးကိုလည်း KNDO ပူးပေါင်းအဖွဲ့က လက်ရ ဖမ်းဆီးနိုင်ခဲ့ သည်။

မေလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်အနီး စစ်တပ်အခိုင်အမာတပ်စွဲထားသည့် သေ့ဘောဘိုးစခန်း ကုန်းကို KNU လက်အောက်ခံတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည့်နည်းတူ ဧပြီလအတွင်းကလည်း စစ်ကောင်စီ ၏ မော်ခီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခံရသည်။ myanmar now

ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်မှာ မြေပြင်အခြေအနေနှင့်လွဲနေပြီး ပြည်သူကိုမျက်နှာမမူ‌ဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းဧရိယာအတွင်း တိုက်ခိုက် ခံရခြင်း၊ လျှပ်စစ်ဓါတ်အားပေးတိုင်များ ဖောက်ခွဲခံရခြင်းများနှင့်ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီ၏ထုတ် ပြန်ချက်သည် မြေပြင်ရှိပကတိအခြေအနေနှင့်တလွဲဖြစ်နေပြီး ပြည်သူကိုမျက်နှာမမူသောထုတ်ပြန်ချက် ဖြစ်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးမှ ယနေ့ ဇွန်လ ၂၈ ရက်တွင် တုံ့ပြန် လိုက်သည်။

“ဝမ်ပေါင်ရဲ့ထုတ်ပြန်ချက်ကို လုံးဝကန့်ကွက်တယ်။ ခွေးစစ်ကြောင်းတွေတည်းခိုဖို့ လက်ခံတာတွေ၊ ရိက္ခာထောက်ပံ့တာတွေကို ရပ်တန့်ဖို့သ တိပေးချင်တယ်။ မြေပြင်အဖြစ်မှန်တွေနဲ့တလွဲဖြစ်နေတဲ့ ပြည်သူ ကိုမျက်နှာမမူတဲ့ ထုတ်ပြန်ချက်လို့ပြောချင်တယ်” ဟု အမိမြေတော် လှန်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြား ရေးမှရဲဘော်မင်းကိုက မဇ္စျိမကိုပြောသည်။

ဝမ်ပေါင်ကုမ္ပဏီက ၎င်းတို့၏ လက်ပံတောင်းတောင်သတ္ထုတွင်းဧရိယာအတွင်းသို့ လက်နက်ကိုင်တပ်ဖွဲ့ များမှ တာဝေးပစ်လက်နက်များဖြင့် ဗုံးအများအပြားပစ်လွှတ်ခဲ့ပြီး ဗို့အားမြှင့်ဓါတ်အားပေးတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရကြောင်း၊ အဆိုပါဖြစ်စဉ်အတွင်း လူအသေအပျောက်အထိအခိုက်မရှိသော်လည်း စီမံကိန်းဆိုက်ဒ်ထဲရှိ ဝန်ထမ်းများ၏အသက်ကို အလေးမထားသကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက် ပျက်စီးစေနိုင်သဖြင့် အဆိုပါလုပ်ရပ်အား ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်ဖော်ဖော်ဝါရီလမှစ၍ စီမံကိန်း ၁၆ လတာ ရပ်ဆိုင်းထားရကြောင်း၊ လုပ်ငန်းလည်ပတ်မှု မရှိ သော်လည်း ဝန်ထမ်းများအား အခြေခံလစာပေးနေကြောင်း စီမံကိန်းအနီးရှိ သက်ကြီးရွယ်အိုများအား ဆေးဝါးအကူအညီနှင့် ကလေးများအတွက်ပညာသင်ဆုများ ဆက်လက်ထောက်ပံ့ပေးနေကြောင်းလည်း ဆိုသည်။

မြန်မာဝန်ထမ်းအချို့ သတ္ထုတွင်းဧရိယာအတွင်းနေထိုင်ပြီး အလုပ်လုပ်ကိုင်မှုရှိကြောင်း၊ ၎င်းတို့ဝင်ငွေ ဆုံးရှုံးလျှင် လူမှုရေးစီးပွားရေးအ ကျပ်အတည်းဖြစ်နိုင်ပြီး လျှပ်စစ်တာဝါ တိုင်ပျက်စီးမှုကြောင့် အနီးရှိ ဒေသတစ်ခုလုံး လျှပ်စစ်ပြတ်တောက်နိုင်ကြောင်းဆိုသည်။

