Monthly Archives: Jun 2022

မြန်မာတိုက်လေယာဉ် ထိုင်းဘက်ကို ကျူး ကျော်လာသဖြင့် ထိုင်းရွာသားများနှင့် ကျောင်း သားများ ဗုံးခိုကျင်းထဲ ဝင်ပုန်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်တွေနဲ့   KNLA၊  KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်နေရာမှာ  ဒီကနေ့ ဇွန် ၃၀ ရက်နေ့မှာတော့  မြန်မာလေတပ်က တိုက်လေယာဉ် ၁ စီး ထိုင်းဘက်ခြမ်းကို ကျော်လွန်ဝဲပျံလာတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါတိုက်လေယာဉ်ဟာ မြန်မာနယ်စပ်ကနေ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို  အကွာအဝေး ၄ ကီလို မှ ၅ ကီလိုမီတာထိ ဝင်ရောက်ဝဲပျံလာတယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။ 

တိုက်လေယာဉ်ဟာ ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု ဝေါ်လေတိုက်နယ် စာသင်ကျောင်း အဆောက်အဦီ အနောက်ဘက်ကိုပါ ဝဲပျံလာလို့  ရွာသားတွေ အထိတ်တလန့် ထွက်ပြေးပုန်း ရှောင်ကြသလို ဝေါ်လေအုပ်စုထဲက စာသင်ကျောင်း ၂ ကျောင်းကို အရေးပေါ်ပိတ်လိုက်ရတယ်လို့  ကျောင်းအုပ် ဆရာမက ပြောပါတယ်။

သူတို့ကျောင်းဟာ မြန်မာနယ်စပ်နဲ့နီးတဲ့အတွက် အရင်ကတည်းက ဗုံးခိုကျင်းတွေ ပြင်ဆင်ထားခဲ့ကြောင်း၊ ဒီကနေ့ တိုက်လေယာဉ်လာတော့ ကျောင်းသားတွေရော ရွာသားတွေပါ အဆိုပါ ဗုံးခိုကျင်းထဲဝင်ပုန်းပြီး ကျောင်းသားငယ်တွေကိုတော့ သက်ဆိုင်ရာမိဘအုပ်ထိန်းသူတွေက လာကြို ကြတယ်လို့ ဆိုပါတယ်။ 

ဝေါ်လေရွာသား ၁ ဦးကလည်း ဒီနေ့သူဟာ မြန်မာနယ်စပ်နဲ့ ၁ ကီလိုကွာဝေးတဲ့ ဆီအုန်းခြံထဲမှာ အလုပ်လုပ်နေစဉ် လေယာဉ်ပျံအသံကိုရော  ပေါက်ကွဲသံပါကြားရကြောင်း ၊ အဲဒီနောက် ခြံထဲရပ်ထားတဲ့ သူ့ရဲ့ဟိုင်းလပ်စ်ကားမှာ ဗုံးစလွှင့်စင်ရာတွေနဲ့ ပျက်စီးနေတာ တွေ့ရတယ်လို့ သ တင်းထောက်ကို ပြောပါတယ်။

အသက် ၆၀ ကျော်ရွယ် ဝေါ်လေရွာသူ ၁ ဦးကလည်း သူအဲဒီရွာမှာ နေလာတာ နှစ် ၃၀ ကျော်ပြီဖြစ်ပြီး အရင်ကလည်း ဟိုဘက်ကမ်းကတိုက်ပွဲသံတွေ ကြားနေရကြောင်း အခုခေတ်မှာတော့ လေယာဉ်ကိုပါ အသုံးပြုလာကြောင်း၊  ရွာဘက်ကို ဝဲပျံလာတာ အသံအကျယ်ပြီး ကြောက်စရာအလွန်ကောင်းတယ်လို့  သတင်းထောက်ကို ပြောသွားပါတယ်။ 

တဘက်ကမ်းကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေလည်း ထိုင်းဘက်ကိုနောက်ထပ်အများကြီး ဝင်ရောက်လာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်က တိုက်ပွဲအခြေအနေကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းလေပိုင်နက်အတွင်း ထိုင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်တစီး စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်နေပါတယ်။ DVB

အမြင်မတူသူများကို လုပ်ကြံမည့်အစီအစဉ်မရှိဟု NUG ကြေညာ

နိုင်ငံရေးအမြင်သဘောထားမတူသူတချို့ကို အသက်အန္တရာယ်ရန်ရှာရန် စာရင်းပြုစုထားခြင်းမရှိသလို အမြင်မတူကွဲပြားမှုကိုလည်း အဓမ္မနည်းဖြင့် ဖြေရှင်းမည်မဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (ဇွန် ၃၀) တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီနှင့် ၎င်း၏ လက်ပါးစေများက NUG တွင် ထိုစာရင်းပြုစုထားသယောင် သတင်းအမှား လုပ်ကြံထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အရှိန်ရလာသည့် နွေဦးတော်လှန်ရေးကို ပုံဖျက်ရန် သတင်းတု၊ သတင်းယောင်များကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေခြင်းသာဖြစ်သည်ဟု NUG က ရှင်းလင်းထားသည်။ 

ထိုကောလာဟလများမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားမဟာမိတ်ညီနောင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေး အင်အားစုများနှင့် ၎င်းတို့ကို စနစ်တကျ ထိုးနှက်နေခြင်းသာဖြစ်ကြောင်း NUG သတင်းပြန်ကြားရေးတာဝန်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

