Monthly Archives: Jul 2022

ပြည်ကျော်ရွှေဆိုင်ဗုံးပစ်ခံရပြီးနောက် ဘိုကလေးမြို့မရဲစခန်းပတ်လည်တွင် ဝါးခြံ စည်းရိုးများ ကာရံထား

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် စစ်ကောင်စီသတင်းပေးဟုနာမည်ထွက်နေသည့် ပြည်ကျော်ရွှေဆိုင် ဗုံးပစ်ခံခဲ့ရပြီးနောက် ဘိုကလေးမြို့မရဲစခန်းကို ဝါးလုံးခြံစည်းရိုးများဖြင့် ကာရံထားကြောင်း ဒေသခံများ ထံက သိရသည်။

ဘိုကလေးမြို့၊အမှတ် (၃)ရပ်ကွက် ကမ်းနားလမ်းနှင့်ဗိုလ်ဗထူးလမ်းနေ ဦးနွေကျော်၏ ပြည်ကျော်ရွှေဆိုင် အား ဇူလိုင်လ၂၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ဧရာဝတီတိုက်ငမန်းပြောက်ကျားတပ်ဖွဲ့က ဗုံးပစ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြို့မရဲစခန်းကို ခြံစည်းရိုးများကာရံနေခြင်းဖြစ် သည်။

“ ပြည်ကျော်ရွှေဆိုင် ဗုံးပစ်ခံရပြီး နောက်ရက်မှာပဲ ဘိုကလေးရဲစခန်းပတ်လည်ကို ဝါးလုံးတွေနဲ့ ခြံစည်းရိုး လုပ်ပြီး ကာနေကြတာပါ။ ဗုံးပစ်တာနဲ့ လုံခြံရေးကိုအကြောင်းပြပြီး ဒီရက်ထဲမှာ ဖမ်းဆီးငွေညှစ်တာတွေ လည်းရှိတယ်။ PDF ကိုလည်း ကြောက်တယ်၊ ပိုက်ဆံလည်း လိုချင်တယ်ဆိုတဲ့ပုံစံဖြစ်နေပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းအပြင် ဗုံးပစ်ခံရမည်ကို စိုးရိမ်သဖြင့် ခြံစည်းရိုးများကာရံထားသူ ဘိုကလေးမြို့မစခန်းမှူး ညွန့်လှိုင် ဆိုသူက ဘိုကလေးမြို့ပေါ်တွင် လူမိုက်များမွေးကာ ဒေသခံပြည်သူများထံမှ ငွေကြေးတောင်းယူမှုများ ပြုလုပ်နေသည်ဟု ဒေသခံက ဆက်လက်ပြောသည်။

လက်ရှိတွင် မြို့ပေါ်နေပြည်သူများအား ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးငွေတောင်းခြင်း၊ ညမထွက် ရအမိန့်ကျော်လွန်သည်ဟုဆိုကာ ငွေ ကြေးတောင်းယူခြင်း၊ လုံခြုံရေးအကြောင်းပြကာ စခန်းမှူးညွန့်လှိုင် ဆိုသူက လူမိုက်များနှင့်အတူ ပြည်သူလူထုအားခြိမ်းခြောက်၍ ငွေကြေးတောင်းယူခြင်း၊ ဖမ်းဆီး ခြင်းများ ကို ပြုလုပ်နေသည့်လုပ်ရပ်များကြောင့် ဒေသခံများ အကူအညီမဲ့နေကြောင်း သိရသည်။ mizzima

မြင်းမူနယ်ရှိ ကျေးရွာ ၃ ရွာအား စစ်ကောင်စီတပ်မှ လှည့်ပတ်မီးရှို့နေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အင်းမရွာ၊ ဂုံညှင်းဆိပ်ကျေးရွာနှင့် ညောင်မြစ်ရွာတို့တွင် စစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက်မှ ယနေ့ ဇူလိုင် ၃၁ ရက်အထိ လှည့်လည်တပ်စွဲကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျှက်ရှိသည်။

