ပြင်မရသည့် စစ်တပ် အာဏာရှင် ယန္တရား သို့မဟုတ် မအောင်မြင်သော မြန်မာ့ “တတိယအင်အားစု” လှုပ်ရှားမှုမှ သင်ခန်းစာ

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နံနက်စောစောတွင် လက်နက်ကိုင် စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ယာဉ်တန်းသည် ရွေးကောက်ပွဲ၌ နောက်ထပ်တစ်ကြိမ် သောင်ပြိုကမ်းပြို အနိုင်ရအပြီး အောင်ပွဲခံရန် အဆင်သင့်ဖြစ်နေကြသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီမှ ရွေးကောက်ခံအမတ်များရှိရာ လွှတ်တော်သို့ ချဉ်းကပ်လာသည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ရာနှင့်ချီသော ဥပဒေပြုအမတ်များနှင့် အစိုးရအရာရှိများကို မြန်မာစစ်တပ်က ထိန်းသိမ်းလိုက်သည်။ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်ဌာနများနှင့် အင်တာနက်ဝန်ဆောင်မှု ပေးသူများသည် ၎င်းတို့၏တံခါးဝသို့ စစ်သားများ ရောက်ရှိလာပြီး သေနတ်ဖြင့်ချိန်ကာ လက်ရှိထုတ်လွှင့်နေမှုများကို ရပ်ဆိုင်းရန် အမိန့်ပေးခံကြရသည်။

ထိုနေ့နှောင်းပိုင်းတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဲမသမာမှုများရှိနိုင်ကြောင်း၊ အနာဂတ်တစ်ချိန်ချိန်၌ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားကာ အရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခဲ့သည်။

ယခင်စစ်ဗိုလ်ချုပ်ကြီးများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ)က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ၌ အရေးနိမ့်အပြီး အဆိုပါအာဏာသိမ်းမှု ဖြစ်ပွားလာခြင်းဖြစ်သည်။

ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်သော ယူအက်စ်ဒီပီသည် မဲမသမာမှုများရှိကြောင်း အလားတူစွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့ရာ ထိုတောင်းဆိုချက်သည် ရွေးကောက်ပွဲရလဒ်များမှာ ယုံကြည် စိတ်ချရမှုရှိကြောင်း သီးခြားလွတ်လပ်သော ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၏ ပြောဆိုချက်နှင့် ကွဲလွဲလျက်ရှိသည်။ သို့သော်စစ်တပ်က ယူအက်စ်ဒီပီကို ထောက်ခံကာ ရွေးကောက်ခံအစိုးရသစ်ကို ဖယ်ရှားခဲ့သည်။

တတိယအင်အားစုနှင့် နိုင်ငံရေးတွင် ပါဝင်နေသည့်စစ်တပ်

=================

၂၀၂၁ အာဏာသိမ်းမှုဟူသည် မြန်မာစစ်တပ်ကို စေတနာမှန်သော အဖွဲ့တစ်ရပ်ဟု ယုံကြည်နေကြသူအပေါင်း၏ မျက်နှာကို ဟိုးလေးတကျော် ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

စစ်တပ်ကရေးဆွဲခဲ့ပြီး ၎င်း၏နိုင်ငံရေးနှင့် စီးပွားရေးအာဏာများကို ကာကွယ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်နေသော စစ်တပ်နှင့် လူထုထောက်ခံသော ဒီမိုကရေစီလိုလားသူများအကြား အကောင်းဆုံး အာဏာခွဲဝေမှု ပြဋ္ဌာန်းချက်ဖြစ်သည်ဟု ၂၀၁၀ ပြည့်လွန်နှစ်များ၌ စစ်အုပ်ချုပ်ရေးမှ တစ်စိတ်တစ်ပိုင်းဒီမိုကရေစီအသွင် ကူးပြောင်းလာသည့် ကာလအတွင်း လေ့လာသူအများအပြားက ယူဆထားခဲ့သည်။

