Monthly Archives: Jul 2022

ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးပြီးမှ သတ်ဖြတ်၊ စစ်တပ် တပ်စွဲထားသည့်နေ ရာသို့ PDF များကို လမ်းမှား ခေါ်ဆောင် သွားမှုကြောင့်ဖြစ်ပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေဟု အဖွဲ့ခေါင်း ဆောင်ပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဝက်လက် GZ အဖွဲ့မှ PDF ရဲဘော် ၉ ဦး ဇွန်လ ၂၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံလိုက်ရကြောင်း ဝက်လက် GZ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကို GZ က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့် PDF ၉ ဦးမှာ မိန်းကလေး ၄ ဦး ၊ ယောက်ျားလေး ၅ ဦးပါ အဖွဲ့ဖြစ်ပြီး ဆေးဝါးကုသမှု သင်တန်းသွားရန် အောင်စည်ကျေးရွာသို့ အသွားတွင် ဖမ်းဆီး သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။

“မိန်းကလေးက လေးယောက် ၊ ယော်ကျားလေးက ငါးယောက်ပါ။ ၂၉ ရက်နေ့မှာ ကလေးတွေကို စစ်သင်တန်းသွားဖို့ လိုက်ပို့တာ ။ ကလေးတွေက အောင်စည်ရွာအထိ သွားရမှာ ။ ကျွန်တော်ကိုယ်တိုင် လိုက်ပို့တာ သံတိုင်ကွေ့ရွာအထိ။ အနောက်ခြမ်းအဖွဲ့တွေနဲ့ ဖုန်းဆက်ပြီး အဲ့ဘက်ကပ်မောင်းလို့ရလား လမ်းကြောဘာညာရှင်းလားဆိုပြီးမေးခဲ့ရတယ်။ သံတိုင်ကွေ့ဆိုတာက ရွှေဘို-မန္တလေးလမ်းပေါ်။ သူတို့က အောင်စည်ဘက်ကို အထိသွားရမှာ ။ အောင်စည်နဲ့ သူတို့ထွက်သွားတဲ့ နေရာနဲ့က ၃၅ မိနစ်လောက်တောင် မမောင်းရပါဘူးဗျာ။ ကျွန်တော် ပြန်လာတော့ ထမင်းဝင်စားရင်း စိတ်မချတော့ ကလေးတွေကို ဖုန်းဆက်လိုက်တော့ ကလေးတွေက မိသွားပြီ။ သူတို့ ဖုန်းကို သိမ်းထားတာဗျ။ တခြား အဖွဲ့က လူတွေက စစ်ဆေးနေတဲ့ အသံတွေကြားရတယ်။ အထုပ်တွေ သေချာစစ် သေနတ်ပါလား ဘာညာနဲ့ အဲလိုတွေ ကြားရတယ်” ဟု ကို GZ က ပြောသည်။

နောက်ဆုံး သတင်းရချက်အရ ဖမ်းဆီးခံ PDF များသည် အောင်စည်သို့ မရောက်ဘဲ သံတိုင်ကွေ့မှ စစ်တပ်တပ်စွဲထားသော ပလိုင်းရွာစာသင် ကျောင်းထဲသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ပလိုင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားသည်မှာ တစ်နှစ်ရှိပြီဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။