၎င်းတို့ကုမ္ပဏီသည် မြန်မာဝန်ထမ်း ၇,၀၀၀နှင့် စီမံကိန်းဒေသအနီးနားဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် “လူသာလျှင်အဓိက” “အတူတကွဖွံ့ဖြိုးတိုးတက်ရေး” မူများအား ဆက်လက်မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စီမံကိန်းအနေဖြင့် လတ်တလောပဋိပက္ခဖြစ်စဉ်တွင် ပါဝင်လိုခြင်းမရှိကြောင်း အပြစ်မဲ့ပြည်သူများနှင့် ကျေးရွာများထိခိုက်မှုမဖြစ်စေရန်အ တွက် ၎င်းတို့ဆန္ဒကိုဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင် လက် နက်မဲ့အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းဝန်ထမ်းများ၏ အသက်အန္တရာယ်ကင်းရှင်းခွင့်၊ အသက်မွေး ဝမ်းကျောင်းပြုပိုင်ခွင့် လွတ်လပ်စွာရွေးချယ်ခွင့်များအား လေးစားပေးရန်တိုက်တွန်းကြောင်း ဆိုထား သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ပြီး ကြေးနီထုတ်လုပ်သဖြင့် ဉီးပိုင် ကုမ္ပဏီမှဝင်ငွေများရရှိပြီး ထိုဝင်ငွေများမှ ပြည်သူများအားသတ်ဖြတ်ရန် ကျည်ဆံများဖြစ်ကုန်သဖြင့် ၎င်း တို့၏ဒေသဖွံ့ဖြိုးရေးသည် မေးခွန်းထုတ်စရာများရှိကြောင်း အမိမြေတော်လှန်ရေးအဖွဲ့မှ ပြောသည်။

လျှပ်စစ်မီးတာဝါတိုက်ဖျက်ဆီးမှုတွင် အနီးနားရှိဒေသများ၌လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိဘဲ ကုမ္ပဏီလုပ်ငန်းထဲသို့သွားသော ဓါတ်အားလိုင်းကိုသာ ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယခင်က ဝန်ထမ်း ၇,၀၀၀ ဝန်းကျင်ရှိသည်မှာမှန်သော်လည်း စစ်ကောင်စီမှတိုင်းပြည်အာဏာလုပြီး နောက် CDM နှင့်အလုပ်ထွက်ကြသော ကြောင့် အလုပ်သမားအင်အားရာဂဏန်းအနည်းငယ်သာရှိ ကြောင်းလည်း ဆိုသည်။

စီမံကိန်းအနီးရှိကျေးရွာများအား စစ်ကောင်စီတပ်မှမီးရှို့လူသတ်ပြုလုပ်နေရသဖြင့် ထွက်ပြေးတိမ်းရှောင် နေရချိန်တွင် အဆိုပါရွာများမှ လူအချို့သည် ၎င်းတို့ကျေးရွာမှ မိသားစုများ စစ်ဘေးဒုက္ခကျရောက်နေ သည်ကိုလျစ်လျူရှုပြီး ဉီးပိုင်ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေခြင်းသည် ရှက်ဖွယ်သောလုပ်ရပ်သာဖြစ် ကြောင်း ပြောဆိုသည်။

အလုပ်သမားများအနေဖြင့် အလုပ်သမားများအခွင့်အရေး ၊ လွတ်လပ်စွာအသက်မွေးဝမ်းကြောင်းပြုနိုင် သော အခွင့်အရေးများရှိသည်မှာ မှန်ကန်သော်လည်း စစ်ခွေးအနီးနားတွင်နေထိုင်ခြင်းကြောင့် ထိခိုက်မှု အတွက် အာမခံမည်မဟုတ်ဘဲ ကိုယ့်တာဝန်ကိုယ်ယူကြရမည်ဖြစ် ကြောင်းဆိုထားသည်။