မြန်မာ့“တတိယအင်အားစု” ဟု အလွတ်သဘောခေါ်ကြသည့် ပညာတတ်အုပ်စုတစ်ခုသည် ရှေ့တန်းမျက်နှာစာသို့ ပေါ်ထွက်လာကာ ထိုဆယ်စုနှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲများကို တွန်းအားပေးလာကြသည်။ “တတိယအင်အားစု”တွင် လျော့ရဲရဲ ချိတ်ဆက်ထားသော ပညာတတ်အသိုင်းအဝိုင်းနှင့် အရပ်ဖက်အဖွဲ့များ ပါဝင်နေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို အတိအကျပြောဆိုရန် ခက်ခဲသည်။ သို့သော် ရန်ကုန်အခြေစိုက် တတ်သိပညာရှင်များ ပါဝင်သော Myanmar Egress အဖွဲ့သည် အခြားလူသိနည်းသော အရပ်ဖက်အဖွဲ့များနှင့်အတူ တတိယ အင်အားစုလှုပ်ရှားမှု၏ အဓိက မောင်းနှင်သူဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

၂၀၀၆ ခုနှစ်ကတည်ထောင်ခဲ့သော Myanmar Egress အဖွဲ့က “မိမိတို့သည် အစိုးရနှင့် အခြားပါဝင်ပတ်သတ်နေသည့် အစုအဖွဲ့အားလုံးနှင့် အလုပ်ဖြစ်သော ဆက်ဆံရေးဖြင့် နိုင်ငံတည်ဆောက်ရန် သံန္နိဋ္ဌာန်ချမှတ်ထားသည့် အမျိုးသားရေး ဝါဒီများဖြစ်သည်” ဟု ယခု ပျောက်ကွယ်သွားပြီဖြစ်သော ၎င်းတို့၏ဝဘ်ဆိုဒ်ပေါက်တွင် ရေးသားခဲ့ခြင်းဖြင့် ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။

ဤပူးပေါင်းမှုသည် စစ်အစိုးရကို လုံးဝလက်မခံသည့် လေ့လာသူများ၊ ဝေဖန်ဆန်းစစ်သူများ၊ တက်ကြွ လှုပ်ရှားသူများ စသည့်အများစုအတွက်မူ လူကြိုက်များသော ရပ်တည်ချက် မဟုတ်ပေ။ ဆယ်စုနှစ်များစွာ ကြာရှည်နေပြီဖြစ်သည့် ဒီမိုကရေစီတိုက်ပွဲအတွင်း စစ်တပ်ခေါင်းဆောင်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအကြား မလိုမုန်းတီးမှုများ ကြီးထွားလာသည်။

စစ်ဗိုလ်ချုပ်ကြီးများနှင့် အင်န်အယ်လ်ဒီခေါင်းဆောင်သော ဒီမိုကရေစီအုပ်စုသည် ၂၀၁၁ ခုနှစ်မတိုင်မီက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်၌ ရပ်တည်နေသူများဖြစ်သည်။

တိုင်းရင်းသားလူနည်းစုအပေါ် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်မှု အတွေ့အကြုံများဖြင့် လွှမ်းမိုးဖိစီးနေသော စစ်အရာရှိများသည် လူအများအားသတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ဖြင့် ဒီမိုကရေစီလှုပ်ရှားမှုကို အညှာတာမဲ့စွာ စတင်နှိမ်နှင်းလာသည်။ ၁၉၈၈ ဆူပူဆန္ဒပြပွဲ များအတွင်း ငြိမ်းချမ်းစွာဆန္ဒပြသူများကို စစ်သားများ ကျည်အစစ်သုံး၍ ပစ်ခတ်ခဲ့ရာ ထောင်နှင့်ချီ၍ သေဆုံးခဲ့သည်။

ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြသူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ၂၀၀၇ခုနှစ်နှင့်၂၀၂၁ ခုနှစ်တို့တွင်လည်း ထပ်မံဖြစ်ပွားခဲ့သည်။ အပြန်အလှန်အားဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများက အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စည်းရုံးလှုပ်ရှားခဲ့သည်။ ထိုသို့ ရှေ့မတိုးနောက်မဆုတ် ကြဉ်းထဲကြပ်ထဲ ရောက်နေခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အထိတိုင်အောင် စစ်အုပ်ချုပ်ရေးမှ ရှေ့တစ်လှမ်းထပ်ဆင့် တက်လှမ်းလာနိုင်ခြင်း မရှိခဲ့ပေ။

