ဧရာဝတီမြစ်ကြောင်းတလျှောက် ရေယာဉ်အသုံးပြုသွားလာနေသည့် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရန် ရေမြုပ်မိုင်းထုတ်လုပ်မှု အောင် မြင်
မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတလျောက် ရေယာဉ်များအသုံးပြုသွားလာ နေသည့် စစ်ကောင်စီတပ်ကိုတိုက် ခိုက်နိုင်ရန် ရေမြုပ်မိုင်းများ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ ကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မြင်းခြံခရိုင် အမှတ်(၅)တပ်ရင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့မှ ထုတ်လုပ်အောင်မြင်ခဲ့သည့် ရေမြုပ်မိုင်း ငါးလုံး စမ်းသပ်ဖောက်ခွဲမှု ဗီဒီယိုဖိုင်ကိုလည်း ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
“ရေကြီးချိန်ရေတက်ချိန် ရောက်လာပြီမို့လို့ ရေမြုပ်မိုင်းကို တီထွင်ခဲ့ရခြင်း ဖြစ်ပါတယ်။ မနှစ်ကတည်းက စမ်းသပ်ခဲ့တာပါ။ အခုမှ ထိထိရောက်ရောက်အောင်မြင်စွာ တီထွင်နိုင်ခဲ့တာပါ။ ရိုးရိုးစလစ်မိုင်းတစ်လုံး ခွဲလိုက်ရင် ထန်းပင်အမြင့်ထိပေါက်ကွဲအားကောင်းပါတယ်။ ရေမိုင်းဖြစ်တာမို့ လှေတို့၊ စပိဘုတ်တို့ကို အဓိကဖောက်ခွဲဖို့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့ တာဝန်ရှိသူကပြော သည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များသည် မောင်းပြန်သေနတ်ထက် မိုင်းကို ပိုမိုကြောက်ရွံ့သည့်အတွက် ရေယာဉ်များအသုံးပြုကာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ရေမြုပ်မိုင်းများဖြင့် အထိရောက် ဆုံးတိုက်ခိုက်နိုင်ရန်တွက်ချက်ပြီး တီထွင်ကြိုးစားထုတ်လုပ်ခဲ့ခြင်းဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။
နှလုံးလှလူမိုက်ကြီးများအဖွဲ့က ရေမြုပ်မိုင်းများထုတ်လုပ်နိုင်ရန် ပြီးခဲ့သည့်နှစ်ကတည်းက စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်တွင် အောင်မြင်စွာစမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပြီဖြစ်ကာ ရေမြုပ်မိုင်းတလုံးလျှင် ငွေကျပ်တစ်သိန်းကျော် ကုန်ကျကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီမြစ်ကြောင်းတလျှောက်သွားလာနေသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကို ပြည်တော်ပြန်စစ်ဆင်ရေးအဖြစ် နှလုံးလှလူမိုက်ကြီးများအဖွဲ့ကတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိသည်။
မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျုစောထီးများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စက်လှေနှင့် စပိဘုတ်များအသုံးပြုကာ စစ်ကြောင်းထိုးပြီး ကမ်းနံဘေးရှိကျေးရွာများအတွင်း ဝင်ရောက် မွှေနှောက်ဖျက်ဆီးခြင်းနှင့် မြစ်အတွင်းသွားလာနေသည့် သင်္ဘောများထံမှ ဆက်ကြေးတောင်းယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ mizzima