မိဘပြည်သူများအား ထပ်မံသတိပေးလိုသည်မှာ စစ်ကောင်စီ(စစ်ခွေး)များနှင့် ဝေးဝေးနေကြရန် မေတ္တာ ရပ်ခံလိုကြောင်း၊ ၎င်းတို့အနေဖြင့် လိုအပ်ချက်အရ ထပ်မံတိုက်ခိုက်မှုများပြုလုပ်သွားမည်ဆိုပါက ပြည်သူ မထိခိုက်စေရန်ဉီးစားပေးမည်ဖြစ်သော်လည်း ထိခိုက်မှုရှိခဲ့ပါက မိမိတို့၏ရွေးချယ်မှုသာဖြစ်ကြောင်း ရဲဘော်မင်းကိုက ပြောကြားထားသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကြေးနီစီမံကိန်းများပြန်လည်လုပ်ကိုင်ရန် ဆောင်ရွက်သည့်လုပ်ရပ်များ ကိုလုပ်ကိုင်ပါက မည့်သည့်အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်များကိုမဆို တိုက်ခိုက်ရှင်းလင်းဖယ်ရှား၍ အဆိုပါ စီမံကိန်းကိုတိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဒေသတွင်းရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ mizzima

ပဲခူး၊ သာယာဝတီမြို့ပေါ်တွင် ညကင်းစောင့် စစ်သားအချင်းချင်း ပစ်ခတ် မှု ဖြစ်ပြီး တပ် သားဇင်ကို လည်ပင်းကျည်ဖောက်ဒဏ်ရာဖြင့် ဆေးရုံတင်ထားရ

ပဲခူးတိုင်း သာယာဝတီမြို့ပေါ် ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အထက ၁ ကျောင်း လမ်းဆုံတွင် ယမန်နေ့ ညပိုင်း စစ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ် ပွား ပြီး တပ်သား ဇင်ကို ဆိုသူ အပြင်းအထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရ ကြောင်း သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်အချိန် ညကင်း စောင့်နေသည့် တပ် မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်မှ တပ်ကြပ်ကိုနိုင်နှင့် တပ် သား ဇင်ကိုတို့ စကားများ ရန်ဖြစ်ရာမှ သေနတ်ဖြင့် အချင်းချင်း ပစ်ခတ်ခဲ့သော ကြောင့် တပ် သား ဇင်ကို စိုးရိမ် ဒဏ်ရာဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံ ပြည်သူ များ ထံမှ သိရသည်။

တပ်ကြပ် ကိုနိုင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရသော တပ်သား ဇင် ကို သည် လည်ပင်းကို ကျည်ဖောက် ထိမှန်ကာ စိုးရိမ်ဒဏ်ရာများဖြင့် ဆေးရုံသို့ တင်ထားရကြောင်း ၊စစ်သားအချင်းချင်း ပစ်ခတ်ခဲ့သော တပ်ကြပ် ကိုနိုင်ကိုမူ အရေးယူမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေ သခံများထံမှ သိရှိရသည်။ khit thit

ထီးလင်းမြို့၌ စစ်တပ်နှင့်ရဲ အချင်းများသည့်ဖြစ်စဉ်အတွင်း ရဲမှူးဓားထိုးခံရ ပြည်သူ ၃ ဦးသေဆုံး

မကွေးတိုင်း ထီးလင်းမြို့ပေါ်တွင် ဇွန်လ ၂၆ရက်နေ့ ညနေ ၅နာရီဝန်းကျင်ခန့်က စစ်တပ်နှင့်မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များ သောက်စားမူးယစ်ပြီးအ ချင်းချင်းစကားများကြရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြရာ မြို့ပေါ်ရှိပြည်သူ သုံးဦးခန့်သေဆုံးပြီး တစ်ဦးမှာအ ပြင်းအထန် ဒဏ်ရာရရှိသည်ဟု YDF Battalion-15 (Shwe Som Nyo) အဖွဲ့မှ ထုတ်ပြန်ထားရှိသည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါစစ်ကောင်စီတပ်များနှင့် ရဲများအချင်းများသည့် ဖြစ်စဉ်တွင် ဝင်ရောက်ဖြန်ဖြေသည့် ထီးလင်းမြို့နယ်ရဲမှူးမှာ ဓားထိုးခံခဲ့ရကြောင်းလည်း သိရသည်။

”ထီးလင်းမြို့နယ်ထဲမှာရှိတဲ့ ဆေးမင်းတောကနေ ပြောင်းလာတဲ့ ရဲတွေနှင့်စစ်ကောင်စီတပ်တွေ မြို့ပေါ်မှာအချင်းများပြီး ပစ်ခတ်မှုဖြစ်တော့ ရဲတွေက ထွက်ပြေးကြတယ်။အဲဒီဖြစ်စဉ်မှာ ဝင်ရောက်ဖြန်ဖြေတဲ့ ထီးလင်းမြို့နယ်ရဲမှူးက ဓားထိုးခံလိုက်ရတယ်။အသေးစိတ်ကိုတော့ မသိရသေးဘူး၊စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီးတော့ ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ် “ဟု မြေပြင်ရှိသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၈ရက်ကလည်း ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းကို PDF များ စီးနင်းတိုက်ခိုက်စဉ် စခန်းမှူး အောင်ကျော်စိန် သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်ချ အညံ့ခံ ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ mizzima

