Monthly Archives: Jul 2022

ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒုဗိုလ်မှူးကြီးအပါအဝင် ၉ ဦးသေ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ဇူလိုင် ၃ ရက်က ကား ၁၀ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ဒုဗိုလ်မှူးကြီးတယောက် အပါအဝင် စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီကား တစီးကတော့ မိုင်းတည့်တည့် ထိမှန်ကာ လုံး၀ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီကားတန်းဟာ ပဲခူးတိုင်း၊ ကျောက်ကြီးဘက်ဆီ ဦးတည်လာတာဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းတာကြောင့် ကျိုက်ထိုတပ်ထဲကိုဝင်သွားပြီး သေဆုံးသူတွေနဲ့ ထိခိုက် ဒဏ်ရာရသူတွေကို သယ်ဆောင်ကာ စစ်ကြောင်းရှေ့ဆက်သွားမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။ DVB

စစ်ကောင်စီခန့် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ကေအန်ယူ သတိပေး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ဖို့ ကေအန်ယူက ဇူလိုင် ၄ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်အရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ရွှေကျင်(ဆောထိ)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်မှာဖြစ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ‌ကျေးရွာလူကြီးအားလုံး နုတ်ထွက်ဖို့  သတိပေးခဲ့တာပါ။

ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း ကေအန်ယူဗဟို၊ ခရိုင်ကချမှတ်ထားတဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြည် သူလူထုစားဝတ်နေရေး၊ လူမှုရေး၊ လူမှုဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအနေနဲ့ အချက် ၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ညွန်ကြားလိုက်ပါတယ်။

ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း မည်သည့်ကိစ္စမဆို ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်ရဲ့ ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာရမှာဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို  ဆောင်ရွက်လုပ်ကိုင်လိုပါက တရားဝင်တင်ပြပြီး ခွင့်ပြုချက်ရယူလုပ်ကိုင်ဖို့၊ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်စာရင်းသွင်းမှတ်ပုံတင်ဖို့၊ မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနဲ့ သဘာဝသယံဇာတတွေကို လုပ်ငန်းဖို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝင်ရောက်လုပ်ကိုင်ဖို့ ဆိုပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေ လုံးဝမပြုလုပ်ဖို့နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံမှုထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာ ရေးနှင့်ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွန့်မှုအတိုင်း ပြည်လူထုတရပ်လုံး တိကျစွာလိုက်နာဖို့နဲ့ ဖောက်ဖျက်ကျူးလွန်သူကို ကေအန်ယူက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ DVB

ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံတွင် တပ်စွဲသော စစ်တပ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၄ ရက်နေ့တွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း SNAKE EYES LPDF တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို SNAKE EYES LPDF၊ Non Profit Soldiers Ye.U နှင့် City Hunter (ပ.က.ဖ ရေဦး) အဖွဲ့တို့မှ အဆင့်မြင့် အဝေးထိန်း ဖောက်ခွဲရေး မိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော ဗိုလ်ကြီး ၁ ဦးနှင့် သေဆုံးစစ်သား အလောင်း ၂လောင်းကို မွန်းလွဲ ၃နာရီ ၂၀မိနစ်ခန့်တွင် ရဟတ်ယာဥ်ဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။ khit thit

ဒီပဲယင်း အနောက်ခြမ်းသို့ စစ်ကောင်စီတပ် သားရာချီ၍ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေသောကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက် ပြေး