“NUG အနေနဲ့ ဒီလိုမျိုးလုပ်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ တိုက်နေတာ စနစ်ကို တိုက်နေတာ။ နောက်ပြီးတော့ ကျွန်တော်တို့ focus (ဦးတည်ချက်) က ရှင်းရှင်းလေး။ အကြမ်းဖက်စစ်ခေါင်းဆောင်၊ စစ်အာဏာရှင်ခေါင်းဆောင်တွေသာလျှင် ဘုံရန်သူဖြစ်တယ်။ လူပုဂ္ဂိုလ်တွေကို စာရင်းပြုစုပြီး ကျွန်တော်တို့ ရန်ရှာနေစရာ အကြောင်းမရှိဘူး” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် နှစ်တွင် လူပုဂ္ဂိုလ်အချို့က ၎င်းတို့ကို NUG က လုပ်ကြံသတ်ဖြတ်မည့်စာရင်းတွင် ထည့်သွင်းထားသည်ဆိုကာ နိုင်ငံတကာသံတမန်များထံ စာပို့ခဲ့သဖြင့် ရှင်းလင်းခဲ့ရဖူးကြောင်း၊ ယခုနှစ်အတွင်းလည်း အလားတူပင် လူပုဂ္ဂိုလ် ၁၀၀ ကျော်ကို သတ်ဖြတ်ရန် NUG က စာရင်းပြုစုထားသည်ဆိုသော သတင်းမှားများ ထွက်နေကြောင်း  ဦးနေဘုန်းလတ်က ပြောသည်။

NUG ၏ မူဝါဒမှာ  မတူကွဲပြားမှုများကို အဓမ္မနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သည့် လုပ်ရပ်ကို ရှုတ်ချရေး၊ ကျူးလွန်သူများကို  တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်ရန် တွန်းအားပေးရေးသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

NUG ၏ ထုတ်ပြန်ချက်တွင်လည်း လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်းကာ မလုံခြုံမှုများဖြစ်စေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်များကိုသာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားလုံခြုံရေးအတွက် ဘုံရန်သူအဖြစ် သတ်မှတ်၍ အမြစ်ပြတ်တွန်းလှန်သွားမည်ဟု ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လုပ်ကိုင်ခဲ့ကြသည့် ဦးအောင်နိုင်ဦး၊ ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦးတို့က ၎င်းတို့ကို လုပ်ကြံသတ်ဖြတ်ရန် NUGက စာရင်းသွင်းထားသည်ဟုဆိုကာ ယမန်နှစ် နိုဝင်ဘာလအတွင်းတွင် နိုင်ငံတကာသံတမန်များထံ စာပို့ အကြောင်းကြားထားသည်ဟု သိရကြောင်း  ဧရာဝတီသတင်းဌာနက ရေးသားဖူးသည်။

၎င်းတို့ ၃ ဦးအပြင် စစ်ကောင်စီကို ထောက်ခံသူ သို့မဟုတ်  ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမားများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များလည်း ခြိမ်းခြောက်မှုခံနေရကြောင်း ထိုစာတွင် ရေးသားထားသည်ဟု ထိုသတင်းက ဆိုသည်။

ထိုစဉ်ကတည်းက နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မောင်အောင်နှင့် ဝန်ကြီး ဒေါက်တာ ဆာဆာတို့က  NUGတွင် လုပ်ကြံစာရင်းမရှိကြောင်း ပြန်လည် ရှင်းလင်းခဲ့ရသည်၊ ယခုတစ်ကြိမ်တွင်မူ မီဒီယာလောကသားများ၊ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများအပါဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၁၀၀ ခန့်ကို လုပ်ကြံရန် CRPHနှင့် ပူးတွဲအစည်းဝေးက တိုက်ရိုက်ဆုံးဖြတ်လိုက်သည်ဟု ဆိုကာ ယခုရက်ပိုင်းအတွင်း ထပ်မံ ဖြန့်ဝေလျက်ရှိသည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တချို့တွေက ပုံဖျက်တဲ့ကိစ္စမှာ သံသယပုံစံမျိုးလေးတွေဖြစ်လာတာတွေ့ရတယ်။ NUGအနေနဲ့ ဒါမျိုးလုပ်မှာ မဟုတ်ဘူး။ နောက်တစ်ခု စိုးရိမ်တာက ဒီလိုမျိုးကိုယ်နဲ့ အမြင်မတူသူတွေအပေါ်မှာ လုပ်ကြံသတ်ဖြတ်တဲ့ကိစ္စမျိုးတွေကို ရှေ့အဆက်ဆက်မှာ ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာ ထင်ရှားတာပဲလေ”ဟု ဦးနေဘုန်းလတ်က ပြောသည်။

“ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီး သတင်းအတု၊ သတင်းအယောင်ဖြန့်တာတင်မကဘဲနဲ့ ဒီထက်ပိုပြီး NUGနဲ့ တော်လှန်ရေးကို ပုံဖျက်ချင်တာနဲ့ ဒီထက်ပိုတဲ့လုပ်ရပ်တွေ အရင်တုန်းက အစည်းအဝေးတွေလုပ်ပြီး အခုတကယ်လုပ်ပါပြီဆိုတဲ့ အဆင့်မျိုးတွေအထိ တက်လာမှာ စိုးရိမ်တယ်” 

အရပ်သား အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် တစ်နှစ်ကျော်အတွင်း ၎င်းတို့ကို ဆန့်ကျင်သူများ ကို ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့်ပစ်၊ ဖမ်းဆီးနေသလို စစ်ကြောရေးတွင် နှိပ်စက်သတ်ဖြတ်ပြီး အလောင်းပင် ပြန်မရသည့် ဖြစ်စဉ်များရှိနေသည်။

ယင်းကို ခုခံရန် နိုင်ငံအနှံ့ ဒေသအလိုက် တော်လှန်ရေး အဖွဲ့များ ပေါ်ပေါက်လာနေပြီး စစ်ကောင်စီ ပစ်မှတ်များ သည်လည်း နေ့စဉ်နှင့် အမျှ တိုက်ခိုက်ခံနေရသည်။ myanmar now