၂၀၁၁ ခုနှစ် အရောက်တွင် ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲမှုအချို့ စတင်ပြုလုပ်လာသည်။ တတိယအင်အားစုသည် တိုင်းပြည်ကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက အုပ်ချုပ်လာခဲ့သော စစ်တပ်နှင့် ဘုံရပ်တည်ချက်ရှာဖွေရန် ဦးစားပေးသည်။ ၎င်းတို့သည် စစ်တပ်နှင့် ထိပ်တိုက်တွေ့မည့်အစား ပူးပေါင်းဆောင်ရွက်ရန်၊ စေ့စပ်ဆွေးနွေးရန်နှင့် အမျိုးသားရင်ကြားစေ့ရန် တိုက်တွန်းကြသည်။

ပုံမှန်တောင်းဆိုနေကျ “ဒီမိုကရေစီနှင့်လွတ်လပ်မှု” နေရာတွင် စစ်တပ်က စိတ်ကူးပုံဖော်ထားသည့် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”နှင့် အငြင်းမပွားသော “လက်တွေ့နိုင်ငံရေး” ဖြင့် အစားထိုးခဲ့သည်။ တတိယအင်အားစု၏ အာဘော်သတင်းစာဖြစ်သော The Voice ၏ “ပြိုင်တူတွန်းလျှင် ရွေ့ပါမည်” ဟူသော ဆောင်ပုဒ်မှာ အသုံးတွင်ကျယ်လာသည်။

ထိုဆောင်ပုဒ်သည် စစ်တပ်နှင့် ကျန်လူ့အဖွဲ့အစည်းအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ဆွေးနွေးမှု၏ အရေးကြီးပုံကို အလေးအနက် ညွှန်းဆိုရန် စည်းလုံးညီညွှတ်မှုအကြောင်းကို မူလတန်းဖတ်စာကဗျာထဲမှ ကောက်နုတ်ဆုံးမချက်ဖြစ်သည်။ ဤဆောင်ပုဒ်ကို မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး ပြည်တွင်းစစ်မှသည် အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးအထိ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မည့် နတ်ဘုရားပေးသည့် ဆေးသဖွယ် နေရာတကာ သုံးစွဲခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်များအရ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံပါတီဝင်များကို ထုတ်ပယ်ရန် နိုင်ငံရေးပါတီများအပေါ် အတင်းအကြပ် ဖိအားပေးလာသည့်အခါ အင်န်အယ်လ်ဒီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သို့သော် Myanmar Egress နှင့် ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုယ်စားလှယ်များက စစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီများကို စည်းရုံးခဲ့သည်။

အင်န်အယ်လ်ဒီအပါအဝင် သီးခြားလွတ်လပ်သော နိုင်ငံရေးပါတီများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်ယှဉ်ပြိုင်မှုများမရှိဘဲ မဲခိုးမှုနှင့်မဲပေးရန် ခြိမ်းခြောက်မှုများရှိသည်ဟု သတင်းအချို့နှင့်အတူ စစ်တပ်က ထောက်ခံသည့် ယူအက်စ်ဒီပီပါတီက ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည်။

၂၀၁၀ရွေးကောက်ပွဲအပြီး၌ ဦးသိန်းစိန်အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံ၊ အထူးသဖြင့် အင်န်အယ်လ်ဒီပါတီအကြား ဆွေးနွေးမှုများအပြင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်များအကြား စေ့စပ်ညှိနှိုင်းမှုများလည်း ပေါ်ထွန်းလာသည်။