ကေအိုင်အေစိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်းဘုတ်များကို စစ်ကောင်စီဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ  ကေအိုင်အေ စိုက်ထူထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်တွေကို ဇွန် ၂၇ ရက် မနက်အ‌စောပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဖျက်ဆီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆိုင်းတောင်ကျေးရွာအဝင်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ချိုးဖဲ့ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက “စစ်သား‌တွေ ရဲတွေ အယောက် ၃၀ လောက်ရှိမယ်။ အဲ့ဒီဆိုင်းဘုတ်တွေကို ရိုက်ချိုး ဖျက်ဆီးသွားတယ်”လို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်ကို ဇွန် ၂၅ ရက်နေ့က စိုက်ထူထားတာဖြစ်ပြီး မှော်စီးဇာ၊ မဇွတ်ယန်ရွာနဲ့ လုံးခင်းကျေးရွာ‌တွေမှာစိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်လို့ ကျေးရွာဒေသခံတွေက‌ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဘာကြောင့်အခုလို  ဆိုင်းဘုတ်တွေ ဖျက်ဆီးခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးပွဲ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။ DVB

“ဗုံးသံ ကျည်ဆန်များကြားမှ ပန်းကလေးများဆီသို့”ဆိုသည့် သိန်း ၂၀ ကမ်ပိန်းကို ကွန်ပျုတာတက္ကသိူလ်ကျောင်းသားသမဂ္ဂများကွန် ရက်မှ ပြုလုပ်

ကရင်နီဒေသမှ စစ်ဘေးရှောင် ကျောင်းသား/သူများ လိုအပ်သည့် သင်ထောက်ကူများကို လုံလုံလောက်လောက်ရရှိပြီး ပညာသင်ကြားရေးကို ပိုမိုဆောင်ရွက်နိုင်စေရန် ” ဗုံးသံ ကျည်ဆန်များကြားမှ ပန်းကလေးများဆီသို့”ဆိုသည့် သိန်း ၂၀ ကမ်ပိန်းကို ကွန်ပျုတာတက္ကသိူလ်ကျောင်း သားသမဂ္ဂများကွန်ရက်မှ ဇွန်လ ၂၄ ရက်မှ စတင်ကာ ပြုလုပ်နေသည်ဟု သိရသည်။

“အခုပို့မယ့်နေရာက ကျောင်းသား/သူ ရာဂဏန်းရှိတဲ့ ကျောင်းတစ်ကျောင်းဖြစ်တာကြောင့် လိုအပ်ချက်တွေကလည်း များလျက်ရှိပါတယ်။ ကျွန်တော်တို့ရည်မှန်းတဲ့ ပမာဏသာရရှိခဲ့ပါက ပညာသင်ကြာရေးအတွက် အခြားအထောက်အကူပြုပစ္စည်းများလည်း ပံ့ပိုးကူညီချင်လို့ပါဗျ။ ဧပြီနဲ့ မေတုန်းကလည်း ကရင်နီဘက်ကို ပို့ထားပါသေးတယ်၊ မပြည့်မီမချင်း မိဘပြည်သူတို့ထံ သတင်းစကားပါးပြီး အကူညီတောင်းခံပြီး ကြိုးစားသွားပါမယ်ခင်ဗျ” ဟု ကွန်ပျုတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရည်မှန်းထားသည့် ပမာဏဖြစ်သည့် သိန်း ၂၀ ကမ်ပိန်းတွင် ပါဝင်လှူဒါန်းရန် အခြေခံ သင်ထောက်ကူပစ္စည်းများ၏ တန်ဖိုးမှာ စာအုပ် တစ်ဒါ ဇင် ၆,၀၀၀ ကျပ်၊ ဘောပင် တစ်ဗူး ၃,၅၀၀ ကျပ်၊ ခဲတံ တစ်ဗူး ၅,၀၀၀ ကျပ်၊ ပေတံ ၁၀ ချောင်း ၂,၀၀၀ ကျပ်၊ ခဲဖျက် ၁၀ တုံး ၂,၀၀၀ကျပ်တို့အပြင် ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂများကွန်ရက်မှ စီစဉ်ပြုစုထားသော DIY Course Book(Do It Yourself )ဆိုသည့်အတိုင်း ကလေးများကိုယ်တိုင် ပြုလုပ်နိုင်မယ့် project လေးများ ပါဝင်သော လက်စွဲ စာအုပ်ငယ်လေးများ) ကိုပါ တစ်အုပ် ၁၅,၀၀၀ ဖြင့် အလျဉ်းသင့်သလို ပါဝင်ကူညီနိုင်ရန် နည်းလမ်းများကိုလည်း ကြေညာပေးသွားမည်ဟု ဆိုသည်။