စစ်ကောင်စီတပ် အကျအဆုံးများပြီး နယ်မြေစိုးမိုးရေး ရုန်းကန်နေရ၊ ပြည်သူများ တော်လှန် ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဟာ  တောင်ပေါ်နဲ့ မြေပြန့်ဒေသ မြန်မာနိုင်ငံတဝန်းမှာ တပ်တွေစေလွှတ်တိုက်ခိုက်ရတဲ့ စစ်မျက်နှာတွေ ပိုများလာတဲ့အတွက် နယ်မြေစိုးမိုးဖို့ အပြင်းအထန် ရုန်းကန်နေရပြီး စစ်အာဏာရှင်ပြုတ်ကျရေး တိုင်းရင်းသားအားလုံးနဲ့ ပြည်သူတွေ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးသမားတွေက တိုက်တွန်းလိုက်ပါတယ်။

လက်ရှိ တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တွေမှာ စစ်မျက်နှာတွေ ဖွင့်ထားရသလို  အညာဒေသ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့မှာလည်း PDF တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်နေပြီး တိုက်ပွဲတိုင်းမှာလည်း စစ်ကောင်စီတပ်တွေ အကျအဆုံးများနေပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ခွင် ခိုလှုံဝင်ရောက်လာတဲ့  အရာရှိ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း သောင်းချီရှိလာနေပြီဖြစ်ပါတယ်။ 

မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့မှာလည်း တိုက်ပွဲကြီးတွေ မဖြစ်ပွားသေးပေမဲ့ ပြောက်ကျားတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာလည်း မေလကုန်မှာ စစ်ကောင်စီတပ်တွေ အင်အားတိုးခဲ့လာမှုကြောင့် ရက္ခိုင့်တပ်တော်  (အေအေ) နဲ့ စစ်ရေးအကဲစမ်းမှုတချို့ ရှိခဲ့ပြီး ဇွန် ၂၆ ရက်ကနေ ၂၉ ရက် ညပိုင်းအထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်ကောင်စီတပ်စခန်း ဥကရစ်ထကို ဒေသတွင်း က ရင်တိုင်းရင်းသား ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူဖို့ ကြိုးစားခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

လက်ရှိ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေဒေသမှာ ဖြစ်ပွားနေတဲ့ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ကရင်လက် နက်ကိုင်အဖွဲ့မှ ဗိုလ်ကျော်သက်က “ရန်သူကတော့ အကျအဆုံးများတယ်။ ရန်သူက တအားလေယာဉ်သုံးနေတယ် အခု။ လေယာဉ်ပျံသုံးတယ်။ လက်နက်ကြီး သုံးတယ်။ ၁၂၀-မမ တားသုံးတယ်။ ဒါပေမဲ့ မပြီးသေးဘူးလေနော်။ အားလုံးပြောလို့မရသေးဘူး။ စစ်ကောင်စီ များများမကျန်တော့ပါဘူး။ အများဆုံး ၃၀ အဲလောက်ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ကျနော်တို့ အပြုတ်တိုက်မယ်။ အဲဒီနေရာကနေ မောင်းထုတ်ရမယ်။ တကယ်လို့ မရရင် ကျနော်ကိုယ်တိုင် အဲဒီနေရာသွားပြီးတော့ ဝင်တိုက်မယ်”လို့ ပြောပါတယ်။

ပြည်သူလူထုအားလုံး တိုင်းရင်းသားပေါင်းစုံ ညီညီညွတ်ညွတ်တိုက်ပွဲဝင်ကြမယ်ဆိုရင် စစ်ကောင်စီပြုတ်ကျဖို့ရက် မဝေးတော့ဘူးလို့လည်း ဗိုလ်ကျော်သက်က ပြောပါတယ်။ 

“ပြည်သူလူထုကို ကျနော်ပြောချင်တာ ကျနော်တို့တိုင်းရင်းသားပေါင်းစုံပေါ့ ကျနော်တို့ ကရင်တင်မဟုတ်ပါဘူး အားလုံးပဲ အခုလက်ရှိစစ်ကောင်စီကို ဝင်ပြီး တိုက်ကြမယ်ဆိုရင် မကြာခင်မှာ စစ်ကောင်စီက ပြုတ်ထွက်သွားမှာပဲ အခုကျနော်တို့တိုင်းရင်းသားတွေလည်း နည်းနည်း ညီညွတ်သွားပြီ ကျနော်ထင်တာ ကျနော်တို့ ပြည်နယ်မှာဖြစ်ဖြစ် နိုင်ငံမှာဖြစ်ဖြစ် လွတ်လပ်ရေးတော့ရတော့မယ်ထင်တယ်။ ကျနော်တို့ ညီညီညွတ်ညွတ် လုပ်မယ်ဆိုရင်လေ။ အခုက ရှင်းရှင်းပြောရရင် ကျနော်တို့ ပြည်သူလူထုက အဲဒီလောက်အထိ ပြောဖို့မလိုတော့ဘူး။ သူတို့လည်း သဘောပေါက် နားလည်လာပြီပေါ့နော်။ စစ်ကောင်စီကတော့ ဒီလာမယ့်နွေတော့ ပြုတ်ဖို့ အလားအလာများတယ်။ ဘာလို့လဲဆိုတော့ ပြည်သူလူထုတရပ်လုံး သူ့ကို မထောက်ခံဘူး။ တခြားနိုင်ငံက ပြည်ပကလူတွေလည်း မထောက်ခံဘူး။ မထောက်ခံတဲ့အတွက်ကြောင့် ဒီအဖွဲ့အစည်းတခုက ပြည်သူလူထု မထောက်ခံတဲ့ အဖွဲ့အစည်းတခုကတော့ ကျနော်ထင်တာ ရေရှည်မရနိုင်ဘူး။ အခု စစ်ကောင်စီဆိုတာ အကြမ်း ဖက်ဖြစ်သွားပြီး တရားမဝင်တာတော့ ပြောမနေနဲ့တော့ ”လို့ ဗိုလ်ကျော်သက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်မျက်နှာဖွင့်လာရသလို အနောက်မြောက်တိုင်းစစ်ဒေသ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း တိုက်ပွဲတွေ နေ့တိုင်း ဆင်နွှဲနေရတာ ဖြစ်ပါတယ်။

