Monthly Archives: Jul 2022

ညောင်ရွှေတွင် မစ်ရှင်ပြုလုပ်မည်ဖြစ်သဖြင့် ပြည်သူများ ဂရုစိုက်သွားလာရန် AFJ အဖွဲ့ သတိပေး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့်အနီးတဝိုက်တွင်မစ်ရှင်ပြုလုပ်မည်ဖြစ်သဖြင့် ပြည်သူများ ဂရုစိုက်သွားလာကြရန် ပြည်သူ့ဘက်တော်သားပြောက်ကျားတပ်ဖွဲ့ (Assassin For Justice – AFJ)က သတိပေး ထားသည်။

” ဇူလိုင်လမှ စတင်၍ ညောင်ရွှေမြို့နှင့် မြို့အနီးတစ်ဝိုက်နေရာများတွင် AFJ အဖွဲ့မှ မစ်ရှင်ပြုလုပ်ရန်ရှိသဖြင့် မြို့နေပြည်သူများ ဂရုတစိုက်သွားလာကြရန် ” ဟူ၍ အဆိုပါအဖွဲ့က သတိပေးထားသည်။

သတိပေးချက်ကို ဇူလိုင်လ ၁ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများကိုညှဉ်းပန်းနှိပ်စက်သူဖြစ်စေ၊ သတင်းပေးဒလန်များ၏ ကိုယ်ရေးအချက် အလက်များကို သက်သေအထောက်အထား ပြည့်စုံစွာဖြစ်စေ AFJ သို့ ဆက်သွယ် သတင်းပေးပို့နိုင်ကြောင်းဆိုသည်။

AFJ ပြောက်ကျားတပ်ဖွဲ့သည် စစ်အာဏာရှင် သက်ဆိုးမရှည်စေရန် နည်းမျိုးစုံဖြင့် ဖြတ်တောက်ရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေး၊ အခြား PDF များနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့်မရစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါပြောက်ကျားတပ်ဖွဲ့အနေဖြင့် မေလ ၉ ရက်နေ့တွင် အင်းလေးဒေသ ပြည်သူ့စစ်ခေါင်းဆောင်နှင့် သားမက်ဖြစ်သူ တို့ကိုပစ်ခတ်ရှင်း လင်းခဲ့သေးကြောင်း သိရသည်။ mizzima

အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးစေခဲ့သော သေ့ဘောဘိုးစစ်ရှောင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တိုက်လေယာဉ် ဗုံးကျဲမှု မြင်ကွင်း၊ ယခုညလည်း လေယာဉ်ဖြင့် ဗုံးကျဲ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီ ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးပြီး ဒဏ်ရာရသူများရှိပြီး မြစ်ကမ်းနားနေ ထိုင်းပြည်သူများ ထွက်ပြေးရ ကြောင်း ဒေသခံများထံမှ သိရှိရသည်။

Cobra Colum စစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီလေတပ်မှ တပ်မဟာ (၆) နယ်မြေအတွင်းရှိ သေ့ဘော့ဘိုးကျေးရွာအတွင်းသို့ ဇူလိုင် ၁ ရက်နေ့ ည ၇နာရီ ခွဲခန့်အချိန်တွင် ဗုံးကြဲချသွားခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂)ဦး ကျဆုံးခဲ့ရပြီး၊ ကျောင်းသားကျောင်းသူများအပါအဝင် အပြစ်မဲ့ပြည်သူ (၆) ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းတွင်လည်း လေယာဉ်ဖြင့် ဗုံးကျဲသွားကြောင်း သိရှိရသည်။

“ဒီည တောင်ညီ ဘောလုံးကွင်းမှာ လေယာဉ်နဲ့ လာကျဲတာ ဗုံးတစ်လုံးကျတယ်။ တစ်ဦးက ခြေထောက်ထိတယ်။ တစ်ဦးက ရင်ဘတ်ကို ၃ ချက်ထိတယ်။ အခု ဆုံဆည်းမြိုင်မှာ ဘယ်သူမှ မီးမထွန်းရဲဘဲ အမှောင်ထဲမှာ နေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။khit thit

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာအနီး ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ နေအိမ်များ ကျည်ထိမှန်