” ပန်းကလေးများဆီသို့ ” ဆိုသည်မှာ စစ်ဘေးရှောင်စခန်းများရှိ ကလေးသူငယ်များ၊ ကျောင်းသား/သူများအား တိုးတက်လာသည့် နည်းပညာခေတ်နှင့် အညီ သက်ဆိုင်ရာ အခြေခံနည်းပညာ ဘာသာရပ်များ၊ ဗဟုသုတများအား အခြေခံ၍ကျောင်းသား/သူများ သိရှိနိုင်ရန် ရည်ရွယ်ပြီး ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂများကွန်ရက်မှ ပညာမျှဝေမှုများ၊ သင်ထောက်ကူ ပစ္စည်း ထောက်ပံ့မှုများ ဆောင်ရွက်ပေးနေသည့် အစီအစဉ် ဖြစ်သည်။

ပါဝင်လှူဒါန်းသူများအနေဖြင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂများကွန်ရက်၏ Page messenger link ( m.me/CUSUNetwork) မှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ထို့အပြင် မသိမဖြစ် သိထားသင့်သော STEM( Science, Technology, Engineering, Mathematics) educationနှင့် ITနည်းပညာများအား ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အကျိုးရှိရှိ အသုံးပြုနိုင်ရန်တို့ကို ဦးတည်ပြီး လက်ရှိအခြေအနေအတိုင်းအတာတွင် ပညာရေးလေ့လာမှု စဉ်ဆက်မပြတ်ရေး ဆောင်ရွက်မှုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။ mizzima

စစ်တက္ကသိုလ်ဝင်ခွင့် အသက်ကန့်သတ်ချက် တိုးမြှင့်

စစ်တက္ကသိုလ်တွေရဲ့ ဗိုလ်လောင်းဝင်ခွင့်တွေအတွက် အသက်ကန့်သတ်ချက်ကို ထပ်တိုးပေးလိုက်တယ်လို့  စစ်ကောင်စီပြန်ကြားရေးလက် အောက်ခံ သတင်းစဉ်မှာ ဒီကနေ့ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နဲ့ တပ်မတော် ဆေးတက္ကသိုလ် (အမျိုးသမီး)ဗိုလ်လောင်းဝင်ခွင့်တွေကို မိဘပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြင်ဆင်တိုးပေးတာလို့လည်း ဖော်ပြထားပါတယ်။

ဒီတက္ကသိုလ်ဝင်ခွင့်အတွက် အသက်သတ်မှတ်ချက်အနေနဲ့ အရင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၆ နှစ်ထက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရလို့ သတ်မှတ်ထားခဲ့ပြီး အခုပြင်ဆင်လိုက်တာက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၈ နှစ် ၆ လထက် မကြီးရလို့ အသတ်ကန့်သတ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းအောင်တဲ့သူတွေကိုခေါ်ယူနေတာဖြစ်လို့ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားပြီး အောင်မြင်သူကျောင်းသားတွေရဲ့ အသက်ကြီးနေတာကြောင့်အခုလို လုပ်ဆောင်တာလို့ မြင်သူတွေလည်းရှိသလို လျှောက်ထားသူနည်းပါးလို့ အသက်ကန့်သတ်ချက်ကို ဖြေ လျှော့လိုက်တာလို့ မြင်သူတွေလည်းရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း ဗိုလ်လောင်းလျှောက်လွှာတွေခေါ်ယူရာမှာ လျှောက်ထားသူနည်းလို့ သတ်မှတ်နောက်ဆုံးရက်ကို  ၂ ကြိမ်ပြင်ဆင် နောက် ဆုတ်ခဲ့ရပါသေးတယ်။

