ချောင်းဦး၊ ယာကြီးတောကျေးရွာကို စစ်တပ်နှင့်ပျူစောထီးများက ၅ ကြိမ် မြောက် မီးရှို့ဖျက်ဆီးပြန်၊ စုစုပေါင်း အိမ်ခြေ ၆၀ မီးလောင်ကျွမ်းပြာကျ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ယာကြီးတောကျေးရွာကို စစ်တပ်နှင့် ပျူစော ထီး များ က ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီး ကြောင်း ချောင်းဦးဆရာတော် ဦးနန္ဒက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ မိန့်ကြားသည်။
ဇွန်လ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် ချောင်းဦးမြို့နယ် ၊ ကံကြီးကျေးရွာမှ ပျူစောထီးများနှင့်စစ်တပ် အင်အား ၃၀ ဝန်းကျင်ဖြင့် ယာကြီးတောကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ယခု မီးရှို့မှုသည် ၅ ကြိမ်မြောက် မီးရှို့မှုဖြစ်ပြီး ၅ ကြိမ်အတွင်း စုစုပေါင်း အိမ်ခြေ ၆၀ နီးပါး ပြာကျခဲ့ကြောင်း ၊ ယနေ့ မီးရှို့မှုတွင် အိမ်ခြေ ၂၀ ကျော် မီးထဲပါသွားကြောင်း သိရှိရသည်။
“အရင်ရှို့ပီးသားတွေရော ဒီနေ့ပါ အပါဆိုရင် အိမ်ခြေ ၆၀ လောက် မီးထဲပါသွားတာ။ လာ ရှို့တာ က ကံကြီးကုန်းပျူစောထီးနဲ့စစ်သားတွေပါ။ အခုက ၅ ကြိမ်မြောက် လာရှို့တာ။ အင်အား၃၀လောက်ပါတယ်။ ဒီမနက်ခင်းက၉နာရီလောက်က အရှို့ခံရတာ” ဟု ချောင်းဦးဆရာတော် ဦးနန္ဒက မိန့်ကြားသည်။
ချောင်းဦးဒေသခံတချို့၏ အဆိုအရ ယာတောကြီးကျေးရွာမှ ပြည်သူများမှာ စတင် စစ်ဘေးရှောင်ကတည်းက ယခုအချိန်အထိ အိမ်မပြန်နိုင်ကြဘဲ ထွက်ပြေး နေရဆဲဖြစ်ကြောင်း၊ စစ်တပ်နှင့်ပျူစောထီးများက အနီးအနား ကံကြီးကုန်းကျေးရွာတွင် အခြေချ တပ်စွဲထားသည့်အတွက် ရွာပြန်လာသူ များကို ဖမ်းဆီး သတ်ဖြတ်မှုများ ရှိမည်ကို စိုးရိမ်၍ မည်သူမှ ရွာနား ပြန် မကပ်ရဲ ကြဖြစ်နေရသည်ဟု ဆိုသည်။ khit thit