တော်လှန်ရေးသမားများကို မှားယွင်းဖမ်းဆီးမှုများ မဖြစ်ပေါ်စေရန် ပြည်သူလူထု အနေဖြင့် သတိထားသင့်ဟု တော်လှန်ရေးအဖွဲ့များက ဆို

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မျိုးမဖြစ်စေရန်နှင့် မှားယွင်းဖမ်းဆီးမှုများမဖြစ်ပေါ်စေရန် ပြည်သူလူထုအနေဖြင့် ပိုမိုသတိထားသင့်ကြောင်း တော်လှန်ရေးအဖွဲ့များက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ၂၆ရက်နေ့ ညနေပိုင်းက ယုဇနဥယျာဉ်မြို့တော်တွင် မြေအောက် တော်လှန်ရေးပြုလုပ်နေသည့် လူငယ်တချို့ လက်လုပ်မိုင်းစမ်းသပ်ရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၍ နှစ်ဦးဖမ်းဆီးခံခဲ့ရသည်။

“မိုင်းစမ်းရင်းကွဲသွားတယ်။ တိုက်ပေါ်ကနေ နှစ်ယောက်ခုန်ချတယ်။ ပထမဦးဆုံး တစ်ယောက်မိတယ် ။ နောက်တစ်ယောက် ထပ်မိတယ်။ မိသွားတဲ့ချိန်မှာ သူတို့က ကျွန်တော်တို့ကို သတ်လိုက်ပါလို့ပြောတယ်။ ခင်ဗျားသာ အဲဒီနေရာမှာဆိုရင် ဒီလိုပဲပြောမှာပဲ” တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မြေအောက်တော်လှန်ရေးအဖွဲ့များ ၏ပြောပြချက်အရ ပေါက်ကွဲပြီးချိန်တွင် တစ်ဦး သေဆုံးသွားသော်လည်း ကျန်နှစ်ဦးမှ တိုက်ပေါ်မှခုန်ချခဲ့ရာတွင် လူအချို့မှ သူခိုး ဟုအော်ဟစ်ခဲ့သည့်အတွက် ရပ်ကွက်ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီး စစ်ကောင်စီမှ လာရောက်ခေါ်ယူသွားခဲ့ကြောင်း သိရသည်။

ဦးဆောင်ဖမ်းဆီးသူများထဲတွင် ရပ်ကွက်ရာအိမ်မှူးဆိုသူ အပါအဝင် လေးဦးပါဝင်ခဲ့ပြီး ၎င်းတို့၏ အချက်အလက်များကို ရရှိထားကာ ရှင်း လင်းသွားမည်ဖြစ်ကြောင်း Special Ninja Force က အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်တွင် ထောင်ဒဏ်ကျခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး လွတ်မြောက်လာသည့်သူ အများစုမှာ ခိုးဆိုးလုနှိုက်များ သာဖြစ်သည့် အတွက် လက်ရှိအချိန်တွင် ရန်ကုန် အပါအဝင် မြို့အတော်များများတွင် ဒုစရိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေပြီး ပြည်သူလူထုမှာ ကျီးလန့် စာစားဘဝနှင့်နေထိုင်ရလျက်ရှိနေသည်။

လူငယ်များသည်လည်း စစ်ကောင်စီ၏ မတရားအာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒထုတ်ဖော်ခြင်း များဆက်လက် ပြုလုပ်နေပြီး မြေပေါ်မြေအောက် တော်လှန်ရေး လုပ်ငန်းများရှိနေသည့် မြို့ကြီးများတွင်လည်း စစ်ကောင်စီ၏ အရပ်ဝတ်အသွင်ယူမှု အများအပြားရှိနေကြောင်း မြေပြင်သပိတ်အဖွဲ့ဝင်များ ထံက သိရသည်။

ထိုသို့ မလုံခြုံမှုများရှိသည့်အချိန်တွင် ပြည်သူလူထုအနေဖြင့် ယခုကဲ့ဖမ်းဆီးခြင်းမျိုးမှာ ရှေ့ဆက်ဖြစ်ပွားနိုင်ချေရှိသော်လည်း ပြည်သူလူထုအနေဖြင့် သတိထား လုပ်ဆောင် သင့်ကြောင်း ရန်ကုန်တွင် စစ်ကောင်စီကို သပိတ်မှောက်တော်လှန်နေသူ ကိုရဲညီထက်က ဆိုသည်။

“ဒီကိစ္စဖြေရှင်းဖို့ဆိုရင် တော်တော်လေးကို အကြပ်အတည်းဖြစ်တဲ့ကိစ္စပဲလို့ ကျွန်တော် ကတော့ပြောချင်တယ်။၊ ရပ်ကွက်နေပြည်သူတွေရော သာမန်ပြည်သူတွေရော ဒီကိစ္စကဖြစ်သင့်၊ မဖြစ်သင့်စဉ်းစားပြီးမှပဲ လူငယ်တွေကို ကာကွယ်ပေးပါလို့ပြောချင်ပါ တယ်” ဟု ကိုရဲညီထက်က ပြောသည်။

ယခုဖြစ်စဉ်တွင် ပြည်သူလူထုအနေဖြင့် မှားယွင်းဖမ်းဆီးမိခြင်းသာဖြစ်ပြီး မြို့နေ လူထုသည် မြေပြင်သပိတ်များတွင် ပါဝင်ခြင်းမရှိသော် လည်း လူငယ်သပိတ်များတွင် ပါဝင်ကြွေးကြော်ခြင်းနှင့် အကူအညီပေးမှုများကို ကြည့်ခြင်းအားဖြင့် လူထုသည် စစ်ကောင်စီကို အာခံတော်လှန်လိုစိတ်ရှိနေဆဲဖြစ်ကြောင်း မြေပြင်တော်လှန်ရေး အဖွဲ့များက ပြောကြားသည်။

“အမှန်တိုင်းပြောရရင် လူထုမပါရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရနိုင်ဘူး။ တကယ့်ကို အကူအညီတွေ လူထုဆီကအများကြီးရတယ်” ဟု မြေအောက်တော်လှန်ရေးသမား တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်တွင် ဖြစ်ပေါ်လာသည့် လူထုဆန္ဒပြသပိတ်များကို စစ်ကောင်စီက ရက်ရက်စက်စက်ဖြိုခွင်းမှုများ ပြုလုပ်လာသဖြင့် ပြည်သူများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို‌ ရွေးချယ်ကာ စစ်ကောင်စီကို နည်းလမ်း အမျိုးမျိုးဖြင့် ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။

“ဒီနေရာက ပြောချင်တာကတော့ မြေပြင်သပိတ်ကလူတွေကိုတွေ့ရင် UG ကရဲဘော်တွေကို တွေ့ပြီဆိုရင် လုံခြုံအောင်သိမ်းဆည်းပေးထားတာမျိုး ရွှေ့ပြောင်းပေးတာမျိုး ကို ကျွန်တော်တို့ကို ကူညီပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်” ကိုရဲညီထက်က ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s