လက်ရှိမြန်မာပြည်အလယ်ပိုင်း လက်ရှိစစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး မကွေးဒေသခံ PDF ခေါင်းဆောင်တဦးက “မြိုင်၊ ပေါက်၊ ရေစကြို၊ ပခုက္ကူ၊ ဆိပ်ဖြူမှာတော့ ပုံမှန်စစ်ကြောင်းထိုးနေတယ်။ အရင်လိုတော့ သူတို့ အင်အားမများတော့ဘူး။ အဓိကကတော့ ပျူစောထီးကို လက် နက်တပ်ဆင်ပေးပြီးတော့မှ သူတို့စစ်ကြောင်းတွေမှာ ပျူစောထီးက အင်အားအများဆုံး ဖြစ်လာတယ်။ အစကဆိုရင် သူတို့စစ်တပ်မိသားစုဝင်တွေ လူငယ်တွေကို သင်တန်းတိုပေးပြီးတော့ စည်းရုံးပြီးခေါ်တယ်။ နောက် အရပ်တွေထဲမှာလည်း လူငယ်တွေခေါ်တယ်။ ဒါပေမဲ့ သူတို့အင်အားက လိုသလောက်မရတဲ့အခါကြတော့ စစ်မျက်နှာများများဖွင့်လေ သူတို့အတွက် မြန်မြန်ကျဆုံးလေလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အများစုက ပြည်သူ့ဘက်က ပေါ်ပေါ်ထင်ထင် ရပ်တည်လာပြီး PDF တွေကို အားဖြည့်ပေးတဲ့အတွက် အားရကျေနပ်တယ်လို့ ယင်းမာပင် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုခန့်က ပြောပါတယ်။ တိုင်းရင်းသားလက် နက်ကိုင်ဒေသတွေမှာ လူအင်အားအရ စစ်ကူလိုအပ်တယ်ဆိုရင် အားဖြည့်ပေးဖို့ အရန်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

“စစ်ကိုင်းတိုင်းမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ သူတို့ကို ကျနော်တို့က အလစ်အငိုက် ချောင်းနေတာလည်း ရှိပါတယ်။ ဒါကို ကျနော်တို့ကလည်း နားလည်တဲ့အတွက် ကျနော်တို့ဘက်က ပြင်ဆင်ရတဲ့အပိုင်းတွေတော့ များစွာရှိတာပေါ့။ အဓိကကတော့ တခြားပြည်နယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာပြီ၊ ဒီအပေါ်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ အားရကျေနပ်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီကို မြန်မြန်တိုက်ထုတ်ပေးကြဖို့ ကျနော်တို့က တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကျေးဇူးလည်းတင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက စစ်အာဏာရှင်ကို မြန်မြန်မောင်းထုတ်ကြဖို့ ပြောချင်ပါတယ်။”

လက်ရှိအချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နယ်မြေစိုးမိုးမှု ခန့်မှန်းတွက်ဆချက်အရ တိုင်းရင်း သား လက်နက်ကိုင်တွေနဲ့ NUG၊ PDF တွေက ၄၈ ရာခိုင်နှုန်းဝန်းကျင်အထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ၅၂ ရာခိုင်နှုန်းဝန်းကျင် စိုးမိုးထားဆဲ ဖြစ်ပါတယ်။

ကရင်နီဒေသမှာတော့ PDF တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ၇၀ ရာခိုင်နှုန်းအထိ နယ်မြေစိုးမိုးထားနိုင်ပြီလို့ ဇွန် ၂၉ ရက်မှာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ အပြန်အလှန် နယ်မြေတိုးချဲ့ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်တဲ့အတွက် အခုလပိုင်းတွေမှာ တိုက်ပွဲတွေ ဆက် တိုက်ပြင်းထန်နေဦးမယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က ခန့်မှန်းပါတယ်။

“NUG က ဒေသစိုးမိုးမှု ၄၈ ရာခိုင်နှုန်းရှိတယ်။ စစ်ကောင်စီက ၅၂ ရာခိုင်နှုန်းရှိတယ်။ အတော်လေး ရုန်းကန်တိုက်ပွဲဆင်နေရတဲ့ အနေအထား ဖြစ်တာပေါ့။ မနေ့က ကရင်နီဒေသကလည်း သူတို့ဒေသစိုးမိုးမှု ၇၀ ရာခိုင်နှုန်းအထိ ချုပ်ကိုင်ထားနိုင်ပြီလို့ ပြောတယ်။ စစ်ရေးက အဆုံးအ ဖြတ်ပေးမယ့် အခြေအနေတရပ်ကို ရွေ့နေတယ်လို့ မြင်ပါတယ်။ PDF တွေ၊ EAO တွေရဲ့ တိုက်ခိုက်မှုတွေက ပိုကျယ်ပြန့်များလာတဲ့အခါမှာ အဲ့ဒါကို တွန်းလှန်ဖို့ စစ်ကောင်စီအနေနဲ့ အပြင်းအထန် ရုန်းကန်ကြိုးပမ်းနေရတဲ့ အခြေအနေလို့ မြင်ပါတယ်။ ဒါကြောင့် ဒီလပိုင်းတွေအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ တိုးလာလိမ့်မယ်။ PDF တွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကလည်း နယ်ပယ်အသီးသီးမှာ ပိုပြီးတိုးပွားလာလိမ့်မယ်။ EAO တွေ ကိုယ်တိုင်ကလည်း စခန်းသိမ်းတိုက်ပွဲတွေ လုပ်နေကြတယ်။ KIA က စခန်း ၃ ခုသိမ်းတယ်။ KNU က စခန်း ၆ ခုသိမ်းနေတယ်။ ကရင်မှာ စခန်းသိမ်းတိုက်ပွဲ ၄ ရက်ရှိပြီလေ။ KNU က မဖြစ်မနေ သိမ်းမယ့်သဘော။ အဲ့လိုသိမ်းရင် မဟာဗျူဟာအရ စစ်တပ်ကလည်း မရ ရတဲ့နည်းနဲ့ တုံ့ပြန်တိုက်ခိုက်မှာပဲ။ နယ်မြေစိုးမိုးမှု အပြန်အလှန် တိုးချဲ့နေကြတဲ့ အခြေအနေမှာ လာမယ့် ၂ လ ၃ လအတွင်းမှာ စစ်ကောင်စီနဲ့ PDF တွေ၊ EAO တွေရဲ့ စစ်ရေးအရှိန်ကတော့ မြင့်တက်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်။”