စစ်ကောင်စီသည် မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသ၊ သေ့ဘောဘိုးကျေးရွာကို ဇူလိုင် ၁ ရက်နေ့ ညပိုင်းက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ နေအိမ် သုံးလုံးကို ကျည်ထိမှန်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သေ့ဘောဘိုးကျေးရွာရှိ ဒေသခံ သုံးဦး သေဆုံးခဲ့သည့် အပြင် ထိုင်းနိုင်ငံဘက်ခြမ်းရှိ နေအိမ်များကိုပါ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်သို့ ကျရောက်၍ ထိမှန်ခဲ့သည့် ထိုင်းပြည်သူများ၏ နေအိမ် သုံး လုံးကို ထိုင်းနိုင်ငံ အစိုးရမှ ပြင်ဆင်ပေးခဲ့သည်။

စစ်ကောင်စီမှ ထိုင်းနိုင်ငံဘက်သို့ လေကြောင်းကျူးကျော်ခြင်း၊ လက်နက်ငယ် လက်နက်ကြီးကျည်များ ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခြင်းများ အပြင် စစ်ကောင်စီကြောင့် ထိုင်းလူမျိုးပိုင် ကားတစ်စီး ကျည်ထိမှန်ခြင်းများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုင်းအစိုးရသည် ၎င်းတို့၏ နယ်စပ်မျဉ်းတစ်လျှောက်တွင် တိုက်လေယာဉ်များဖြင့် ပျံသန်းကင်းလှည့်နေပြီး စစ်အင်အား အများအပြားဖြင့် နယ်စပ်တွင် စောင့်ကြပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ထိုင်းနိုင်ငံဘက်ခြမ်းနယ်စပ် စည်းမျဉ်းကျော်ကာ ဝင်ရောက် လာ၍ စစ်ကောင်စီမှ ထိုင်းဝန်ကြီးကို တောင်းပန်ခဲ့ရသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် သေ့ဘောဘိုးကျေးရွာ အနီးရှိ ထိုင်းနိုင်ငံဘက်ခြမ်းမှ ဒေသခံများ ဖုတ်ဖရမြို့ပါ် စစ်ရှောင်နေရကြောင်းသိရသည်။ mizzima

ရန်ကုန်တိုင်း၊ သာကေတ၊ ကွမ်းခြံကုန်းနှင့် တွံ့တေးတို့တွင် မိုင်းခွဲမှုနှင့်ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွား

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့်တွံ့တေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်များနှင့် စစ်တပ်ဘက်တော်သားများကို မိုင်းခွဲမှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များ နှင့်ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၉ နာရီ ဝန်းကျင်တွင် ကွမ်းခြံကုန်းမြို့နယ် ပကဖ နှင့် မြို့ပြတော်လှန်ရေးတပ်ဦး – URF တို့ ပူးပေါင်းကာ ကွမ်းခြံကုန်း – တော်ကူး ကားလမ်းကုက္ကိုပင် တံတား အနီးတွင် စစ်ကောင်စီကို အထောက်အပံ့ပြုနေသော ပျူစောထီးများလိုက်ပါလာသောကားကို မိုင်းဆွဲတိုက်ခဲ့ကြောင်း၊ ပျူစောထီး ၂ ဦးထိခိုက်ဒဏ်ရာရရှိပြီး ​သေဆုံးမှုကိုအတိအကျမသိရ​သေးကြောင်း၊ ထိခိုက်မှုကို စစ်တပ်က သတင်းဖျောက်ထားပြီး မိုင်းခွဲခံရသော ပျူစောထီးများ စီးနင်းလာသော ကားမှာလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ ယနေ့ ဇွန်လ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် သာကေတမြို့နယ် ၊၇ရပ်ကွက် ၊၈ရပ်ကွက် နှင့်အဝိုင်းကြီး အနီးတွင် ဗုံးပေါက်ကွဲသံ ကြားရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် တွံတေးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၏နေအိမ်‌များကို မြို့ပြပြောက်ကျား(တွံတေး)အဖွဲ့က ယမန့်နေ့ညပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင် (၁)ရက် ညပိုင်းက တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးနေအိမ်၊ အိုးဘို(အ နောက်) ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လူယုံ ရာအိမ်မှူး အောင်မြင့်ထွန်းနေအိမ်၊ ဈေးသစ်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထင်ကျော်၏နေအိမ်နှင့် အိုးဘို(အရှေ့)ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုးလူယုံ တင်ထွန်း၏နေအိမ်များကို တွံတေးမြို့ပြပြောက် ကျားတပ်ဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများတွင် ဈေးသစ်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထင်ကျော် ၏နေအိမ် နှင့် အိုးဘိုအရှေ့ရပ်ကွက် ရာအိမ်မှူးနေအိမ်များတွင် ထောင်ထားသော မိုင်းများချို့ယွင်း၍ မပေါက်ကွဲခဲ့ကြောင်း၊ ကျန်မိုင်းများ ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။ khit thit