ထိုအခါ စစ်တပ်ဦးဆောင်သည့် အစီအစဉ်များကို တခမ်းတနား ကြိုဆိုထောက်ခံလျက် ဆောင်ရွက်ဆဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက် ပြည်အလှူရှင်များထံမှ ငွေကြေးအကူအညီများ လှိမ့်ဝင်လာသည်။ အဆိုပါကာလအတွင်း စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆွေးနွေးပွဲများကို သွက်လက်မြန်ဆန်စေရန် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာနအား ဦးသိန်းစိန်အစိုးရက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တတိယအင်အားစုလှုပ်ရှားမှုနှင့် ဆက်နွယ်နေသော ပညာရှင်များကို အဆိုပါငြိမ်းချမ်းရေးဗဟိုဌာန၌ မက်လောက်စရာရာထူးများ ပေးအပ်ခဲ့သည်။ တစ်ချိန်က အားလုံး၏ အပယ်ခံနိုင်ငံတစ်ခုသည် အပြောင်းအလဲအတွက် ရုန်းထလှုပ်ရှားလာသည့်သဖွယ် ဖြစ်လာခဲ့သည်။

တတိယအင်အားစု၏ နောက်ထပ်ထူးခြားချက်မှာ နိုင်ငံရေးသိပ္ပံနှင့် ပြည်သူ့စီမံခန့်ခွဲရေး ဘာသာရပ်နယ်ပယ်များမှ ဝေါဟာရအသစ်အဆန်းများကို အသုံးပြုသော အစိုးရအကြံပေးပညာရှင် အလွှာတစ်ခု စတင်ပေါ်ထွန်းလာခြင်း ဖြစ်သည်။ The Voice သတင်းစာပါ ပင်တိုင်ဆောင်းပါးနှင့် အထူးဆောင်းပါးများ၊ Myanmar Egress က ကျင်းပဖွင့်လှစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများတွင် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းမည့် အစိုးရအကြံပေး ပညာရှင်အလွှာ၏ ကုထုံးများနှင့် ပြည့်နှက်နေသည်။

တိုင်းရင်းသားပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် သဘာဝသယံဇာတ စီမံခန့်ခွဲမှုကောင်းရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း သမိုင်းနှင့်မဆိုင်၊ နိုင်ငံရေးနှင့် မပတ်သက်သည့် အမြင်တစ်မျိုးလည်း တွေ့ရသည်။ “ကမ္ဘာပြားပြီ- ၂၁ ရာစု သမိုင်းအကျဉ်းနှင့် သမိုင်းနိဂုံးနှင့် နောက်ဆုံးလူသား” စသည့် စာအုပ်များကို လုံးစေ့ပတ်စေ့ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကောက်နုတ်ဘာသာပြန် ပေါင်းစပ်ထည့်သွင်း၍ နီယိုလစ်ဘရယ်အယူဝါဒကို တင်သွင်းလာကြသည်။

တတိယအင်အားစု၏ ဆွဲဆောင်မှုကောင်းသော အဆိုတစ်ရပ်မှာ ကမ္ဘာကြီးသည် တစ်နေ့တစ်ခြား ပေါင်းစည်းလာနေသောကြောင့် မြန်မာနိုင်ငံအနေဖြင့် အစိုးရအကြံပေးများ၏ အကြံပြုနည်းလမ်းများကို သုံး၍ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲ စတင်ခြေချလျှင်ချ၊ ထိုသို့ ခြေမချနိုင်ပါက ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရနိုင်သည် ဟူ၍ ဖြစ်သည်။

ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှုကဲ့သို့ “ကောင်းမွန်သော အုပ်ချုပ်မှုစနစ်” ဆိုင်ရာ အစိုးရအကြံပေးများ၏ တတ်ကျွမ်းနားလည်မှုများကို ထိုဆောင်းပါးများက အသားပေး ရေးသားဖော်ပြခဲ့သည်။ ကောင်းမွန်သောအစိုးရကို တည်ဆောက်နိုင်ပါက၊ မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ပေါ် ရောက်လာလိမ့်မည်ဟု ၎င်းတို့က အာမခံသည်။