ထို့အပြင် ခန့်မှန်းခြေ ပြည်သူ ၅၀ ကျော်အား ဓားစာခံဖမ်းဆီးမှုများပင်ရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲမေ ဂျူပီတာက ပြောပြသည်။

ဖြစ်စဥ်မှာ ခန့်မှန်း အင်အား ၆၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်များက မူးမန္တလေးကျေးရွာမှ တစ်ဆင့် မူးမြစ်ကိုဖြတ်ကူးကာ ဇူလိုင်လ ၂၉ ရက် နေ့ခင်းပိုင်းတွင် အင်းမရွာသို့ စတင်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ထို့နောက် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသည့် အင်းမရွာတွင် ကျေးရွာတစ်ဝက်ခန့်အား စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ဒေသကာကွယ်ရေးတပ်များဖြစ်သည့် စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်း၊ Zero ပြောက်ကျားတပ်ဖွဲ့- မြင်းခြံနှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ အင်းမရွာရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးနီးပါးသေဆုံးကြောင်း၊ ၎င်းပြန်ကြားရေးတာဝန်ခံ ရဲမေ က ပြောသည်။ ကာကွယ်ရေးတပ်ဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

“အင်းမကိုရှို့ပြီးတော့ အဲဒီကနေ ဂုံညှင်းဆိပ်ဘက်ကိုကူးတာ၊ ကူးပြီးတော့ မနက်ခင်းတစ်ခါရှို့တယ်၊ ဂုံညှင်းဆိပ်မှာ မီးရှို့ပြီး တောထဲပုန်းနေတဲ့ ရွာသူရွာသားတွေကို ဖမ်းသွားတယ်၊ နောက်ပြီးတော့ ဂုံညှင်းဆိပ် တောင်ဘက်မှာ ညောင်မြစ်ဆိုတဲ့ တစ်ရွာရှိတယ်၊ အဲ့ရွာကို တောထဲက တဲတွေကိုရှို့တယ်၊ ပြီးတော့မှ ဂုံညှင်းဆိပ်ကို တစ်ခေါက်ပြန်ခေါက်သွားတယ်၊ ပြီးတော့ ညနေခင်းမှာ တစ်ခါပြန်ရှို့တာ” ဟု စစ်ကိုင်းခရိုင် အမှတ် (၂) တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံရဲမေ ဂျူပီတာက ပြောသည်။

ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင်မူ ဓားစာခံဖမ်းဆီးထားသည့် ဂုံညှင်းဆိပ်နေပြည်သူ ၅၀ ကျော်အား ပြန်လွှတ်ပေးခဲ့ကြောင်း၊ ၎င်းက ဆက်ပြော သည်။ ဖမ်းဆီးခံပြည်သူများ၏ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရသေးပေ။

ဂုံညှင်းဆိပ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်၌ နှစ်ကြိမ်တိုင်မီးရှို့ခံရမှုအတွင်း တစ်ရွာလုံးနီး ပါး ရှို့ခံရကြောင်း ကာကွယ်ရေးတပ်၏ ပြောပြချက်အရ သိရသည်။ စစ်ကောင်စီတပ်များ ရှိနေဆဲဖြစ်၍ မီးလောင်သည့် အိမ်ခြေအရေ အ တွက် အတိအကျကိုမူ မရသေးပေ။

ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်တွင်လည်း ညောင်မြစ်ကျေးရွာသို့ ထပ်မံဝင်ရောက်ကာ မီးရှို့နေကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာသုံးရွာအပြင် အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံများလည်း စစ်ဘေးရှောင်နေရဆဲဖြစ်ပြီး လက်ရှိ မြင်းမူမြို့နယ်တွင် စစ်ရေးအခြေအနေ တင်းမာလျှက်ရှိသည်။ mizzima