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကနေ ဒီနှစ် မေ ၁၅ ရက်အတွင်း နိုင်ငံတဝန်းလုံးမှာ တိုက်ပွဲပေါင်း ၄,၆၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သုတေ သနလုပ်နေတဲ့ ISP မြန်မာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှု ၃,၁၀၇ ကြိမ်၊ စစ်ကောင်စီနဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲက ၁,၃၈၀ ကြိမ်၊ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲက ၁၀၆ ကြိမ်ရှိတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲသတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့ မရှိပါဘူး။ DVB

ထိုင်းနိုင်ငံဘက်သို့ စစ်ကောင်စီတပ်၏ တိုက် လေယာဉ် ကျူးကျော်ဝင်ရောက် လာ ပြီးနောက် ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ပျံ သန်းပြီး ကင်းလှည့်၊ “ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ” ဟု မြန်မာလေတပ်စစ်ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ထံတွင် ဝန်ချတောင်းပန်

ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက်ပြီးနောက် ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ ဟု မြန်မာလေတပ်စစ် ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ကို တောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သ တင်းဖော်ပြရေးသားသည်။

ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့် ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊ ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ ACM Napadej Dhupatemiya တို့ ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံ ချက်ချင်း ဖုန်းဆက် အ ကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က “ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟု ဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။ khit thit

အမေရိကန် ၁ ဒေါ်လာ ပြင်ပပေါက်စျေး ကျပ် ၂,၁၅၀ ထိမြင့်တက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရည်ညွှန်းဒေါ်လာငွေလဲနှုန်းကို အမေရိကန်တဒေါ်လာ ကျပ် ၁,၈၅၀ အဖြစ် နှုန်းသေသတ်မှတ်ထားပေမဲ့ ပြင်ပငွေလဲစျေးကွက်မှာ ကျပ် ၂,၁၅၀ ထိ မြင့်တက်နေပါတယ်။

ပြင်ပငွေလဲစျေးကွက်မှာ ပြီးခဲ့တဲ့တပတ်က အမေရိကန်တဒေါ်လာကို မြန်မာငွေ ကျပ် ၂,၀၈၀ ဝန်းကျင်ရှိခဲ့ပြီး ဒီနေ့ ဇွန် ၃၀ ရက်မှာတော့ ၂,၁၅၀ ကျပ်အထိ စျေးတက်လာကာ ဗဟိုဘဏ်သတ်မှတ်စျေးနှုန်းနဲ့ ကျပ် ၃၀၀ ကွာဟချက် ရှိလာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖရိုဖရဲဖြစ်လာတဲ့ ပြည်တွင်းငွေကြေးစျေးကွက်ကို ထိန်းကျောင်းဖို့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲ များစွာချမှတ်ခဲ့ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၁,၈၅၀ ကျပ် နှုန်းသေသတ်မှတ်ခဲ့ပြီးနောက် စျေးနှုန်းကွာဟချက်အရ ပြည်တွင်းက တရားဝင်ငွေလဲကောင်တာတွေကို ဒေါ်လာ လာရောင်းချသူ နည်းပါးလာပြီး လိုအပ်သူတွေကို ပြန်လည်ရောင်းချပေးဖို့လည်း ကောင်တာတွေမှာ အခက်အခဲတွေ ရှိလာပါတယ်။

အဲဒီနောက် စျေးကွက်မှာ အမေရိကန်ဒေါ်လာ ရှားပါးလာပြီး မှောင်ခိုစျေးကွက်လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီက ရည်ညွန်းဒေါ်လာငွေလဲနှုန်းကို နှုန်းသေသတ်မှတ်ထားပေမဲ့ မြေပြင်မှာ ပြင်ပဒေါ်လာပေါက်စျေးနဲ့သာ အရောင်းအဝယ်တွေကို ဆောင်ရွက်ကြတာဖြစ်လို့ ဆေးဝါး၊ လူသုံးကုန် အပါအဝင် ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ စျေးနှုန်းမြင့်တက်နေဆဲပါ။

ဒါ့အပြင် အဲဒီသတ်မှတ်ချက်ကြောင့် ပို့ကုန်လုပ်ငန်းတွေအပြင် ပို့ကုန်သီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအထိ ထိခိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “၁,၈၅၀ နဲ့ ထိန်းချုပ်ထားတော့ ပို့ကုန်သမားတွေ ခက်ကုန်တယ်။ ပြည်တွင်းပို့ကုန်သီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင် သူတွေကိုလည်း ထိခိုက်စေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး အဆမတန်‎ ကျဆင်းလာပြီး စားသုံးသူတွေရော၊ ကုန်သည်တွေပါ အခက်ကြုံနေကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ပြင်ပဒေါ်လာပေါက်စျေး ကျပ် ၂,၇၀၀ ကျော်အထိ စံချိန်တင် အမြင့်စျေး ရောက်ရှိခဲ့ပြီး စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာတွေ စံချိန်တင် ဆက်တိုက်ထုတ်ရောင်းခဲ့ကာ ဒေါ်လာအသုံးပြုမှု လျှော့ချနိုင်ဖို့အတွက် သွင်းကုန်တွေအပေါ် မူဝါဒချ ကန့်သတ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေမှာ နိုင်ငံအလိုက် ငွေကြေးတွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ပြည်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက် တရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဧပြီ ၃ ရက်မှာ ဗဟိုဘဏ်က ထုတ်ပြန်လာခဲ့ပြီး ဒီညွှန်ကြားချက်ကြောင့် ဒေါ်လာအသုံးပြုမှုရှိနေတဲ့ လုပ်ငန်းကဏ္ဍတွေကို ဂယက်ရိုက်သွားစေခဲ့ပါတယ်။ DVB