“ကလေးတွေက ပလိုင်းစာသင်ကျောင်းထဲကို ဝင်သွားပြီ။ အဲ့မှာ သေနတ်သံလည်း ကြားရတယ်။ ကလေးတွေက စာသင်ကျောင်းထဲကို တန်းပြီး ဝင်သွားတာတဲ့။ ပလိုင်းဆိုတာက ပြောမယ်ဆိုရင် ကျွန်တော်တို့ သွားမယ့် လမ်းနဲ့ တခြားစီပဲဗျ။ တစ်ဆက်တည်းပေမယ့် မြင်းခြံရွာရောက်ရင် အနောက်ချိုးရမှာ အောင်စည်က ။ တန်းသွားလို့ရှိရင် ခွန်ဆိပ်ရောက်မယ်။ ခွန်ဆိပ်ပြီးမှ ပလိုင်းရောက်မယ်။ ကျွန်တော့် ကလေးတွေက အဲ့ဘက်ကို သိလည်း မသိဘူး။ သွားလည်း မသွားတတ်ဘူး ။ အဲဒီ ၉ ယောက်ထဲမှာ အောင်စည် ရောက်ဖူးတဲ့ ကလေးက လေးယောက်လောက်ပါတာ ဖြစ်တဲ့အတွက် ကျွန်တော်က သံတိုင်ကွေ့ကနေ စိတ်ချပြီး ပို့လိုက်တာပေါ့ဗျာ။ လမ်းမှာလည်း PDF အဖွဲ့အချင်းချင်းက အချိတ်အဆက်ရှိတယ်ဆိုတော့ ။ ခွေးတွေက ပလိုင်းမှာ တပ်စွဲထားတာ တစ်နှစ်ကျော်ပြီ။ အကောင် ၂၀ လောက်က အမြဲတမ်းတပ်စွဲထားတယ်။ နောက်ဆုံးကြားတာတော့ လူတစ်ယောက်က သူတို့ကို အဲဒီထဲပလိုင်းထဲ ပို့လိုက်တာ ။ အဲဒါလိုက်နေတာ။ အဲဒါ ဘယ်လိုချိတ်ပြီး ပလိုင်းထဲ ထည့်လိုက်တာလဲပေါ့။ ပလိုင်းနဲ့ သံတိုင်ကွေ့နဲ့က မိနစ် ၃၅ မိနစ် ၊ ၄၀ လောက် ခပ်သွက်သွက်စီးမှ ရောက်တာ ။ ဒါပေမဲ့ ၁၅ မိနစ်လောက်အတွင်းမှာ ကျွန်တော့် ကလေးတွေက ကြားမှာ ဖြတ် အဖမ်းခံရတယ်ဆိုတော့ စဉ်းစားစရာတွေ ဖြစ်တာပေါ့။ အဲ့လို ဖမ်းခံရတော့ သတင်းတွေက အမျိုးမျိုးထွက်တာပေါ့ဗျာ။ ၂ ယောက်လွတ်တယ်။ ၃ ယောက် လွတ်တယ်။ ကျန်တဲ့ လူတွေက အသတ်ခံရတယ်ပေါ့။ ကျွန်တော်တို့က မယုံနိုင်ဘူး။ အခုကတော့ ပုံတွေက တက်လာပြီး ကျင်းထဲမှာ ခွေးတွေက ပစ်သတ်ထားတဲ့တာ ၉ ဦးလုံးကို” ဟု ဝက်လက်GZ ခေါင်းဆောင်က ရန်ကုန်ခေတ် သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါ PDF ၉ ဦး မည်သည့်အတွက်ကြောင့် ပလိုင်းရွာထဲ ရောက်သွားသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်ကြောင်း ဝက်လက် GZ အဖွဲ့ထံမှ သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်သူများမှာ အသက် ၁၄ နှစ်အရွယ် မပပခိုင်၊ အသက် ၁၅ နှစ်အရွယ် မဝင်းအိကျော်၊ အသက် ၂၄ နှစ်အရွယ် မနိုင်နိုင်အောင်၊ အသက် ၃၄ နှစ်ရွယ် မသစ်သစ်လှိုင်၊ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်၊ အသက် ၁၇ နှစ်အရွယ် ကိုဘုန်းကျော်၊ အသက် ၂၁ နှစ်အရွယ် ကိုသိန်းသန်းဦး၊ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုးနှင့် အသက် ၂၇ နှစ်အရွယ် ကိုဖိုးငြိမ်းတို့ဖြစ်ကြသည်။ khit thit