မင်းတပ်မြို့နယ် ချပ်ရွာသို့ စစ်ကောင်းစီမှ တိုက်လေယာဉ်၂စင်းဖြင့်ပစ်ခတ်၊ ထိခိုက်ဒဏ်ရာရသူများပြား

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ချပ်ရွာထဲသို့ ယနေ့ ဇူလိုင်လ၂ရက် ၁၁နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီမှ ဂျက်အပြာရောင်တိုက် လေယာဉ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သိရသည်။

”ရွာထဲကို အပြာရောင်ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့လာပစ်တာ။လောလောဆယ် ပြည်သူ ၅ဦးတော့ဒဏ်ရာရနေတယ်။ဆေးရုံပို့ဖို့ပြင်ဆင်နေတယ်။ဒီထက်များလာဖို့ပဲရှိတယ်”ဟု ချပ်ရွာနေသူတစ်ဦးကဆိုသည်။

အဆိုပါချပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ရုတ်တရက်ဂျက်တိုက်လေယာဉ်များလာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး၊ပထမဆုံးအကြိမ်အဖြစ်စစ်ကောင်စီတပ်မှမင်းတပ်မြို့နယ်အတွက်ဂျက်တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်ခြင်းလည်းဖြစ်သည်။ mizzima

ကျောက်တော်ဒေသခံ ၃ ဦး နိုင်ငံအကြည် ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

စစ်ကောင်စီတပ်က ဖမ်းသွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှ ဒေသခံ ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများဖြင့် ဇွန် ၃၀ တွင် အမှုဖွင့်ထားကြောင်း မြို့ခံများက Myanmar Now ကို ပြောသည်။ 

ပြည်တော်သာရပ်ကွက်နေ လူမှုရေးတက်ကြွလှုပ်ရှားသူ အသက် ၄၀ အရွယ် ဦးဇော်ဝင်း (ခေါ်) လူထုဇော်ဝင်းကို ပုဒ်မ ၅၀၅(က) ဖြင့်လည်း ကောင်း၊ ခေါင်းတုတ်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းကျေးရွာမှ အသက် ၂၇ နှစ်အရွယ် ကိုဇော်မိုးထက်တို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း အမှုဖွင့်ထားခြင်းဖြစ်သည်။ 

ဦးဇော်ဝင်းကို ကျောက်တော်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၇၅ မှ ဗိုလ်ကြီးကိုကိုအောင်ကလည်းကောင်း၊ ဦးကျော်သန်းမောင်ကို ဗိုလ် ကြီးမောင်မောင်နိုင်ကလည်းကောင်း၊ ကိုဇော်မိုးထက်ကို ဗိုလ်ကြီးဝေယံဦးကလည်းကောင်း ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အမှုများအကြောင်း သိရှိနိုင်ရေးအတွက် ကျောက်တော်မြို့မရဲစခန်း စခန်းမှူး မောင်ခင်သန်းကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။  

ကျောက်တော်အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ချုပ်နှောင်ထားသည်ဟု ဒေသခံတချို့က ပြောဆိုကြသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပေ။ 

ထိုသူသုံးဦးကို ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် တပ်ရင်းအချုပ်ထဲ၌သာ ဆက်လက်ထိန်းသိမ်းထားကြောင်း ရဲအရာရှိတစ်ဦးက ရခိုင်အခြေစိုက် DMG သတင်းဌာနသို့ ပြောဆိုထားသည်။

