ယင်းမာပင်တွင် နေအိမ်မီးရှို့၍ ပစ္စည်းများယူဆောင်သွားသော စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ဇူလိုင် ၂ ရက်နေ့က ကွေးချောင်းရွာရှိနေအိမ် နှစ်လုံးအား မီးရှို့ဖျက်ဆီး၍ နေအိမ်အတွင်းရှိ ပစ္စည်းများအား ထော်လာဂျီဖြင့်တင်ကာ ယူဆောင် သွားကြောင်းသိရသည်။
ယင်းစစ်ကြောင်းသည် ရွှေတောင်ဦးကုန်းမှ ဘန့်ဘွေးရွာသို့ ပို့ဆောင်မည့် ထောက်ပို့ ယာဉ်အားလုံခြုံရေး ယူပေးခြင်းဖြစ်ပြီး အပြန်တွင် ကွေးချောင်းရွာသို့ မီးဝင်ရှို့ကာ ပစ္စည်းများအား ယူဆောင်သွား၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ် တပ်ပေါင်းစုအဖွဲ့ထံက သိရသည်။
“ရွှေတောင်ဦးကုန်းပေါ်က ထောက်ပို့ယာဉ် ဆင်းဖို့လုပ်တယ်ဗျာ။ ဘာလို့မဆင်းလာ ဖြစ်တာလဲတော့မသိဘူး။ အပြန်မှာ ရွာကိုမီးရှို့ပြီး မီးရှို့ခံရတဲ့ အိမ်ကထော်လာဂျီ နဲ့ ပစ္စည်းတွေကိုတင်သွားတာ။ သူတို့က ထော်လာဂျီနဲ့ပြန်တော့ မိုးရွာထားတာနဲ့ လမ်းဖြတ်မရအောင် မိုင်းဆွဲပြီး လက် နက်ငယ်တွေနဲ့ ပစ်တာ ထော်လာဂျီတော့ ထားခဲ့တယ်” ဟု ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူ ကပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိခိုက်မှုအခြေအနေကို မသိရှိရ သေးသော်လည်း မီးရှို့ခံရသည့် နေအိမ်မှ ထော်လာဂျီနှင့် ပစ္စည်းများကို ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည်ရရှိခဲ့ပြီး ပိုင်ရှင်များထံ ပြန်လည်အပ်နှံခဲ့ ကြောင်း သိရသည်။ mizzima