စစ်တပ်ထုတ်ကုန် အရက်ဘီယာနှင့် ကုန်ပစ္စည်းများ ဆိပ်ဖြူ PDF ဖျက်ဆီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက  စစ်တပ်ပိုင် ထုတ်ကုန်တွေဖြစ်တဲ့ အရက်၊ ဘီယာနဲ့ ကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိပ်ဖြူဘာမထီ-PDF တပ်ခွဲမှူး ကိုပိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ ဇွန် ၃၀ ရက်က ဆိပ်ဖြူဘာမထီ-PDF က ကုန်တင်ကားတစီးကို စစ်ဆေးရာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ အရက်၊ ဘီ ယာတွေနဲ့ ပစ္စည်းတွေပါလာလို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တပ်ဖွဲ့တွေက ကားသမားတွေကို စစ်တပ်ထုတ်ကုန်တွေ မတင်ဖို့ အကြိမ်ကြိမ် သတိပေးထားပြီးပြီဗျ။ သူတို့ဘက်က လိုက်နာမှုမရှိတာကြောင့် အခုလို ဖျက်ဆီးခဲ့တာ။”

စစ်ကောင်စီတပ်ရဲ့ အဓိက စီးပွားရေးဒေါက်တိုင်တွေဖြစ်သလို အဲဒီကရတဲ့ အကျိုးအမြတ်တွေ၊ အခွန်ငွေတွေနဲ့ ပြည်သူကို ဒုက္ခအမျိုးမျိုးပေးဖို့ လက်နက်တွေ၊ ကျည်ဆန်တွေ ဖြည့်ဆည်းပေးနိုင်အောင် အားပေးရာရောက်လို့ အဲဒီကုန်ပစ္စည်းတွေကို ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှကို သပိတ်မှောက်ပေးခြင်းနဲ့ ပါ ဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဆိပ်ဖြူဘာမထီ-PDF အနေနဲ့ ဇွန် ၂၉ ရက်ကလည်း ကုန်တင်ကားတစီးမှာ စစ်ကောင်စီတပ်ရဲ့ ထုတ်ကုန်ပစ္စည်းတွေ တင်ဆောင်လာလို့ အဲဒီပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ DVB

စစ်ကောင်စီ၏ လေယာဉ်က ၎င်းတို့၏ စစ် သားများအပေါ် ဗုံးမှားကျဲမှု ကြောင့် အများအပြား သေဆုံးဟု KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဗီဒီယိုနှင့်တကွ သ တင်းထုတ်ပြန်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဥကရစ်ထ စခန်းကို စစ်ကူပေးရန် စစ်ကောင်စီတပ်က ကြိုးပမ်းလျက်ရှိနေချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်က ကျဲချလိုက်သော ဗုံးသည် ၎င်း၏ တပ်သားများအပေါ် ကျရောက်‌၍ သေဆုံးစေခဲ့ကြောင်း KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်လိုက်သည်။

“ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။ စစ်တပ် ၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်” ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်တပ်ဥကရစ်ထစခန်းကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်း ကြောင်းဖြင့် စစ်ကူပေးရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။

KNDO အထူးကွန်မန်ဒို Venom စစ်ကြောင်းက ထုတ်ပြန်သော ဗီဒီယိုကို Facebook လူမှုကွန်ရက်၏ စံချိန်စံညွှန်းများအရ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ခေတ်သစ်၏ တယ်လီဂရမ်နှင့် အခြားသော လူမှုကွန်ရက်များတွင်သာ တည်းဖြတ်၍ တင်ပြပေးထားပါသည်။ khit thit

အပြင်မှာ ဈေးတက် ဝယ်ရခက်နေသည့် စက်သုံးဆီ ဗိုလ်ချုပ်ဇော်မင်းထွန်းထံတွင် လုံ လောက် ပိုလျှံနေ