တပ်ရင်းအချုပ်ထဲတွင် ရိုက်နှက်စစ်ဆေးခံရမည်ကို စိုးရိမ်ပြီး စားရေး၊ သောက်ရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူနေရကြောင်း ဦးဇော်ဝင်း ၏ ဇနီးဖြစ်သူ ဒေါ်ခင်လှစံက ဆိုသည်။ “ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုရင် ရဲစခန်းကို ရောက်စေချင်တယ်။ သူတို့ (စစ်တပ်) လက်ထဲမှာဆိုရင် ရိုက်နှက်ခံရမှာကိုလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၁နှင့် ၂၀ တို့တွင် ကျောက်တော်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့ကို ရက္ခိုင်တပ်တော် AA က ဖမ်းဆီးသွားပြီးနောက် ဇွန် ၂၁ တွင် စစ်ကောင်စီတပ်က မြို့ထဲနှင့် လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးမှုများပြုလုပ်ကာ မြို့ခံတချို့နှင့် ဒေသခံများကို ဖမ်းဆီးခဲ့သည်။ 

ဇွန်လအတွင်း စစ်ကောင်စီတပ်က ရခိုင်မြောက်ပိုင်းက မြို့နယ် ၄ ခုဖြစ်သည့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့ပေါ်မှ ဒေသခံ ၄၅ ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ ၅ ဦးလည်း ပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ထင်ရှားသည့် အနုပညာရှင်များ၊ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်များမှ ပုဂ္ဂိုလ်များကို နာမည်ကျော် ပုဒ်မ ၅၀၅ (က) ၊ ၅၀၅ (ခ) တို့ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင်လ ၁ ရက်ထုတ်ပြန်ချက်အရ အဆိုပါ ပုဒ်မများဖြင့် တရားစွဲခံထားရသူပေါင်း ၂,၉၉၃ ဦးထက်မနည်း ရှိသည်။

ပုဒ်မ ၅၀၅ (က) သည် အစိုးရ၊ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိ၊ တပ်သားများကို ပုန်ကန်အောင် သတင်းပြုလုပ် ဖြန့်ချိပါက ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ထိုပုဒ်မကို ထပ်မံဖြည့်စွက် ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ 

ပြင်ဆင်ချက်တွင် အစိုးရ၊ ကြည်း၊ ရေ၊ လေ တစ်ခုခုမှ အရာရှိ၊ တပ်သားများ အပါအဝင် အစိုးရဝန်ထမ်းတစ်ဦးဦးကို ပြစ်မှုကျူးလွန်ရန် သွေး ထိုးလှုံ့ဆော်ခြင်း။ မမှန်သတင်းဖြန့်ပါက ပြစ်မှုမြောက်သည်ဟု ဖြည့်စွက်ထားသည်။

ထို့အတူ ပုဒ်မ ၅၀၅ (က)၊ (ခ) တို့သည် ယခင်က ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိသည့် ပုဒ်မများဖြစ်သော်လည်း အာဏာသိမ်းပြီးနောက် ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည့် ပုဒ်များအဖြစ် စစ်ခေါင်းဆောင်က ပြောင်းလဲထားသည်။

လူမှုကွန်ရက်အသုံးပြု၍ လှုံ့ဆော် ဝါဒဖြန့်ပါကလည်း အထက်ပါ ပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သ တင်း စာများတွင် ၂၀၂၂ ဇန်နဝါရီ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။ ယင်းနောက် နိုင်ငံအနှံ့မှ လူမှုကွန်ရက်အသုံးပြု လှုံ့ဆော်ဝါဒဖြန့်နေသူများကို အရေးယူနေကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများက ဆက်တိုက်ဖော်ပြလျက်ရှိသည်။ myanmar now

ပြည်သူ ၂ ဦးသေဆုံးခဲ့သော သေ့ဘောဘိုးကျေး ရွာအနီး စစ်ကောင်စီတိုက် လေယာဉ် ဗုံးကျဲမှု ထိုင်းပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်၊ ထိုင်းစစ်တပ်က ပြင်ဆင်ပေး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို စစ်တပ် က လေယာဉ် ဖြင့် ဇူလိုင် ၁ ရက်နေ့ ည ၈ နာရီ ဗုံးကျဲ၊ ပြည်သူ ၂ ဦး သေ ဆုံးခဲ့ပြီး ထိုင်းပြည်သူ ၃ ဦး၏ နေအိမ် ၃ လုံး ကျည်ထိမှန်ကာ ထိုင်းစစ်တပ်က ပြင်ဆင်ပေးကြောင်း ထိုင်းသတင်းသမားတချို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။