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကျေးရွာများသို့ စစ်သားအင်အားရာနှင့်ချီ၍ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေသောကြောင့် ဒေသခံအချို့ နေအိမ်စွန့်ခွာ၍ ထွက်ပြေးနေကြရကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်နှစ်စင်း၊ Mi-17 နှစ်စင်းနှင့် ထောက်ပို့ရဟတ်ယာဉ်တစ်စင်း စုစုပေါင်းရဟတ်ယာဉ်ငါးစင်း ဖြင့် ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများပေါ်သို့ပျံဝဲ၍ စစ်ကောင်စီတပ်သား အင်အား အများအပြား ချသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ညနေပိုင်းမှာ ရဟတ်ယာဉ်နှစ်စီး တစ်သုတ်စီနဲ့ စစ်သားတွေ လာလာချတယ်၊ အနောက်ခြမ်းရွာတွေမှာတင် စစ်သားငါးဆယ်နဲ့အထက်ချသွားတယ်၊ တချို့ရွာသူ ရွာသားတွေကြောက်လို့ ပြေးကုန်ကြပြီ” ဟု ဒီပဲယင်းမြို့ ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ကျေးရွာ နေပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စစ်ကြောင်း များအားသတိပြု၍ ဘေးလွတ်ရာ တိမ်းရှောင်ကြရန် တိုက်တွန်းထားသည်။ ထို့ပြင် စစ်ဘေးရှောင် ပြည်သူများအား ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ထို့ပြင် စစ်ကောင်စီသည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းသို့ စစ်ကောင်စီတပ်သားများ ပို့ဆောင်ထားကြောင်း သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ညနေပိုင်းကလည်း ဒီပဲယင်းအနောက်ခြမ်းကျေးရွာများ ဖြစ်သည့် ဆပ်ပြာကျင်း ၊ ကြည်၊ ဘုရားထွက်၊ ဘုတ် စသည့်ကျေးရွာများကို ရဟတ်ယာဥ်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ mizzima

ပေါက်နှင့်ပခုက္ကူမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်

မကွေးတိုင်း ပေါက်မြို့နယ်မှာ ဇူလိုင် ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က သရက်ကန်ရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ကားတစီး မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ဒရုန်း ၃ စင်း ဆုံးရှုံးကာ ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ‌ေကြတယ်။ စစ်(…)တွေ မီးရှို့ဖျက်ဆီးခဲ့လို့ သရက်ကန်ကျေးရွာက အိမ်ခြေ ၃၅ လုံးနဲ့ ရေနံတွင်း ၄၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေက လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူကြတယ်။” 

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာတွေကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ လုံခြံရေးအသိ လုံခြုံရေးသတိရှိပြီး မြိုင် ပ.က.ဖ က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။

ပေါက်မြို့နယ် သရက်ကန် ရဲကင်းစခန်းကို ဇွန် ၂၅ ရက်နေ့ကလည်း  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားလို့ ရဟတ်ယာဥ်နဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ပခုက္ကူ-မြိုင်လမ်း အင်ပင်ရွာနဲ့ ကုန်းတက်ကန်ရွာကြားမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PUGF နဲ့ PKU N PDF တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ PUGF ရဲ့ တာဝန်ခံ ဗိုလ်တမာက ပြောပါတယ်။