နိုင်ငံအတွင်း စက်သုံးဆီဈေးနှုန်းတွေ အရင်နှစ်တွေကထက် ပိုမြင့်တက်လာခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်တွင်းသုံးစွဲဖို့ လုံလောက်တဲ့အပြင် အရန်စက်သုံးဆီတွေကိုပါ သိုလှောင်ထားနိုင်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်း စက်သုံးဆီဈေးတွေ စံချိန်တင်မြင့်တက်ခဲ့ပြီး 92 တလီတာကို ၂,၃၀၀ ကျပ်ကျော်နဲ့ 95/ပရီမီယံဒီဇယ် စတာတွေက တလီတာကို ၂,၅၀၀ ကျပ်ကျော်အထိ မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စက်သုံးဆီ ပြည်တွင်းသုံးစွဲဖို့ ဖူလုံတဲ့အခြေအနေကို ရောက်နေပြီလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

“ပြည်တွင်းကို စက်သုံးဆီတင်သွင်းမှုတွေ စနစ်တကျ စိစစ်ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီဖြန့်ဖြူးမှု ကွင်းဆက်တခုလုံး ဟန်ချက်ညီ ထိန်း ချုပ်ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ ယာယီအားဖြင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတာ ဖြစ်နိုင်ပေမဲ့ ဒီလိုအခက် အခဲတွေ လျော့ပါးဖို့အတွက် ကုမ္ပဏီတွေနဲ့ လက်လီဆိုင်တွေကြားမှာ အခက်အခဲ‌‌တွေ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်နေတာဟာ အဓိကအားဖြင့် ကမ္ဘာ့စက်သုံးဆီဈေး မြင့်တက်နေတာကြောင့်သာ ဖြစ်တယ်လို့ ဆိုပြီး အိမ်နီး ချင်းနိုင်ငံတွေမှာလည်း စက်သုံးဆီဈေးတွေ အလားတူ မြင့်တက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးတွေကတော့ လတ်တလော အနည်းငယ်ပြန်ကျလာခဲ့ပြီး 92 တလီတာကို ၂,၂၀၀ ကျော်၊ 95 နဲ့ ပရီမီယံဒီဇယ် တလီ တာ ၂,၅၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။

စက်သုံးဆီတွေလုံလောက်ပိုလျှံနေတယ်လို့ စစ်ကောင်စီကပြောနေပေမဲ့ မန္တလေးမှာတော့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက လက် လီ အရောင်းဆိုင်တွေကို အလျင်မှီအောင် ပြန်လည်ရောင်းချပေးနိုင်မှုမရှိလို့ ဆိုင်တွေ ပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ မန္တလေးအ ခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီ ပန့်အရောင်းဆိုင်တွေက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မန္တလေး စက်သုံးဆီ ပန့်အရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၉၅ အမျိုးအစားက ရောင်းစရာ မရှိတော့သလို ဓာတ်ဆီ ၉၂ နဲ့ ဒီဇယ်လည်း ပြတ်သလောက် ရှိနေပြီလို့ စက်သုံးဆီပန့် အရောင်းဆိုင် အရောင်းဆိုင်တွေထံက သိရပါတယ်။ DVB

ကနီမြို့နယ်တွင် စစ်တပ် ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၅ ဦး၏ ၁ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

khit thit

PDF ၂၀၀ ကျော် အလင်းဝင်ခဲ့ဟု စစ်ကောင်စီပြော၊ ထက်ဝက်ကျော်က တိုက်ခိုက်မှုမရှိသည့် ဧရာဝတီတိုင်းမှ ဖြစ်နေ

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ အလင်းဝင်လာတဲ့ PDF အယောက် ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၁ ရက် နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောတာဖြစ်ပြီး အများစုကို အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၀ ခုက မြို့နယ် ၃၆ ခုမှာ အလင်းဝင်ခဲ့ကြတာဖြစ်ပြီး အမျိုးသား ၁၅၆ ယောက်၊ အမျိုးသမီး ၄၉ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။