ဥကရစ်ထစခန်းအနီး ရွှေအေးမြိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်နှင့် Venom စစ်ကြောင်း ပူး ပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထစခန်းအနီးရှိ ရွှေအေးမြိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် Venom စစ်ကြောင်း ပူးပေါင်းအဖွဲ့ကြား ယမန်နေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁ နာရီခန့်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သားအမြောက်အများ သေဆုံးခဲ့သလို ပူးပေါင်းအဖွဲ့ဘက်မှလည်း ၄ ဦး ကျဆုံးကြောင်း Venom စစ်ကြောင်းက သတင်းထုတ် ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့များက ဝေါလေမြို့နယ်ခွဲဘက်မှ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး စောဝင်းမြင့် ဦးဆောင်သော Venom စစ်ကြောင်းနှင့် အယ်စေးဝါး ဦးဆောင်သော Lion စစ်ကြောင်းတို့က ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ တပ်ဖွဲ့တွေ ရှိတဲ့ ရွှေအေးမြိုင်ရွာနားက တောင်ကုန်းကို ဒီကောင်တွေတက်လာတာ၊ ကွင်းပြောင်ကြီးမှာ ကျားထိုး တက်လာတာ၊ အင်အားအလုံးအရင်းနဲ့ ကျား လို့ အော်ပြီး တက်လာတာဗျာ။ ကျနော်တို့က ဆီး ပစ်ရုံပဲ။ စကစ ဘက်က အများကြီးပဲ သေတယ်၊ အလောင်းတောင် မကောက်နိုင်ဘူး။ ကွင်းပြင်တွေမှာရော ပြောင်းတောတွေထဲမှာရော အလောင်းတွေ အများကြီး၊ ဗျူဟာကုန်းကနေလည်း လက်နက် ကြီးနဲ့ တရစပ် ပစ်တာ” ဟု Venom စစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသတွင် ဇူလိုင်လ ၂၇ မှ ၃၀ ရက်နေ့အထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၁၀၀ ကျော် သေဆုံးကာ ထိခိုက်သူများလည်း ရှိကြောင်း ထုတ်ပြန်ထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။khit thit

အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်း ကျော်အထိရှိနေပြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်အရောင်းအဝယ် ပြုလုပ်ခြင်းမရှိ

ရန်ကုန်တိုင်း၊ ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေတစ်ကျပ်သားလျှင် ၂၀၆၀၀၀၀ (ကျပ် နှစ်ဆယ့်ခြောက် သောင်း) သတ်မှတ်ထားသော်လည်း အဆိုပါဈေးနှုန်းဖြင့် အရောင်းအဝယ်မပြုလုပ်ကြဘဲ ပြင်ပတွင် ကျပ် ၂၃ သိန်းဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်ကြကြောင်း သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ ရွှေအပိတ်ဈေးတွင် ရန်ကုန်တိုင်းရှိ ရွှေလုပ်ငန်းရှင်များအသင်းမှ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၀၆၀၀၀၀ (ကျပ်နှစ်ဆယ့်ခြောက်သောင်း) သတ်မှတ်ထားသည်။

“ ရွှေလုပ်ငန်းရှင်များအသင်းက ကျပ် ၂၀၆၀၀၀၀ သတ်မှတ်ထားတာ နှစ်ပါတ်လောက်ရှိနေပြီ။ တကယ် တမ်း အပြင်မှာအရောင်းအဝယ်လုပ်ရင် အဲဒီဈေးနဲ့ အရောင်းအဝယ်မဖြစ်ဘူး” ပြည်တွင်းမှ ရွှေအရောင်း အဝယ် ပြုလုပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြည်တွင်းရှိ နာမည်ကြီးရွှေဆိုင်များတွင်ပင် မီးလင်းအကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၃ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၂၁ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်ကြကြောင်း ၎င်းကဆိုသည်။

ရွှေအရောင်းဆိုင်များတွင် ရွှေလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထားသည့်ဈေးနှုန်းအား အရောင်း ပြေစာတွင်သာရေး၍ရောင်းချခြင်းဖြစ်ပြီး လက်တွေ့ဝယ်ယူရာတွင် ပြင်ပပေါက်ဈေးဖြင့်သာ ပေးချေ ဝယ် ယူနေရသည်ဟု လတ်တလော ရွှေဝယ်ယူစုဆောင်းခဲ့သူများထံက သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်အစောပိုင်းတွင် အကယ်ဒမီ အခေါက် ရွှေတစ်ကျပ်သားလျှင် ၁၃ သိန်း ကျော် ဝန်းကျင်ဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်ကာ အကယ်ဒမီအခေါက် ရွှေတစ်ကျပ်သားလျှင် ၂၃ သိန်း ကျော်အထိ တ ဖြည်းဖြည်းမြင့်တက်လာခြင်း ဖြစ်သည်။