စစ်တပ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးချိန်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတက်ဖို့ ခေါ်ယူလေ့ရှိတာပါ။

ဒီနှစ်အတွက်မှာတော့ လျှောက်လွှာတွေကို လာမယ့် ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာထုတ်ယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တွေဆီကို ပြန်ပေးရမှာဖြစ်ပါတယ်။ DVB

လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်နှင့် က ရင်နီတပ်ဖွဲ့များ စစ်ရေးတင်းမာနေ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ပြီးခဲ့ရက်ပိုင်းကစ စစ်ရေးတင်းမာနေပြီး ဇွန် ၂၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က လွိုင်လင်လေးဘက်ကို စစ်ကြောင်းထိုးလာတာ နှစ်ရက်ရှိပြီ။ ပြီးခဲ့တဲ့ရက်ကတော့ လက်နက်ကြီး နှစ်ချက် သုံးချက်နဲ့ လက်နက် ငယ်အသံအနည်းငယ်ထွက်တယ်၊ ဒီကနေ့တော့ လက် နက်ကြီးငယ် ပစ်ခတ်သံကြားတာ ပိုများတယ” လို့ ဒေသခံတဦးက ပြောပါတယ်။

လွိုင်လင်လေးမြို့ဘက်ကို စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးတာဟာ စစ်ကောင်စီလက် အောက်ခံ လွိုင်လင်လေး အခြေခံပညာအထက်တန်းကျောင်းက Non CDM ဆရာ/ဆရာမ ၆ ဦးကို ဇွန် ၂၄ ရက်နေ့က ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေတပ် (KNDF) တပ်ရင်း- (၁၂) တို့ ပူးပေါင်းပြီး ဖမ်းဆီးစစ်ဆေးနေတာကြောင့် ​ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“လွိုင်လင်လေး အ.ထ.က ကျောင်းက Non CDM ဆရာ/ဆရာမ (၆)ယောက်ကို KSPနဲ့ KNDFက ဖမ်းဆီးစစ်ဆေးနေတာရှိတယ်။ KSP ကလည်း သူတို့ ခေါ်ယူစစ်ဆေးနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်က လွိုင်လင်လေးဘက်ကို စစ်ကြောင်းထိုးလာတာပြီး ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြဆရာမ ဒေါ် ခင်သန်း၊ ဒေါ်စုလေးငယ်၊ ဒေါ်မြထွေး၊ မူလတန်းပြဆရာ ဦးအောင်ဇော်ထွေး၊ ဦးကောင်းဇေယျာငြိမ်းနဲ့ ဦးအောင်ဇော်ထွေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လွိုင်လင်လေးမြို့ဟာ လွိုင်ကော်- ဆီဆိုင်- တောင်ကြီးသွားကားလမ်းမကြီး နံဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်ရင်း ၁ ရင်းရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေက လွိုင်လင်လေးမြို့ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံး အားလုံးပိတ်သိမ်းထားရပါတယ်။

လွိုင်လင်လေးမြို့မှာ ကရင်နီတပ်မတော် KA၊ KNDF နဲ့ PDF တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားနေပါတယ်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းက မြို့ပေါ်မှာသာ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးကျောင်းတချို့ ဖွင့်လှစ်နိုင်ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာတော့ တက်ရောက်တဲ့ ကျောင်းသူ/သားဟာ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေထက် ပိုမိုများပြားနေပါတယ်။ DVB

မြစ်သား၊ မြင်းခြံ၊ ကြို့ပင်ကောက်နှင့် မြင်းမူတို့တွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေး မှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီများ အပါအ ဝင် ၁၀ ဦး ပစ်ခတ် ခံရ ပြီး သေ ဆုံး

မြစ်သားမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကြို့ပင်ကောက်နှင့် မြင်းမူမြို့နယ်တို့တွင် စစ် ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ရပ်ကျေးဥက္ကဋ္ဌ၊ ပျူစောထီးအပါအဝင် ၁၀ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများနှင့် ဒေသ ကာကွယ် ရေး တပ်များထံမှ သိရှိရသည်။

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့၊ ဆည်ရွာ အမှတ် (၂)ရပ်ကွက်နေ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တင်ထွန်းနိုင် (ခ) ဗိုက်ကားကို ဇွန်လ ၂၄ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်အချိန်တွင် သေမင်းတမန် ဒလန် ရှင်းလင်း ရေးအထူးပြောက်ကြားတပ်ဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ပါသည်။