တစ်ဆက်တည်းမှာပင် နာတာရှည် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေခြင်းနှင့် တိုင်းရင်းသား ပဋိပက္ခခေါင်းစဉ်များကို စစ်အစိုးရများ၏ ဆယ်စုနှစ်အဆက်ဆက် စီမံခန့်ခွဲမှုအလွဲများနှင့် မသက်ဆိုင်သလို သီးခြားခွဲထုတ်လိုက်သည်။ ယင်းစကားလုံးအလှအပများ၏ သက်ရောက်မှုကို၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီး ဦးသိန်းစိန်၏ ပထမဆုံးမိန့်ခွန်း၌ တွေ့မြင်နိုင်သည်။

“ဒီမိုကရေစီဟာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နဲ့ တွဲဖက်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်အစမှာ တာဝန်ယူရတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ပေါ်ပေါက်အောင် အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

နိုင်ငံကကြုံတွေ့နေရသော ကြီးမားသည့် အခက်အခဲအချို့ကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရအကြံပေး အလွှာအပေါ် ကျယ်ကျယ်ပြန့်ပြန့် အားထားမှုများလည်းရှိသည်။၂၀၁၇ ခုနှစ် အယ်ဒီတာ့အာဘော်တစ်ခုတွင် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုသည် နိုင်ငံရေးပြဿနာမဟုတ်ဘဲ “စွမ်းဆောင်မှု ပြဿနာ” သာဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းအာဘော်အရ လူမျိုးတုံးသတ်ဖြတ်မှုသည် အရပ်သားများကိုသတ်ဖြတ်ရန် စစ်ခေါင်းဆောင်များက အမိန့်ပေးခြင်းကြောင့် ဖြစ်ပွားရခြင်း မဟုတ်ဘဲ မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုး ဟူသည့် ပြိုင်ဘက်အသိုင်းအဝိုင်းနှစ်ခုနှင့် သယံဇာတအရင်းအမြစ်များကို ဒေသန္တရအဆင့်နှင့် နိုင်ငံအဆင့် အစိုးရအသီးသီး၏ စီမံအုပ်ချုပ်နိုင်စွမ်း မရှိမှုကြောင့် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့အပြင် ရိုဟင်ဂျာအရေးသည် အာဏာပိုင်များ၏ ကမ္ဘာကြီးနှင့် ထိထိရောက်ရောက် ဆက်သွယ် ရှင်းလင်းနိုင်စွမ်း မရှိမှုကြောင့် ဖြစ်ပွားရသည့် ပြည်သူ့ဆက်ဆံရေး ပြဿနာတစ်ရပ် ဖြစ်သည်ဟူသော နောက်ထပ် လူသိများသည့် ပြောဆိုမှုတွင်လည်း ဤအယူအဆ၏ လွှမ်းမိုးမှုကို တွေ့နိုင်သည်။

ဤအယူအဆသည် စစ်အစိုးရအစဉ်အဆက်ကို လက်ညှိုးမထိုးဘဲ အစိုးရပညာရှင်အလွှာ၏ အားနည်းချက်များအပေါ် အပြစ်ပုံချလိုက်ခြင်းသာဖြစ်သဖြင့် ဗိုလ်ချုပ်ကြီးများအကြား ရေပန်းစားလာသည်မှာ အထူးအဆန်းကား မဟုတ်ပေ။

သက်တမ်းတိုသော ဒီမိုကရေစီခေတ်

================

၂၀၁၁ ခုနှစ်မတိုင်မီ မြန်မာ့အရေး အလုပ်ရုံဆွေးနွေးပွဲများနှင့် မီဒီယာများ၌ တတိယအင်အားစုကို ထောက်ခံသူများက တင်ပြသောအယူအဆကို သံသယဖြင့် ဖြစ်စေ၊ ပွင့်ပွင့်လင်းလင်း လက်မခံဘဲဖြစ်စေ တုံ့ပြန်ခဲ့ကြသည်။ သို့သော် ဒီမိုကရေစီခေတ် ရောက်လာသောအခါ နိုင်ငံရေး သမားနှင့် ပညာတတ်လူနည်းစု၏ ဝေဖန်မှုများရှိလင့်ကစား အဆိုပါ တတိယအင်အားစု၏ အယူအဆများကို ဒီမိုကရေစီအုပ်စုက လက်ကမ်းကြိုဆိုလာသည်။