ပြည်တွင်း၌ ကျပ်ငွေတန်ဖိုးကျဆင်းလာသောကြောင့် ရွှေဝယ်ယူစုဆောင်းသူများနှင့် ဒေါ်လာဝယ်ယူစု ဆောင်းသူများလည်းရှိနေသည်။ ဇူလိုင် ၂၉ ရက်နေ့က ကမ္ဘာ့ရွှေဈေးကွက်တွင် အကယ်ဒမီရွှေ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၅ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။mizzima

ပေါက်မြို့နယ် ပျူစောထီးရွာများတွင် NLD ပါတီထောက်ခံဝန်းရံသူများ နှိပ်စက်သတ်ဖြတ်ခံနေရ

မကွေးတိုင်း ပေါက်မြို့နယ်ထဲက ပျူစောထီးအားကောင်းတဲ့ ကျေးရွာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ထောက်ခံဝန်းရံသူတွေ နှိပ်စက်သတ်ဖြတ်ခံနေရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။

ဇေယျာသော် စစ်ဆင်ရေးပြီးတော့ ဇူလိုင် ၂၇ ရက်နေ့မှာ တပ်ကုန်းရွာမှာရှိတဲ့ ပျူစောထီးတွေက NLD ထောက်ခံသူ အယောက် ၂၀ လောက်အား သတင်းပေးတယ်လို့ စွပ်စွဲပြီး ရွာတောင်ဘက်ကို ခေါ်ယူကာ ဝါးဆစ်ပိတ်၊ ဝါရင်းတုတ်တွေနဲ့ ရိုက်နှက်နှိပ်စက်ကြတာကြောင့် ဒဏ်ရာရရှိခဲ့ကြတယ် လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ဒီဗွီဘီ ကိုပြောပါတယ်။

“အဲဒီအရိုက်ခံရသူတွေက တပ်ကုန်းရွာထဲမှာပဲရှိနေပြီး ဆက်သွယ်လို့မရသေးဘူး။ ရွာသစ်က လူငယ်လေးတယောက်ကိုလည်း သူအမျိုးထဲက PDF ထဲမှရှိတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားတာ ခုထိ အစအနကို ရှာမတွေ့သေးဘူးဖြစ်နေတာ။ တကယ်လို့ ရွာထဲကနေ စစ်ဘေးရှောင်ပုံစံမျိုးနဲ့ ထွက်ချင်ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာကနေရအောင်ထွက်ခဲ့ပြီး လမ်းကြောင်းဖွင့်ပေးပြီး နည်းနည်းပါးပါး စစ်မေးပြီး လိုရာခရီးကို သွားနိုင်အောင် အတတ်နိုင်ဆုံးကူညီပေးမယ်။” 

ပျူစောထီးတွေက ရွာကနေ လုံးဝထွက်ခွင့်မပေးဘဲ သေနတ်တွေနဲ့ထောက်ပြီး ရွာက ထွက်ပါက ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