ကယား၊ ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မွန်၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီတိုင်းတို့က PDF တွေ အလင်းဝင်ခဲ့ကြတယ်လို့ စာရင်းမှာ ဖော် ပြထားပြီး လက်နက်ခဲယမ်းပါသူ တယောက်မှ မရှိပါဘူး။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တယောက်စီ အလင်းဝင်ခဲ့ကြတယ်လို့ဆိုပြီး လက်ရှိ တော်လှန်ရေးလှုပ်ရှားမှုတွေထဲမှာ PDF အနည်းဆုံးဖြစ်တဲ့ ဧရာဝတီတိုင်းက မြို့နယ် ၂၀ မှာ လူဦးရေ ၁၁၉ ယောက် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံးမှာတော့ ၂၀၅ ယောက် အလင်းဝင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အလင်းဝင်ခဲ့သူတွေထဲမှာ ပဲခူးတိုင်းက အမျိုးသား ၆ ယောက်၊ ဧရာဝတီတိုင်းက အမျိုးသား ၆၇ ယောက်နဲ့ အမျိုးသမီး ၂၅ ယောက်တို့ကို အမှုဖွင့်ထားတယ်လို့လည်း ဆိုပါတယ်။

တချို့မြို့နယ်တွေမှာ အလင်းဝင်လာတယ်ဆိုတဲ့ PDF တွေဟာ စစ်ကောင်စီက သတင်းမှား လုပ်ကြံထားတာတွေဖြစ်တယ်လို့ သက်ဆိုင်ရာ PDF အဖွဲ့တွေက ပြောဆိုထားပါတယ်။  စစ်ကောင်စီက ဝါဒဖြန့်တဲ့အနေနဲ့ ဓာတ်ပုံနဲ့တကွထုတ်ပြတဲ့ အလင်းဝင်တယ်ဆိုတဲ့  PDF တွေထဲမှာ သက်ကြီးရွယ်အိုတွေလည်း ပါဝင်ပြီး  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဘယ်နေရာကမှ မပါတဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ DVB

ဧရာဝတီတိုင်း၊ ကြံခင်းတွင် PDF စခန်း သိမ်း ဆည်းခံရ ၊ ဂန့်ဂေါတွင်လည်း PDF နှင့် စစ် တပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်

ဧရာဝတီတိုင်း ကြံခင်းမြို့နယ် မျှင်ဝါးတောင်အုပ်စု ရခိုင်ရိုးမအစပ်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ ယနေ့ ဇူ လိုင်လ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး PDF စခန်း အသိမ်းခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရခိုင်ရိုးမ အစပ်ရှိ ရိုးမဧရာအဖွဲ့ အခြေစိုက်ရာ စခန်း တစ်ခုကို အင်အား ၆၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုး စီးနင်းလာ ခြင်းကြောင့်ဟရိုးမဧရာအဖွဲ့မှ ပြန်လည် ခုခံ တိုက်ခိုက်သောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်အင်အား မမျှသောကြောင့် စခန်းအား စွန့်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ စီးနင်းမှု ဖြစ်စဥ်အတွင်း တော်လှန်ရေး ရဲဘော်များ အားလုံး ထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စခန်းရှိ ကျန်ရှိခဲ့သော ပစ္စည်းများ ဆုံးရှုံးခဲ့သောကြောင့် အကူအညီ များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်မကွေးတိုင်း ဂန့်ဂေါမြို့ပေါ် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို အောင်မြင်ရွာနှင့် အနောက်ဘက်ဂန့်ဂေါ အကြားတွင် PD F တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း PDF-GANGAW-တောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂန့်ဂေါမြို့ပေါ်မှအင်အား ၆၀ ခန့်ဖြင့် WE LOVE တံတားအတိုင်း ဂန့်ဂေါ အနောက်ဘက် သို့ စစ် ကြောင်း ထိုးလာစဥ် PDF-GANGAW (တောင်ပိုင်း) အဖွဲ့နှင့် KKG တပ်ရင်း ၆ အဖွဲ့တို့မှ ပူးပေါင်း စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ထိတွေ့ တိုက်ပွဲ အတွင်း စစ်သား ၂ ဦး လဲကျသွား​သော်လည်း သေဆုံးခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်မြင်ရွာ ဘုန်းကြီးကျောင်းနှင့် ဂန့်ဂေါ-အိုက္ကားလမ်းပေါ်သို့ရောက်ရှိနေပြီး ၎င်းနေရာ တစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဂန့်ဂေါ-မင်းရွာ လမ်းပိုင်းနှင့် ဂန့်ဂေါ-အိုက္ကားလမ်းပိုင်းတို့အား ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် မေတ္တာရပ်ခံကြောင်း PDF-GANGAW တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ khit thit