စစ်ကောင်စီတိုက်လေယာဉ်ဗုံးကျဲမှုကြောင့် ထိုင်းပြည်သူ ၃ ဦး၏ နေအိမ်များ ပျက်စီးမှုကို ထိုင်းစစ်တပ် ပါဝင်သော အဖွဲ့က ယနေ့ လိုက်လံ ပြင်ဆင်ပေးကြောင်း၊ ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် ကင်းလှည့်သည့်အပြင် လေကြောင်းပျံသန်းစစ်ဆေး ကင်းလှည့်မှုများလည်းရှိကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ယမန်နေ့ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင် မြန်မာဘက်ခြမ်းမှ ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး ထိုင်းပြည်သူအများအပြား ဖုတ်ဖရမြို့ပေါ်သို့ ထွက်ပြေးခဲ့ရသည်။

ဇွန်လ ၃၀ ရက်နေ့ မြန်မာစစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်း ထိုင်းနယ် မြေထဲသို့ ကျူးကျော်ဝင်ရောက် ခဲ့ပြီး ယင်းကျူးကျော်မှုကို မြန် မာ စစ်တပ်ဘက်က ဝန်ချတောင်းပန်ကာ ထိုင်းဝန်ကြီးချုပ်ကလည်း ပြဿနာ မဟုတ်ဟု ပြော ဆိုခဲ့သည်။ khit thit

တွံတေးမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအ်ိမ်မှူးတို့၏ နေအိမ် သတိပေးဖောက်ခွဲခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်လေးခုမှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး တို့၏ နေအိမ် လေးလုံးတွင် သတိပေး ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) တာဝန်ရှိသူက ပြောသည်။

သတိပေးဖောက်ခွဲမှုများကို မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး)နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းကာ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ တစ်ရက်တည်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်မှန်သမျှကို တိုက်ခိုက်သွားမှာပါ။ ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးပြီးပါပြီ။ မလိုက်နာတဲ့အပြင် စစ်ခွေး(စစ် ကောင်စီတပ်ဖွဲ့ဝင်)တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို တရားလွန်ဖိနှိပ်လာကြတဲ့အတွက် တုံ့ပြန်ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ အဆင့်လိုက်ဆောင်ရွက်နေတဲ့ အခြေအနေ ဖြစ်တဲ့အတွက် လူထိခိုက်မှုမရှိသေးပါဘူးခင်ဗျာ” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး)မှ တာဝန်ရှိသူက ပြောသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များက အဖွဲ့လေးဖွဲ့ခွဲကာ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ အိုးဘိုနောက်ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ်စားတံဆိပ်တုံးကိုင် ဆောင်ရွက်နေသူ ရာအိမ်မှူး ဦးအောင်မြင့်ထွန်း၊ ဈေးသစ်ရပ်ကွက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထင်ကျော်နှင့် အိုးဘိုရှေ့ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ် စားတံဆိပ်တုံးကိုင် ဆောင်ရွက်နေသူ ဦးတင်ထွန်း၏ နေအ်ိမ်များကို ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတိပေးဖောက်ခွဲမှုများ ဖြစ်သည့်အတွက် လူအထိအခိုက်နှင့် တစ်စုံတစ်ရာပျက်စီးမှု မရှိခဲ့သော်လည်း ပြည်သူများကို ဖိနှိပ်ခြင်း၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် ဆက်လက်ပတ်သက်ခြင်းများ ပြုလုပ်နေပါက တိုက်ခိုက်မှုများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူမှန်သမျှကို ထိရောက်အောင် တိုက် ခိုက်သွားမှာပါ။ အခုနောက်ပိုင်းက စပြီး အရေးယူဆောင်ရွက်တော့မှာ ဖြစ်ပါတယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဆို သည်။