ခင်ဦးတွင် အသက်၂ နှစ်ခွဲကလေး လည်ပင်းကျည်ထိ

ယမန်နေ့ (ဇွန် ၂၉) တွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြင်းဒေါင်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်စဉ် အသက် ၂ နှစ်ခွဲအရွယ် မသုသုဝေ လည်ပင်း ကျည်ဆန်ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရသွားသည်။

ကလေးငယ်မှာ မန္တလေးတွင် ကုသမှုခံယူနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

“သေနတ်သံတွေကြားတော့ ကလေးကို ပွေ့ပြေးတဲ့အချိန်မှာ ဖခင်ရဲ့ ပခုံးပေါ်တင် မှန်သွားတာ။ လည်ပင်းကို မှန်တာ၊ ဟိုဘက်ဒီဘက် ထုတ်ချင်းဖောက်သွားတာ၊ အစာပြွန်တော့ မထိဘူးပေါ့” ဟု ထိုရွာသားက ပြောသည်။

မြင်းဒေါင်းရွာသည် ရေဦးမြို့အရှေ့ဘက် ငါးမိုင်အကွာတွင် ရှိပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွာကြီးဖြစ်သည်။

ထိုရွာနှင့် တစ်မိုင်အကွာ ရွာသစ်ကုန်းရွာတွင် စစ်သားနှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့ ပျူစောထီး ၅၀ ကျော် တပ်စွဲထားပြီး မြင်းဒေါင်းကျေးရွာအတွင်းသို့ ရိက္ခာများ မကြာခဏ လာယူလေ့ရှိကြောင်း၊ ၎င်းတို့ကလည်း စောင့်ကြိုတိုက်ခိုက်လေ့ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ KSO ခေါင်းဆောင် ကိုလရောင်က ပြောသည်။

“ဆိုင်ကယ်သုံးစီးလောက်နဲ့ တစ်စီးနှစ်ယောက်နှုန်း ခြောက်ယောက်တို့ အမြဲတမ်းလာနေတော့ ရင်းအဖွဲ့က စောင့်ပြီးတော့ အပြန်လမ်းမှာ စောင့် ပစ်တာပေါ့။ စစ်ကောင်စီကလည်း (ဇွန် ၂၉ ရက်နေ့က) ရွာအဝင်မှာ ကင်းပုန်းချထားပြီးတော့ အဲဒီကင်းပုန်းကလည်း ပြန်လိုက်ပစ်တော့ အပြန်အလှန်ပစ်တာပေါ့” ဟု  ၎င်းက ပြောသည်။

ထိုတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးပေ။

ခင်ဦးမြို့နယ်အတွင်း ခင်ဦးမြို့အပါအဝင် ကျေးရွာလေးရွာတွင် စစ်ကောင်စီတပ်များ တပ်စွဲထားသလို ရေဦးမြို့ဘက်မှလည်း စစ်ကြောင်းများ ဆင်းလာလေ့ရှိကြောင်း ခင်ဦးမြို့နယ် PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“တပ်စွဲထားတဲ့ နေရာအများစုကတော့ (စစ်သား) တပ်စိတ်တစ်စိတ်စာနဲ့ ဗိုလ်ကြီးတစ်ဦးနဲ့ ပျူတွေ ပေါင်းတပ်စွဲထားတာ။ ရေဦးက ခရိုင်မြို့ဖြစ်သွားပြီဆိုတော့ ရေဦးမှာ အထိုင်ချပြီး ခွထိန်းထားတာ။ ရေဦးမှာ အားတာနဲ့ ဒီဘက်တွေ ထွက်ထွက်လာတာပေါ့” ဟု ၎င်းက ပြောသည်။

ခင်ဦးမြို့နယ်သည် အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်တပ်လက်ချက်ဖြင့် အိမ်ခြေ ၁၄၀၀ကျော် မီးရှို့ခံထားရကြောင်း၊ တိုက်ပွဲတစ်ရာကျော်အတွင်း ကာကွယ်ရေးအဖွဲ့များဘက်မှ ၁၄၂ ဦးအထိ ကျဆုံးခဲ့ကြောင်း KSO အဖွဲ့၏မှတ်တမ်းများအရ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ မှစ၍ ဇွန်လ ၂၉ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အနည်ဆုံး ပြည်သူနှစ်ထောင်ကျော် သေဆုံးခဲ့ရကြောင်း၊ အသက် ၁၅ နှစ်အောက် ကလေးငယ် ၈၀ နီးပါး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

AAPP၏ အချက်အလက်များကို ငြင်းလေ့ရှိသည့် စစ်ကောင်စီထံ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

နိုင်ငံအနှံ့ခုခံမှုများအတွင်း စစ်ကိုင်းတိုင်းသည် အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီက တုံ့ပြန်တိုက်ခိုက်စဉ် အရပ်သားများကိုပါ ပစ်မှတ်ထားနေသည်။

မေလ ၁၀ ရက်နေ့က မုန်တိုင်ပင်ရွာကို စစ်တပ် ဝင်ရောက်စီးနင်းစဉ် ရွာသူရွာသား ၃၀ နီးပါးကို သတ်ဖြတ်ခဲ့သည်။ စစ်တပ်ပြန်ထွက်သွားပြီးနောက် မူးမြစ်ကမ်းဘေးရွာတွင် မီးရှို့ထားသည့် ရုပ်အလောင်းများ တွေ့ရှိရသည်။  myanmar now 