အင်န်အယ်လ်ဒီကို စတင်တည်ထောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ဦးဝင်းတင်ကမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်တပ်ဦးဆောင်သည့် ဒီမိုကရေစီကူးပြောင်းမှုကို ဆက်လက် ဆန့်ကျင်နေခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများမှာ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရှိနားလည်စေရန် ဦးဝင်းတင်သည် အပြာရောင်(အကျဉ်းသား) ရှပ်အင်္ကျီကို ဝတ်ဆင်၍ သတင်းစကားပါးခဲ့သည်။

အလားတူပင် လက်ဝဲကျောင်းသားသမဂ္ဂများကလည်း စစ်တပ်နှင့် အရပ်သားတစ်ပိုင်းအစိုးရအပေါ် မယုံသင်္ကာ ဖြစ်နေကြဆဲပင်ဖြစ်သည်။ သို့သော် စစ်တပ်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး၌ ပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်လိုက်သည့်အခါ ၎င်းတို့၏ ဆန့်ကျင်နေမှုများ အသံတိတ်သွားရသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဆက်လက်ပါဝင်ခဲ့သည်။

ထိုအချိန်အထိ အင်န်အယ်လ်ဒီခေါင်းဆောင်ပိုင်းသည် စစ်တပ်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူပြီး ကာကွယ်ရေးနှင့် ရဲတပ်ဖွဲ့ကို ဆက်လက်ချုပ်ကိုင်ထားမည့် စစ်ခေါင်းဆောင်များ အလိုကျ သတ်မှတ်ထားသည့် ကစားပွဲစည်းမျဉ်းများကို လက်ခံထားခဲ့သည်။

ကစားပွဲတွင် အင်န်အယ်လ်ဒီ ပါဝင်လာမှုက စစ်တပ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံခြင်းဖြစ်ရုံမက နိုင်ငံရေး၌ ပါဝင်နေသော စစ်တပ်၏ အခန်းကဏ္ဍကိုပါ တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သဖြင့် အင်န်အယ်လ်ဒီ၏ ပါဝင်မှုအပေါ် သဘောထားတင်းမာသော ဒီမိုကရေစီလှုပ်ရှားသူများ တုန်လှုပ်ခြောက်ခြားဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီသည် စစ်တပ်နှင့် ရင်ကြားစေ့ရေးအထိပါ တိုးမြှင့်ဆောင်ရွက်လာသည်။၂၀၁၃ ခုနှစ်က ဘီဘီစီ သတင်းဌာနက မေးမြန်းသည့် အင်တာဗျူးတစ်ခုတွင် “စစ်တပ်ကို ကျွန်မအလွန်ချစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစစ်တပ်ဟာ ကျွန်မဖေဖေတည်ထောင်ခဲ့တဲ့ စစ်တပ်ဖြစ်လို့ပါ” ဟု တစ်ဖက်က စစ်တပ်၏ အားနည်းချက်များကိုပြောဆိုရင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

နောက် ၆ နှစ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နယ်သာလန်သို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ခုခံချေပခဲ့သည်။ စနစ်တကျ ကျူးလွန်ခဲ့သည့်ပုံစံရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက မှတ်တမ်းများတင်ပြခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့သည် ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်ခဲ့သည့် ရက်စက်မှုများကို ဘာမျှအရေးမကြီးသည့်ဟန်ဖြင့် တရားရုံး၌ ချေပခဲ့သည်။

စစ်တပ်၏ စစ်ဆင်ရေးများသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကိုသာ ပစ်မှတ်ထားပြီး လူမျိုးအုပ်စုတစ်ခုလုံးကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း သူမ၏အဖွဲ့က အိုင်စီဂျေတရားသူကြီးများကို ရှင်းလင်းပြောဆိုခဲ့သည်။ ထို့အချိန်က မြန်မာနိုင်ငံသားတိုင်းသည် အရပ်ဖက်ကဏ္ဍများ၌ စစ် တပ်၏ ကြီးစိုးချယ်လှယ်မှုကို သိရှိထားကြပြီး ဖြစ်သည်။