“ထွက်သွားတဲ့ လူတွေကိုလည်း ပြန်ခေါ်တယ်။ ပြန်မလာဘူးဆိုရင် သူတို့အိမ်တွေကို ဖျက်ပြီး ပိုင်ဆိုင်သမျှကို အကုန်သိမ်းပြီး နောင်လည်းပြန်မလာခဲ့နဲ့လို့ ခြိမ်းခြောက်ထားတယ်။ သူတို့ တခုခုဖြစ်ရင် ကိုင်းလယ်ရဲစခန်းက စခန်းမှူး ရာဇူးမောင်နဲ့ပေါင်းပြီး အကြိမ်ကြိမ် ဖမ်းဆီးရိုက်နှက်တာတွေ လုပ်တယ်။ သူတို့ဘက်မပါရင် ရန်သူပုံစံမျိုးဆက်ဆံပြီး လက်နက်အားကိုး နဲ့ အနိုင့်ကျင့်တာ။ အဲဒီရွာတွေက NLD ပါတီ ထောက်ခံဝန်းရံသူတွေဟာ နှစ်ဖက်လုံးကို ကြောက်နေကြရတာ။ ပျူစောထီးတွေကိုလည်း တည့်အောင်ပေါင်းရပြီး ညဘက် အလှည့်ကျကင်းစောင့်ရတာတွေရှိတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ အခါမှာ ရန်သူ/မိတ်ဆွေ မခွဲခြားနိုင်လို့ ထိခိုက်တာတွေလည်းရှိမှာပဲ” လို့ ဗိုလ်နဂါးလေးက ပြောပါတယ်။

ပျူစောထီးအားကောင်းတဲ့ ဒီးဒုတ်ကွင်းကျေးရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံ အမျိုးသမီးတယောက်က “ကျမတို့ရွာက NLD ပါတီထောက်ခံသူတွေဟာ အကျယ်ချုပ်ကျသလို နေရပြီး လက်နက်မပါဘဲကင်းစောင့်ရတယ်။ လက်ကိုင်ဖုန်းတွေကိုလည်း အကုန်သိမ်းထားလို့ ဘယ်မှဆက်သွယ်လို့မရဘူး။ တချို့ဆိုရင် ခိုးဆက်ရတာ။ ပျူရွာလို့ နာမည်ထွက်ပြီးရင် ဘေးရွာတွေကလည်း လက်မခံချင်ကြဘူး။ ကျမတို့ဆိုရင် ရွာကနေထွက်လာတာ တနှစ်ကျော်ပြီ။ ပျူတွေနဲ့ မနေချင်လို့ သွားတာ ပြန်စရာအိမ်လည်း မရှိတော့ဘူး။ ပြန်လို့လည်းမရတော့တဲ့ အခြေအ နေကိုတောင်မှ ရွာတွေက လက်မခံချင်ကြဘူး” လို့ ပြောပါတယ်။ 

လွန်ခဲ့တဲ့ ၅ လလောက်ကလည်း ဒီးဒုတ်ကွင်းရွာကနေ အလုပ်ကိစ္စနဲ့ အပြင်သွားတဲ့ ကိုစိုးပိုင်ဆိုသူဟာ သတ်မှတ်ချိန် ည ၆ နာရီ ကျော်ပြီးမှ ရွာထဲပြန်ဝင်လာတာကြောင့် ပျူစောထီးတွေက ရက်ရက်စက်စက် ဝိုင်းသတ်လို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီပါတီထောက်ခံသူတွေအနေနဲ့ အခွင့်ရေးရတဲ့အချိန် ရွာကနေ အမြန်ဆုံးထွက်ဖို့ လိုအပ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရအောင်ကယ်ထုတ်ပေးပြီး ကူညီစောင့်ရှောက်ပေးစေလိုတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ နွေဦးတော်လှန်ရေးကလမှာ ကျဆုံးခဲ့တဲ့ ပြည်သူအ ရေအတွက် ၂၁၃၈ ယောက်နဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရသူ ၁၁၈၂၀ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျည်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ထုတ်ပြန်ထားပါတယ်။ DVB

YBS ၄၂ ယာဉ်လိုင်း ဓားပြတိုက်ခံရခြင်း မရှိပါ

ရန်ကုန်မြို့ရှိ YBS ၄၂ ယာဉ်လိုင်းပေါ်မှခရီးသည်များ ဓားပြတိုက်ခံရသည်ဆိုသည့်သတင်းများ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်က လူမှုကွန်ရက်အသုံးပြုသူများအကြားလပျံ့နှံ့မှုရှိနေသည်။ ထိုအကြောင်းအရာမှာ မှားယွင်းနေသည်။

