ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအနက် အမျိုးသားသုံးဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် လိုက်ကြောင်း ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှ သိရသည်။
ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းကထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)ဖြင့် ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
“ ဦးမြင့်အောင်၊ ကိုဇာနည်အောင်နဲ့ ကိုရဲဟိန်းတို့ သုံးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲပြီး ထောင်ချလိုက်တာပါ။ ဦးမြင့်အောင်နဲ့ ကိုဇာနည်အောင်တို့က သားအဖတွေလို့သိရတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းကြပါတယ်” ဟု ရှေ့နေအသိုင်းအဝိုင်းနှင့်နီးစပ်သူက ပြောသည်။
ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရသူသုံးဦးမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ပုသိမ်မြို့နယ်၊ စိန်တောင်ကျေးရွာရှိ မိုင်တဲတာဝါတိုင်မိုင်းခွဲခံရမှုနှင့်ပတ်သက်ပြီး မတရားစွပ်စွဲ ဖမ်းဆီးခံ ထားရသူများဖြစ်ကြောင်း ၎င်းကဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် ပုသိမ်အကျဥ်းထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၃၀၀ ကျော်နှင့် နိုင်ငံရေးအကျဥ်းသူ ၅၀ နီးပါး ရှိနေသည်ဟုသိရပြီး ထောင်တွင်းတရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ ၁၀၀ ကျော်ခန့်ရှိကြောင်း ပုသိမ်အကျဉ်းထောင်ဝန်ထမ်းများထံမှ သိရသည်။ mizzima