စစ်ကောင်စီတပ်က တွံတေးမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသလို အင်အားအများအပြားဖြင့် တိုးချဲ့ကာ စစ်ဆေးမှုများတင်း ကျပ်စွာလုပ်ဆောင်နေပြီး မြို့နယ်အခြေစိုက် လှုပ်ရှားနေသည့် တော်လှန်ရေး ရဲဘော်အချို့လည်း ဖမ်းဆီးခံရမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လတွင်လည်း တွံတေးမြို့နယ် အခြေစိုက်ကာ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ ထောက်တိုင်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် Twantay Ranger တပ်ဖွဲ့ ရန်ပုံငွေ အင်အား မလုံလောက်ခြင်းနှင့် ရဲဘော်တစ်ချို့ ဖမ်းဆီးခံရခြင်းများကြောင့် အဖွဲ့အား ဖျက်သိမ်းကြောင်း ကြေညာခဲ့ရသည်။

မြို့ပြအခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များကို ပြည်သူများအနေဖြင့် ပိုမိုထောက်ပံ့ပေးပါက ကာကွယ်ရေးတပ်ဖွဲ့များ ပိိုမိုအား ကောင်းလာနိုင်ပြီး တော်လှန်ရေး အရှိန်အဟုန် မြင့်တက်လာစေမည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန်လည်း မြို့ပြပြောက်ကျားတပ်ဖွဲ့ (တွံတေး) တာဝန်ရှိသူက တိုက်တွန်းထားသည်။ mizzima

ကျောက်ကြီးတွင် စစ်ကောင်စီစခန်း ၅ ခု သိမ်း ပိုက်ခံရသဖြင့် လေကြောင်းနှင့် ကုန်းကြောင်း စစ်ကူများ တက်လာပြီး လေကြောင်းပစ်ခတ်မှုများ ရှိနေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီးတွင် စစ်ကောင်စီစခန်း ၅ ခု သိမ်း ပိုက်ခံလိုက်ရသဖြင့်စစ်ကောင်စီဘက်မှ လေကြောင်းနှင့် ကုန်း ကြောင်း စစ်ကူများတက်လာကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယနေ့ နံနက် ၄ နာရီမှ စတင်ပြီး ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အနီး ကြောင်ပြာကျေးရွာအနီးရှိ စစ်ကောင်စီစခန်း ၅ ခု တိုက်ခိုက်သိမ်းပိုက်ခံရပြီး စစ်သားများ သေဆုံးမှုနှင့် အရှင်ဖမ်းဆီးခံရမှုများရှိကြောင်း၊ ယင်းနောက် ယနေ့ မွန်းလွဲ ၃ နာရီမှစတင်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီး၊ တိုက်လေယာဉ် ၁ စီး ဖြင့် လေ ကြောင်းမှ လည်းကောင်း၊ စစ်ကား ၃ စီးထက်မနည်း ကုန်းကြောင်းမှလည်း ကောင်း ကျောက်ကြီးဘက်သို့ ထွက်ခွာပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တောင်ငူကနေ စစ်ကား၃ စီး ထွက်သွားတာတွေ့လိုက်ပါတယ်။ စစ်သားအပြည့် ပါသွားတယ်။ ရဟတ် ယာဉ် ၂ စီးလည်း ဖြတ်ပျံသွားတာတွေ့လိုက်တယ်။ မွန်းလွဲ ၂ နာရီခွဲလောက်က။တောင်ငူ လေတပ်က တိုက်လေယာဉ်တစ်စီး တက်သွားတယ်” ဟုတောင်ငူမြို့ခံတစ်ဦးက ပြောသည်။

အလားတူ ကျောက်ကြီးမြို့နယ်၊ မြောင့်ရိုးကြီးကျေးရွာမှ ဒေသခံတချို့ကလည်း တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များ ကောင်းကင်ယံတွင် ပျံဝဲနေကြောင်း၊ ပစ်ခတ်မှုတချို့ လုပ်ဆောင်သည်ကို မြင်ရကြောင်း ပြောဆိုကြသည်။

ယနေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း ဖြူးဖြို့နယ်မှ မုန်းမြို့သို့ စစ်ကား ၆စီး အင်းအားအပြည့် အုတ်ဖြတ်လမ်းအတိုင်း တက်သွားကြောင်း ဖြူးဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

« Older Entries