လူ ၃၀၀၀ ခန့်ကို ရွေးကောက်ပွဲအမှုဖြင့် အ ရေးယူမည်ဟု စစ်ကောင်စီကော်မရှင်ပြော

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် လူပေါင်း ၃၀၀၀ လောက်ကို အရေးယူဖို့ ပြင်ဆင်နေပြီး ၅၈ မှုကိုတော့ ပြစ်ဒဏ်ချမှတ်ပြီးပြီလို့ စစ်ကောင်စီသြဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ဇူလိုင် ၁ ရက်က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောသွားတာဖြစ်ပြီး နိုင်ငံတော်သ မ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ကြီးဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားမဲ့မှုပြုခဲ့ရာမှာ ပါဝင်ပတ်သက်သူတွေလို့ စွပ်စွဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ၊ မဲမသမာမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေမှာ ပါဝင်ခဲ့သူတွေအဖြစ် လူပေါင်း ၄၈၉ ယောက်ကို အမှုပေါင်း ၃၆၄ မှု နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး ၁၃၇ မှုကို စွဲဆိုပြီးပြီလို့ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောပါတယ်။ အဲဒီ ၁၃၇ မှုနဲ့ လူပေါင်း ၁၇၀ တရား စွဲဆိုခံထားရပြီး ၅၈ မှု အတွက် ပြစ်ဒဏ်တွေချပြီးပြီလို့လည်း သူကပြောပါတယ်။ 

ဒါ့အပြင် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စနစ်တကျ ကြီးကြပ်ကွပ်ကဲဖို့ ပျက်ကွက်ခဲ့သူတွေအဖြစ် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ပေါင်း ၂၄၁၇ ယောက် ရှိတယ်လို့ပြောပြီး ပြစ်မှုကျူးလွန်သူ ၂၁၇၃ ယောက် ရှိတယ်လို့လည်းပြောပါတယ်။ ဒီထဲမှာ ၃၆၉ မှုကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ၄ မှု ကျန်သေးတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အမှုပေါင်း ၁၀၇၇ မှု ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခဲ့တာက ၅၄၆ မှု ရှိတယ်လို့ သူကပြောပါတယ်။ ဒီထဲမှာ အမှု ၂၀၀ ကို ပိတ်သိမ်းခဲ့ပြီး တမှုကတော့ ဥပဒေအကြံပြုချက် တောင်းခံဆဲဖြစ်လို့ ၃၄၅ မှု ကို တရားစွဲတင်ထားပြီလို့လည်း သူကပြောပါတယ်။

စစ်ကောင်စီ ကော်မရှင်ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အပြစ် မရှိကြောင်း တရားရုံးမှာ ငြင်းဆိုထားသလို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွပ်စွဲထားတဲ့ ရွေးကောက်ပွဲအမှု ၂ မှုကိုလည်း တရားရုံးက ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ပါတယ်။ DVB

ဥကရစ်ထတိုက်ပွဲတွင် လေကြောင်းပစ်ကူသုံးပြီးခုခံနေရဟု စစ်ကောင်စီပြောခွင့်ရသူဆို

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်၊ ဝေါလေဒေသအနီး ဥကရစ်ထစစ်ကာင်စီစခန်းကို လေကြောင်းပစ်ကူများ အသုံးပြုပြီးခုခံနေရသည့်အတွက် စခန်းကျဆုံးခြင်းမရှိသေးဟု စစ်ကောင်စီပြောခွင့်ရသူ ဇော်မင်းထွန်းကပြောသည်။

“ တပ်ဌာနတွေကနေ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတို့ကို အချိန်ကိုက် နေရာကိုက်ပေးခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေ (တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ) အနေဖြင့် စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသေး ” ဟု ၎င်းကဆိုသည်။