“Shwe Pyi Thar information” အမည်ရှိ ဖေ့ဘုတ်ခ်‌ပေ့ခ်ျ မှ ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းတွင် YBS ၄၂ ကားတစ်စီး အနုကြမ်းစီးခံရ၊ ယာဉ်ပေါ်ပါသူ ခရီးသည်ဆယ်ဦးခန့်၏ ရွှေငွေလက်ဝတ်ရတနာများ အကုန် ပါသွားဆိုသည့် သတင်းခေါင်းစဉ်နှင့် အစောဆုံးဖြန့်ဝေခဲ့သည်။ ထိုပို့စ့်ကို ပြန်လည်မျှဝေသူ ၃,၇၀၀ ကျော် ရှိခဲ့သည်။ ထိုရေးသားမှုကို ပြန်လည်ကူးယူပြီးဖြန့်ဝေမှုများစွာရှိနေဆဲပင်ဖြစ်သည်။

အဆိုပါသတင်းတွင် ယမန်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ရွှေပြည်သာမှ‌ မြောက် ဥက္ကလာ၊ အောင်မင်္ဂလာအဝေးပြေး- သာ‌ကေတသို့‌ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း ၄၂ (6p / 6057)သည် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်းနှင့် ကာယကံရှင်ပြည်သူတစ်ဦး မှ သတင်းပေးပို့သည်ဟု ဖော်ပြထားသည်။

သတင်းမှားဖြန့်‌ဝေနေသည့် လင့်များကို အောက်တွင်ကြည့်နိုင်သည်။

https://bit.ly/3oFjJ9Z , https://bit.ly/3Q3P8i7

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါသတင်းနှင့်ပတ်သက်၍ ရွှေပြည်သာသားခရီးသည်ပို့ ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီမှ YBS ၄၂ ၊ ၆၅ ယာဉ်လိုင်း၏ဥက္ကဋ္ဌ ဦးအေးလွင်နှင့်ဆက် သွယ်မေးမြန်းခဲ့သည်။

သတင်းမှားတွင်ဖော်ပြထားသည့် ဇူလိုင်လ ၃၀ ရက်နေ့ဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာတွင် “ အဲဒီမှာ 6p / 6057 လို့ ရေးထားတယ် အဲဒီကားနံပါတ်ကလည်း ကျွန်တော်တို့လိုင်းမှာ မရှိပါဘူးဗျ၊ အဲဒီနံပါတ် လည်းမရှိဘူး အဲဒီဖြစ်စဉ်မျိုးလည်း မနေ့ကမဖြစ်ခဲ့ပါဘူးဗျ” ဟု ပြောကြားသည်။

အထက်ပါဖြစ်စဉ်မျိုးကြုံခဲ့လျှင် ရဲစခန်းသို့တန်းမောင်း၍ အမှုဖွင့်တိုင်ကြားရန် ယာဉ်မောင်းများကိုညွှန် ကြားထားပြီးဖြစ်ကြောင်း ၎င်းက‌ပြောသည်။

ထို့ပြင် ယာဉ်လိုင်းကိုတိုက်ခိုက်ခြင်းနှင့် ပြည်သူများဇဝေဇဝါဖြစ်ပြီး ကြောက်လန့်တကြားဖြစ်အောင် လှုံ့ဆော်တာမျိုးလည်းဖြစ်နိုင်ကြောင်း ဦးအေးလွင်ကဆိုသည်။

သတင်းမှားတွင်ပါဝင်သည့် မြောက်ဥက္ကလာပ အိန္ဒြာမှတ်တိုင်အနီးတွင် နေထိုင်သူများနှင့် ဆက်သွယ်မေး မြန်းရာတွင်လည်း အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်ကို မကြားမိကြောင်း‌ ဖြေကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးနှင့် အိန္ဒြာလမ်းထောင့်ရှိ အိန္ဒြာကားမှတ်တိုင်အနီး၌ မွန်းလွဲ ၁၂ နာရီ ဝန်းကျင်ခန့်က သာကေတမှ ရွှေပြည်သာသို့သွားသည့် YBS ၄၂ ယာဉ်ပေါ်၌ ဓားထောက်လုယက်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ဖုန်းများပါသွား ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အဆိုပါ သတင်းကို အောက်ပါလင့်တွင်ဖတ်နိုင်သည်။

