ဘီးလင်းတွင် စစ်ကား မိုင်းဆွဲခံရပြီး ဒုဗိုလ် မှူးကြီး အပါအဝင် စစ်သား ၉ ဦး ပွဲချင်းပြီး သေ ဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၃ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ၏ ကား ၁၀ စီးပါ စစ်ယာဉ်တန်းကို KNLA၊ PDF ပူး ပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သား ကိုးဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ စည်ပင်သာယာဂိတ်အထွက် နောင်ရိုးတွင် ယနေ့ ဇူလိုင်လ ၃ရက် နေ့လယ် ၁၂ နာရီဝန်းကျင်၌ အဆိုပါ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကား တစ်စီးမှာ မိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး တစ်ဦး အပါအဝင် စစ်သား ကိုးဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ ငါးဦးဒဏ်ရာ အပြင်းအ ထန်ရပြီး သေဆုံးဖွယ်ရှိသည်ဟု ဆိုထားသည်။
“ဘီးလင်းမှာ ဒီမနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ကိုးဦး ပွဲချင်းပြီးသေတယ်။ ငါးဦး က ဒဏ်ရာအပြင်းအထန်နဲ့ အသည်းအသန်ပဲ။ သေမယ့်သဘောရှိတယ်။ စစ်သား ကိုးဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀ စီးမှာ တစ်စီးက လုံးဝပျက်စီးသွားတာ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်” ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ စစ်ကားတန်းသည် ပဲခူးတိုင်းကျောက်ကြီးဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထို တပ်ထဲသို့ ဝင်သွားကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်း ရှေ့ဆက်သွားမည့်အစီအစဉ်ကို ဖျက် သိမ်းလိုက်ကြောင်း သိရှိရသည်။ mizzima