ယနေ့ ဇူလိုင် ၁ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုလာခြင်း လည်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း တစ်ဖက်ထိုင်းနိုင်ငံအတွင်းသို့ စစ်ကောင်စီ၏လေယာဉ်မှနေ၍ ပိုင်နက်ကျူးကျော် ဝင်ရောက်မှုရှိခဲ့သဖြင့် တောင်းပန်ခဲ့ရ သေးသည်။

ဇွန်လတတိယအပတ်မှစတင်ဖြစ်ပွားနေသည့် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ် ခုခံနေသောကြောင့် အနီးတဝိုက်မှ ဒေသခံများပါ ထွက်ပြေးနေရသည်။

ပြည်တွင်းစစ်ပွဲများအတွင်း စစ်တပ်ကထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းမှာ ယခင်အရပ်သားအစိုးရ လက်ထက်တည်းကရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများပြင်းထန်ခဲ့စဉ်ကလည်း စစ်တပ်နေအဖြင့် လေကြောင်း တိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

“ စစ်ရေးအရဆိုရင် လေကြောင်းအားသာမှုဆိုပြီး သုံးကြတယ်ပေါ့နော်။ ကျွန်တော်တို့ CDM မလုပ်ခင် လေတပ်ကို တိုက်စစ်တွေမှာသုံးတယ်။ ခံစစ်မှာသုံးခဲတယ်။ ရခိုင်ဘက်မှာတော့ မီးဝ စခန်းအပါအဝင် ချင်းတောင်တန်းတွေဘက်ခြမ်းမှာ သုံးတယ်။ ဒါပေမဲ့ ရာသီဥတုနဲ့ မြေအနေအ ထား ကြောင့် အရာမရောက်ခဲ့ဘူး ” ဟု CDMဗိုလ်ကြီး ဇင်ယော်က မဇ္ဈိမသို့ပြောသည်၊

အာဏာသိမ်းပြီးနောက်တွင်ဖြစ်ပွားသည့် ပြည်သူလူထု၏ ခုခံတော်လှန်စစ်များနှင့်ကြုံတွေ့နေရချိန် တွင်လည်း စစ်ကောင်စီသည် လက် နက်ကြီးများအသုံးပြုခြင်း၊ အင်အာအလွန်အကျွံ အသုံးပြုခြင်းအပြင် ရပ်ရွာများကို မီးရှို့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကိုပါ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်နေသည်ကိုတွေ့ရသည်။

လက်ရှိ ဥကရစ်ထတိုက်ပွဲတွင် ပြည်ပနိုင်ငံ၏နယ်နိမိတ်ထဲရောက်ရှိသည်အထိ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်သည် အာဆီယံ၏ဘုံသ ဘောတူညီချက်ငါးချက်ကို အကောင် အထည်ဖော်ရေးအပြင် ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်နေကြောင်း စစ်ကောင်စီခေါင်းဆောင်မှ ပြောကြားနေချိန် ဖြစ်သည်။

ဇွန်လ ၃၀ ရက်နေ့တွင် အာဆီယံ၏အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရာ၌ စစ်ကောင်စီ၏ ခေါင်းဆောင်က “လူ့အသက်ထက်အရေးကြီးတာဘာမျှမရှိ” ဟူ သည့်မူဝါဒကို ထားရှိဆောင်ရွက်နေကြောင်းလည်းပြောဆိုခဲ့သေးသည်။ mizzima

မြန်မာစစ်တပ်က ကလေးများကို နှိပ်စက်သတ် ဖြတ်နေ၊ လုံခြုံရေးကောင်စီ အမြန်အရေးယူရန် တောင်းဆို