https://bit.ly/3zJprOo , https://bit.ly/3zGm2Qp

ထို့ကြောင့် သတင်းအမှားတွင်ဖြန့်ဝေနေသည့် YBS ၄၂ ယာဉ်လိုင်း ဓားပြတိုက်ခံရသည်ဖြစ်စဉ် ဖြစ်ပွားခဲ့ ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ပေါ်အခြေခံ၍ လုပ်ကြံရေးသားထားသည့် သတင်းတုတစ်ခုသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

ရေးမြို့ပေါ်ရပ်ကွက်တခုတွင် ဗုံးကွဲ

မွန်ပြည်နယ်  ရေးမြို့ ပေါ်ရပ်ကွက်မှာ ဇူလိုင် ၃၀ ရက် နေ့ ည ၇ နာရီခွဲလောက်ကင ဗုံး ၁ လုံး ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

“လူတွေ သိပ်ပြီး အပြင်မထွက်ရဲကြဘူး၊ တမြို့လုံး နေအိမ်ထဲမှာနေကြတာ ဒီနေ့အထိပါပဲ။ အခုလူတွေ တိတ်ဆိတ်နေတဲ့အချိန် ဗုံးသံက မြို့ပေါ်ရပ်ကွက်အားလုံးနီးပါးကို အသံက ပိုလွမ်းခြုံသွားတော့ စိုးရိမ်စိတ်တွေမှာ တနေ့တခြား ပိုပြီးများလာတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာကို အတိအကျ ဘယ်သူ့ကမှ မပြောနိုင်ပေမဲ့ ညက ပေါက်ကွဲခဲ့တဲ့ဗုံးကြောင့် ထိခိုက်ဒဏ်ရာရတာတွေလည်း မကြားရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေးမြို့နယ်မှာ ဗုံးသံ သေနတ်သံတွေ ကြားလာနေရတာ နေ့စဉ်နီးပါးလောက် ဖြစ်လာနေခဲ့တော့ ဒေသခံအများစုမှာ အသွားအလာတွေမလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

ဒေသဆိုင်ရာ PDF တွေကတော့ စစ်ကောင်စီရဲ့ လက်ပါးစေ မှန်သမျှကို စစ်ဆင်ရေး အရှိန်မြှင့်တင်သွားရန်ဖြစ်တာကြောင့် ပြည်သူများအသွားလာ သတိရှိကြရန် တိုက်တွန်းထား ပါတယ်။

ရေးမြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရ အမိန့်ကို ဒီနေ့အထိ သတ်မှတ်ထားခဲ့သလို ညဘက်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးတွေ လှည့်ကင်း၊ ဝပ်ကင်းတွေ ဆောင်ရွက်နေတဲ့ ကြားက အခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ 

အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့ စည်းက ဖောက်ခွဲခဲ့တာဆို ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ DVB

ပုသိမ်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသားများ သစ္စာအဓိဋ္ဌာန်ပြုပွဲ ပြုလုပ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများက ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ သစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်ခဲ့ကြကြောင်း အကျဥ်းထောင်ဝန်ထမ်းများထံမှ သိရသည်။

နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့အကျဥ်းချခံထားရသည့်အခန်းများတွင် “ တော်လှန်ရေးတွင် မြင့်မြတ် စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်” ၊ “တော်လှန်ရေး ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်” ၊ “တရားမျှတ လွတ် လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်ပါစေသတည်း” ၊ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စသည့် စာသားများအား ရွတ်ဆိုကာ သစ္စာအဓိဋ္ဌာန်ပြုပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း ထောင်ဝန်ထမ်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်း သား ၃၀၀ ကျော် နှင့် နိုင်ငံရေးအကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန် ထမ်းများထံက သိရသည်။ mizzima

« Older Entries