တင်ထွန်းနိုင်ကို ယခင်က ပျောက်ကြားတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ သော် လည်း အသက်မသေသောကြောင့် စစ်ကောင်စီထံမှ ရဲဗလ ဘွဲ့ တံဆိပ်နှင့် ငွေသား ၁၀ သိန်းကျပ် ပေးအပ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း၊ ဘွဲ့ ရရှိပြီးနောက် ပိုင်းတွင် စစ်ကောင်စီက ပေးအပ်သောတာဝန်များကို ဆထက်တပိုးထမ်း ဆောင် ပေးကာ ပြည်သူများထံမှ မတရား အဓမ္ မ‌တောင်းယူလေ့ရှိသော ပျူစောထီး အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ ပထမအကြိမ် ပစ်ခတ်ခံရပြီး နောက် ပိုင်းတွင် ထိုသူသည် ၎င်း လုံခြုံရေးအတွက် ရွာသူရွာသားများထံမှ မတရား သဖြင့် ငွေကြေးများ ကောက်ယူပြီး ‌ကင်းစောင့်များထားကာ အကာအကွယ် များယူခြင်း၊ ပတ်ဝန်းကျင်နေပြည်သူများအားလည်း ခြိမ်းခြောက်ခြင်း အစရှိ သည့် မတရားမှုများကို အကြိမ်ကြိမ် ကျူးလွန်နေပါသောကြောင့် ပစ်ခတ်ရှင်း လင်းခြင်းဖြစ်ကြောင်း သေမင်းတမန် ဒလန်ရှင်းလင်းရေး အထူးပြောက်ကြား တပ်ဖွဲ့က ပြောဆိုသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဇလပ်ကုန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိုးနှင့်ဇနီး၊ ပျူစောထီး ဇင်မင်းထွန်းတို့ ၃ ဦးကို ဇွန်လ ၂၅ ရက်နေ့ ညပိုင်းက သုတ်သင် ရှင်းလင်းခဲ့ကြောင်း People Defense Force – Mandalay (MDY-PDF) က ပြောသည်။

ဇွန်လ၂၅ ရက်နေ့ ညပိုင်းက မြင်းခြံမြို့နယ် ဇလပ်ကုန်းရွာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးတို့ လင်မယားနှင့် ပျူစောထီး ဇင်မင်းထွန်းတို့ကို MDY-PDF၊ MYAUNG FIGHTER DEFENSE FORCE ၊ MOBILE DEFENSE FORCE နှင့် 27 REVOLUTION FORCE တို့ဖြင့် ပူးပေါင်း ရှင်းလင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာမှ ရာအိမ်မှူး လှကြည်၊ ဇနီး‌ စန်းမြင့်၊ အပေါင်း အပါ ဝင်းမြင့်၊ ခင်ဇော်တို့ကို ကြို့ပင်ကောက် PDF က ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါ ၄ ဦးသည် ကျေးရွာနေ ပြည်သူလူထုအပေါ် မောက်မာ ရိုင်းစိုင်းစွာ ဖြင့် ဖိနှိပ်အုပ်ချုပ်နေခြင်း၊ PDF များနှင့် ဆက်သွယ်များကို ဒုက္ခပေးခြင်း၊ PDF သတင်း များကို ထောက်လှမ်း၍ စစ်ကောင်စီထံ ပေးပို့သဖြင့် ရှင်းလင်း ဖြစ် သည်ဟု ကြို့ပင်ကောက် PDF က ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာတွင် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်အချိန် ကံဖျားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း အောင်ခိုင်နှင့် ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌအေးမာကြူ တို့ကို PAFD က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။ းတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာတွင် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်အချိန် ကံဖျားကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း အောင်ခိုင်နှင့် ကျေးရွာ ကြံ့ဖွတ် ဥက္ကဋ္ဌအေးမာကြူ တို့ကို PAFD က ပစ် ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ ကံဖျားကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း အောင်ခိုင် (၄၃) နှစ်နဲ့ ရပ်ကျေး ကြံ့ဖွတ်ဥက္ကဌ အေးမာကြူ (၄၀) နှစ်တို့ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီသတင်းပေးဟု စွပ်စွဲကာ သတ်ဖြတ်ခံရသူများသည် အမှန်တကယ် သတင်းပေးဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အ တည် ပြုနိုင်ခြင်း မရှိပေ။ khit thit

« Older Entries