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး သေဆုံးခဲ့တဲ့ ကလေးသူငယ် အရေအတွက်ဟာ ထိတ်လန့်စရာကောင်းအောင်များပြားနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇွန် ၂၉ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံ ပြောကြားလိုက်တာဖြစ်ပြီး  နိုင်ငံတကာရဲ့ မြန်မာအရေးဆောင်ရွက်ချက်တွေ အလုပ်မဖြစ်လို့ လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံက ကလေးငယ် အမြောက်အမြား  လူအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ အကြမ်းဖက်မှုခံခဲ့ရတဲ့ အပေါ်မှာ မြန်မာစစ်တပ်က လုံးလုံးလျားလျား တာဝန်ရှိတယ်လို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

ပြန်လည်ပြုပြင်လို့မရနိုင်တဲ့  ထိခိုက်နစ်နာမှုတွေ ကြုံခဲ့ရပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ လူငယ်တွေနဲ့ သူတွေ့ဆုံခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အတိုက်အခံတွေအပေါ် စစ်တပ်ရဲ့ သွေးထွက်သံယို နှိမ်နင်းမှုတွေကြောင့် အရပ်သားပြည်သူ ၂,၅၀၀ ကျော်သေဆုံးပြီး လူပေါင်း ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်းဟာ အခုဆိုရင် ၁၁,၀၀၀ ကျော်ရှိသွားပြီး သေဒဏ်ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကိုလည်း ကွပ်မျက်မယ်လို့ စစ်အာဏာရှင်က ကြေညာထားပါတယ်။ 

ဖမ်းဆီးခံရသူတွေအထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေ ၁,၄၀၀ ကျော်ရှိပြီး ၃၈၂ ယောက်က အသတ်ခံရတာ ဒါမှမဟုတ် သေရာပါဒဏ်ရာရခဲ့တာနဲ့ ၁၄၂ ယောက်ကတော့ စစ်ကြောရေးမှာ ထိန်းသိမ်းခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့ သောမတ်စ်အန်ဒရူးစ်က ပြောပါတယ်။

“ဒီကလေးတွေဟာ ရိုက်နှက်ခံရ၊ ဓားနဲ့ဖြတ်ခံရ၊ အထိုးခံရတာ၊ ဆေးလိပ်မီးနဲ့တို့ခံရတာ၊ လက်သည်းခွံတွေ ခွာခံရ၊ သွားတွေအနုတ်ခံရတာ၊ အတင်းအဓမ္မ ဒဏ်ပေးခံထားရတာ၊  သတ်ဖြတ်ပစ်မယ့်ပုံစံမျိုး ခြိမ်းခြောက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ ခံစားခဲ့ရတယ်။”

အခုလို အရပ်သားတွေအပေါ် အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။

ဒီကျူးလွန်မှုတွေကို အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာဟာ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုလို့ဆိုးရွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း သောမတ်စ် အန်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အခုတနှစ်အတွင်းမှာပဲ ကလေးငယ်ပေါင်း ၃၃,၀၀၀ လောက်ဟာ  ပုံမှန်ကာကွယ်ဆေးမထိုးနိုင်တဲ့အတွက် ကာကွယ်နိုင်တဲ့ရောဂါတွေနဲ့ သေဆုံးနိုင်ဖွယ်ရှိနေပြီး ကလေးငယ် ၅ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာအရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေ အလုပ်မဖြစ်တဲ့အကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အကောင်အထည်ပြနိုင်တဲ့ ရလဒ်ထွက်မလာကြောင်းနဲ့ လုံခြုံရေးကောင်စီအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့နဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်တွေ ချမှတ်လုပ်ဆောင်ဖို့ မြန်မာပြည်သူတွေက ဆက်လက်စောင့်ဆိုင်းနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က တိုက်တွန်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကိုတော့ စစ်ကောင်စီ ကိုယ်စားလှယ်ရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ် စားလှယ်ပါ တက်ရောက်တာမရှိတဲ့အတွက် မြန်မာထိုင်ခုံနေရာမှာ လစ်လပ်နေပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံ ပြောဆို ဆုံးဖြတ်ချက်ချတာတွေနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက ပါဝင်ခြင်းမရှိသလို အမြဲတမ်း ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်လေ့ ရှိပါတယ်။ DVB

« Older Entries