၂၀၁၅ နှင့် ၂၀၂၀ရွေးကောက်ပွဲများတွင် လူသန်းနှင့်ချီ၍ မဲရုံကိုသွားကာ မဲပေးကြသည်။ ပြည်တွင်းရော ပြည်ပမှာပါ မြန်မာစစ်တပ်ကို အစွမ်း ထက်သော ပြုပြင်ပြောင်းလဲရေးသမားဟု ချီးကျူးထောပနာပြုကြသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာ့စစ်ဦးစီးချုပ်အဖြစ် ဥရောပနိုင်ငံများသို့ အလည်အပတ်ဖိတ်ခေါ်သည်။

၂၀၁၉ ခုနှစ်အတွင်း သည်ဟိတ်တရားရုံး၌ စစ်တပ်အပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအား ခုခံချေပနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော လူထုချီတက်ပွဲများကို မြို့ကြီးများ၌ ကျင်းပလာသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအုပ်စုသည် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်ကြားစေ့ရေးကို လမ်းခင်းပေးလိုက်သည့်အခါ Myanmar Egress နှင့်အခြားတတိယအင်အားစုတို့မှာ မဆီမဆိုင်သလို ဘေးရောက်သွားသည်။ Myanmar Egress တည်ထောင်သူ တစ်ဦးဖြစ်သော ဦးနေဝင်းမောင်သည် ၂၀၁၂ ခုနှစ်အတွင်း အချိန်မတန်မီ စောစောစီးစီး ကွယ်လွန်သွားရခြင်းကလည်း တတိယအင်အားစု၏ လှုပ် ရှားမှုကို အင်အားချိနဲ့စေခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှုတွင် မြင်ရသည့်အခြေအနေအရ တတိယအင်အားစုသည် အချိန်၏ စမ်းသပ်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ရွေး ကောက်ပွဲပြီး၍ ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယူအက်စ်ဒီပီနှင့်ယင်း၏ မဟာမိတ်များက မဲစာရင်းမမှန်ကန်မှုနှင့် မဲရုံများ၌ မမှန်မကန် ပြုမူမှုများကို ရိုက်ကူးပြသသည့် လူမှုကွန်ယက် မီဒီယာပေါ်မှ ဒါဇင်နှင့်ချီသော ဗီဒီယိုအတိုများကို ကိုးကားလျက် မဲမသမာမှုရှိကြောင်း စတင်စွပ်စွဲလာသည်။

ထို့နောက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ထံစာတစ်စောင် ရေးပို့ကာ “လွှတ်တော်အစည်းအဝေးကို ရွေ့ဆိုင်းရန်နှင့် မရွှေ့ဆိုင်းပါက နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း” ရာဇသံပေးပို့ခဲ့သည်။

စစ်တပ်၏ တောင်းဆိုမှုသည် ၄င်းတို့ စိတ်တိုင်းကျ ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင် မညီညွတ်ဘဲ ၎င်းတို့ကိုယ်တိုင်ရေးဆွဲခဲ့သည့် ရွေးကောက်ပွဲစည်းမျဉ်းများနှင့်လည်းဆန့်ကျင်နေသည်။ အင်န်အယ်လ်ဒီခေါင်းဆောင်များက ၎င်းတို့၏တောင်းဆိုချက်ကို မလိုက်လျောဘဲ ငြင်းဆန်လိုက်သည့်အခါ၊ ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းယူကာ ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီတိုးတက်မှုဖြစ်စဉ်များကို အဆုံးသတ်သွားစေခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

(Himal Southasian မဂ္ဂဇင်းတွင် ဖော်ပြထားသော Aung Kaung Myat ၏ “The machine that went rogue- Learning from Myanmar’s unsuccessful ‘Third Force’ movement” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်) myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s