အခွန်ထမ်းမှတ်ပုံတင်အမှတ်ပါမှ သွင်းကုန်ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုမည်ဟု စစ်ကောင်စီ အကြပ်ကိုင်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်း မရှိသေးတဲ့ ပုဂ္ဂိုလ်စုနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ဒီကနေ့ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်  လျှောက်ထားကြဖို့ စစ်ကောင်စီလက် အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer’s Identification Number-TIN) ရရှိပြီးတဲ့ အခွန်ထမ်းကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေအနေနဲ့ အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း စတဲ့ လုပ်ငန်းတွေကို ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ အသုံး ပြုနိုင်ဖို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ငွေပေးချေမှုတွေ ဆောင်ရွက်တာ၊ ကုန်စည်တင်သွင်းတာ၊ ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားတာနဲ့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အခွန်ထမ်း မှတ်ပုံတင်အမှတ်နဲ့သာ ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခွန်ထမ်းကုမ္ပဏီအနေနဲ့ အဆိုပါအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို အသုံးပြုပြီး သက်ဆိုင်ရာ အခွန်ရုံးမှာ လစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းတာ၊ ဝင်ငွေခွန်ကို သုံးလ တကြိမ် ပေးဆောင်တာ၊ သုံးလပတ် ကုန်သွယ်လုပ်ငန်းခွန် အတွက် ကြေညာလွှာတင်သွင်းတာတွေ ပြုလုပ်ရပါမယ်။

တကယ်လို့ အထူးကုန်စည် ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းဖြစ်ပါက သုံးလ တကြိမ် အထူး ကုန်စည်ခွန် ကြေညာလွှာ တင်သွင်းတာ၊ နှစ်ချုပ်ကြေညာလွှာတင်သွင်းတာ၊ ကုမ္ပဏီဝန်ထမ်းတွေ အတွက် လစာဝင်ငွေခွန် ပေးသွင်းတာ၊ withholding Tax အတွက် နုတ်ယူပေးသွင်းတာ၊ အခွန်ကင်းလွတ်ခွင့် လျှောက်ထားတာ၊ အခွန်ပြန်အမ်းငွေ တောင်းခံထုတ်ယူတဲ့ လုပ်ငန်းစဉ်တွေမှာ လွယ်ကူစွာ အသုံးပြုနိုင်မယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနက ဆိုပါ တယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ အခွန်ထမ်းပြည်သူတွေအနေဲ့ အကြမ်းဖက်စစ်ကောင်စီထံ အခွန်မဆောင်ဖို့ ဆော်သြ ထားပါတယ်။

ဒါပေမဲ့တော်လှန်ရေးမှာ အသုံးပြုဖို့အတွက် အခွန်ဆောင်လိုတဲ့ ပြည်တွင်း၊ ပြည်ပရှိ အခွန်ထမ်းပြည်သူတွေအနေနဲ့ မိမိတို့ ပေးဆောင်ရမယ့် အခွန်ငွေကို မိမိကိုယ်တိုင် ချင့်ချိန်တွက်ချက်ပြီး လုံခြုံစိတ်ချရတဲ့ အွန်လိုင်း ပလက်ဖောင်းကနေ တဆင့် ပေးဆောင်နိုင်တယ်လို့ NUG အစိုးရက ပြောဆိုထားပါတယ်။

အခွန်ထမ်းဆောင်ပြီးပါက အခွန်ထမ်းသူ တဦးတည်းသာ သိရှိနိုင်တဲ့ Unique Identification Number ကို မှတ်တမ်း တင်ထားမှာ ဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား ထူထောင်တဲ့အခါ အခွန်ထမ်းဆောင်ထားတဲ့ ပြည်သူတွေကို မိမိတို့ လက်ဝယ်ရှိ Unique Identification Number မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အခွန်အထူးကင်းလွတ်ခွင့်ကို ရယူနိုင်မယ်လို့ ဆိုပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကျပ် ၁၆၈၃ ဘီလီယံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် ကျပ် ၃၃၇၃ ဘီလီယံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကျပ် ၄၄၅၉ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကျပ် ၆၅၁၈ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကျပ် ၆၃၁၅ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကျပ် ၇၁၂၂ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီလီယံ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျပ် ၇၇၉၁ ဘီလီယံ ရရှိခဲ့တာ တွေ့ရပါတယ်။ DVB

ကျောက်ထုမြို့သို့လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ၄ ဖွဲ့ပေါင်းတိုက်

ချင်း-မကွေးနယ်စပ်ရှိ ကျောက်ထုမြို့သို့ မကွေးတိုင်း ပေါက်မြို့နယ်ဘက်မှ ဝင်ရောက်ရန် ကြိုးစားသည့် စစ်ကောင်စီတပ်ကို ဒေသခံတော် လှန်ရေးအဖွဲ့ ၄ ဖွဲ့က နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု-PDF ထံမှ သိရသည်။

ဇွန် ၂၇ ရက်နေ့က ကျောက်ထုမြို့ မန်းပုံတောင်ဒေသသို့ ရောက်ရှိလာသည့် စစ်တပ်နှင့် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် အ ရပ်သားအဖွဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ ခန့်ကို ထိုဒေသတွင်း တစ်နေရာ၌ မိုင်းထောင်တိုက်ခိုက်ခဲ့သည်ဟု ကျောက်ထု – PDF တပ် ရင်းမှူး ဗိုလ်ဝေလက ပြောသည်။

ဇွန် ၂၈ရက်တွင် ကျောက်ထုမြို့ ကျောက်လိပ်ရွာ၏ အရှေ့ဘက်တွင်ရှိသည့် ယောချောင်းကို မွန်းတည့်ချိန်၌ ထိုတပ်ဖွဲ့ ဖြတ်ကူးနေစဉ် ဆော-PDF၊ ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့၊ The Youth Force (Saw&kyaukhtu) တို့နှင့်ပေါင်း၍ ပစ်ခတ်တိုက်ခိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်သုံးခဲ့သည့် ထိုတိုက်ပွဲမှာ ပြင်းထန်ခဲ့ပြီး နာရီဝက်ခန့်ကြာ မြင့်သည်ဟု ဗိုလ်ဝေလက ဆိုသည်။

“ကျောက်လိပ်ကနေ ယောချောင်းဖြတ်ပြီး သက်ကယ်ကျင်းဘက်ကိုကူးတဲ့အချိန်မှာ နောက်ကနေ လိုက်ပစ်တာ၊ ချောင်းဟိုဘက် ဒီဘက်ဆိုတော့ နည်းနည်းလှမ်းတယ်၊ အကျအဆုံးကို မမြင်ရဘူး” ဟု သူက ပြောသည်။

နှစ်ရက်ဆက်၍ တိုက်ခိုက်မှုများမှာ အလစ်အငိုက်ဖြစ်ခြင်းကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်း၊ ဇွန် ၂၈ ရက်တိုက်ပွဲအ ပြီးတွင် ပေါက်မြို့နယ် သက်ကယ်ကျင်းရွာကို ဖြတ်၍ ကိုင်းမရွာ ဘက်သို့ စစ်ကောင်စီတပ် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း ဗိုလ်ဝေလက ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် ကျောက်ထုမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးရှာဖွေမှုများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း၊ မြို့နှင့် အနီးတဝိုက်ကျေးရွာများသို့ ဒရုန်းများသုံး၍ စစ်ကောင်စီက ထောက်လှမ်းနေကြောင်း ကျောက်ထုမြို့ခံ မျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဇွန် ၂၉ ရက်တွင် ပေါက်မြို့နယ် တစူးရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဆောမြို့နယ် ပုံတောင်ဒေသဘက်သို့ လက်နက်ကြီးများဖြင့် တစ်နေကုန်ပစ်ခတ်ခဲ့သည်ဟု ဗိုလ်ဝေလက ပြောသည်။

“သူတို့(စစ်ကောင်စီ)ရှိတဲ့ဘက်ကို ကျွန်တော်တို့ လိုက်လာမှာစိုးလို့ထင်တယ်၊ အဲဒီတောင်ကြောဘက်ကို တောက်လျှောက်ထုနေတာ တစ်နေ ကုန်ပဲ” ဟု ဗိုလ်ဝေလက ပြောသည်။

ယနေ့(ဇွန် ၃၀)တွင်လည်း  လက်နက်ကြီးကျရောက်ပေါက်ကွဲသံများ အဆက်မပြတ်ကြားနေရဆဲဖြစ်ကြောင်း၊ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း ဆော-PDF တပ်ရင်း(၂)မှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ကျောက်ထုနှင့် မိုင် ၃၀ ခန့်သာဝေးသည့် ဆောမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု မရှိသော်လည်း မြို့နှင့်အနီးတစ်ဝိုက်တွင် စစ်ဆေးရှာဖွေမှုများ အရှိန်မြှင့်နေကြောင်း ၎င်းက ဆက်ပြော သည်။

ချင်း-မကွေးနယ်စပ် ကျောက်ထုနှင့် ဆောမြို့နယ်များတွင် တိုက်ပွဲများ ရပ်တန့်နေသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေခဲ့ပြီး ဇွန် ၂၈ ရက်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲပြန်ဖြစ်ခဲ့သည်။

မေ ၂၄၊ ၂၅ နှင့် ၂၆ ရက်များတွင် တပြင်းဒေသမှ ကျောက်ထုမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကျောက်ထု-PDF က နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု ဗိုလ်ဝေလက ပြောသည်

ချင်းပြည်နယ် အခြေစိုက် တပ်များကို ရိက္ခာပို့ရန် ချင်း-မကွေးနယ်စပ် ဆောမြို့နယ်၊ ကျောက်ထုမြို့များသို့ မဖြစ်မနေ ဖြတ်သန်းနေရသည့် စစ်ကောင်စီတပ်မှာ အဆိုပါမြို့များမှ ဒေသခံ PDF များ၏ ကြားဖြတ် တိုက်ခိုက်မှုကို ဆက်တိုက် ရင်ဆိုင်နေရသည်။

အရပ်သားအစိုးရကို ဖြုတ်ချ၊ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ လက်နက် ကိုင် တော်လှန်ကြရာတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းနှင့် မကွေးတိုင်းရှိ ဒေသများတွင်လည်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီထုတ်ပြန်သည့် သတင်းများတွင်လည်း တိုက်ပွဲဖြစ်စဥ်များကို ဖော်ပြလေ့ မရှိပေ။ myanmar now

ဂန့်ဂေါမြို့က ပြည်သူတဦးကို PDF ထောက်ပံ့သူဟု စွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ ဇွန် ၂၉ ရက် နေ့လယ်ပိုင်းက ဒေသခံပြည်သူတယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၂ ရပ်ကွက်မှာနေထိုင်တဲ့ ဦးတင်လှကို မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အပေါင်းပါတွေက PDF ကို ငွေကြေးထောက်ပံ့နေတယ်စွပ်စွဲပြီး နေအိမ်မှာ လာရောက်ဖမ်းဆီးသွားကြတယ်လို့ ဂန့်ဂေါမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီ ဦးတင်လှဟာ ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာကနေ ဂန့်ဂေါမြို့မှာ အိမ်ငှားနဲ့ နေနေရတာပါ။ PDF ကို ထောက်ပံ့ဖို့ နေနေသာသာဗျာ၊ သူ့ဟာသူတောင် စားဝတ်နေရေးကို မနည်းရုန်းကန်နေရပြီး အိုးပိုင်အိမ်ပိုင်မရှိလို့ သူများအိမ်ကို ငှားနေရတာ။ PDF ကို ထောက်ပံ့သူလို့ စွပ်စွဲပြီး အကုန်လိုက်ဖမ်းနေရင်တော့ ကျနော်တို့လည်း မလွတ်ဘူး။ သူတို့တပ်တွင်းထဲမှာလည်း ရှိမှာပဲ။ အများစုကတော့ စစ်အာဏာရူးတွေ ပြုတ်ကျဖို့အတွက် မိမိတို့တတ်နိုင်တဲ့ဘက်ကနေ ထောက်ပံ့ကူညီနေကြတာပဲ။”

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန် ၂၉ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသူ ၁၁,၃၁၀ ယောက်ရှိပြီး အဲဒီထဲက ၁,၂၀၅ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ဇွန် ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။ DVB

« Older Entries