ပြောက်ကျားစနစ်ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်လို့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက်အကျဆုံး မရှိဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗိုလ်တမာက “မောင်းပြန်သေနတ် တလက်ရဖို့ကို မျက်ကလဲဆန်ပြာ ကြိုးစားနေရပါတယ်။ လက်နက်ကြီး တလက် ရရှိဖို့ကိုလည်း အသက်နဲ့ရင်းပြီး ထုတ်လုပ်ကြရပါတယ်။ လက်လုပ်တတောင့်ထိုး ကျည်ဆန်တတောင့်ကိုလည်း ၆၀၀၀/၇၀၀၀ ကျပ်လောက် ပေးဝယ်နေကြရတာမို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့လှူဒါန်းပေးကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ပခုက္ကူမြို့နယ်မှာ ဇွန် ၂၀ ရက် ညနေပိုင်းကလည်း ဘုန်းကန်ရွာနားက စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို မြိုင် ပ.က.ဖ တပ်ရင်း(၁)က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ဒဏ်ရာရသူတချို့ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဥ်တွေနဲ့ပတ်သက်လို့ သေဆုံး၊ ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ကျိုက်ထိုနှင့် ပခုက္ကူတွင် စစ်ကားများ မိုင်းဆွဲခံရမှုကြောင့် စစ်ကားတစ်စီးပျက်စီးကာ ၂ ဦးသေဆုံး၊ အရာတော်တွင်လည်း တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ်၂ ၊ လေးဒေါင့်ကန် အနီးတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း – ၃ ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အနီးအနား တသမဝိုက်ကို စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိ၊ မရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများသည် ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကားဖြင့် မြိုင်ဘက်သို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း PKU N PDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရသော စစ်ကားပေါ်တွင် အင်ပင်ကျေးရွာ၌ တပ်စွဲပြီး စစ်ဆေးရေးဂိတ် ပြုလုပ်ကာ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၅ ဦးနှင့် အရှေ့ချောက်ကန်မှ ပျူစောထီး ၂ ဦးလိုက်ပါလာပြီး PKU N PDFနှင့် Royal Defence Force PKU တပ်ဖွဲ့တို့မှ မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသော စစ်သား ၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျူစောထီး ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ စစ်တပ်က အလောင်းကောက်ချိန် မရဘဲ အလောင်း ၁ လောင်းကျန်ခဲ့ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြို့မှ (SKAT) ကားအဖြူ ၁ စီးဖြင့် စစ်သား ၅၀ ဦး တင်ဆောင်လာကာ ကျန်ခဲ့သော အလောင်းအား ပြန်လည် ကောက်ယူသွားကြောင်း PKU N PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့ပြင်စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၃ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို S.R.A+C.D.F၊ သေမင်းတမန် ပြောက်ကျားအဖွဲ့၊ စစ်သူကြီး ပြောက်ကျားအဖွဲ့၊ အနောက် မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၁ ၊ အနောက်မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၂ ၊ အနောက်မြောက်တိုင်းမဟာမိတ်တပ်ပေါင်းစုတပ်းရင်း ၃ နှင့် အနောက်မြောက်တိုင်း မဟာမိတ်တပ်ပေါင်းစုတပ်ရင်း ၄ တို့က ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေတွင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို သွားရောက် တိုက်ခိုက်မည့် ဖြစ်စဥ်သည် သတင်းပေါက်ကြားခဲ့ပြီး တိုက်ပွဲမြေပြင်တွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နေရာမယူမှီ ပျူစောထီးများနှင့် စစ်တပ်က RPG အပါဝင် လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီး ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များဘက်မှဘတိုက်ခိုက်ရေးဒရုန်း၊ ကင်းထောက် ဒရုန်း ၂ စီးအပါအဝင် ၆၀ မမ ၊၁၂၀ မမ လက်နက်ကြီးများလည်း ဆုံးရှုံးခဲ့ရ​ပြီး အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit

ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဉ်လိုအပ်ဟု ICNCC ထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဆိုင်ရာလုပ်ငန်းစဉ် (Transitional Justice) မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ချင်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ထန်တလန်မြို့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ဇွန်လ ၃၀ ရက်က ဟားခါးမြို့တွင် ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထန်တလန်မြို့ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရခြင်းမှာ သဘာဝဘေးကြောင့်မဟုတ်ဘဲ စစ်ကောင်စီတပ်များမှ ရက်စက်စွာ မီးရှို့ဖျက်ဆီးခြင်း၊ လက် နက်ကြီးနှင့် မီးလောင်ဗုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ကြောင့်ဖြစ်ကြောင်း ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့အထိ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘာသာရေးအဆောက်အဦများအပါအဝင် ပြည်သူပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကနေအိမ် အလုံး ၁,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ထန်တလန်မြို့ပေါ် ကျူးကျော်အခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ဒေသခံများပြန်လည်အခြေချရန် လုပ်ဆောင်ခြင်းသည် လုံခြုံမှုမရှိနိုင်သေးကြောင်းလည်း ဆို သည်။

ထို့အပြင် ထန်တလန်မြို့နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်သည် သက်ဆိုင်ရာ ဒေသခံပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ပြည်တွင်း ပြည်ပရှိ နယ်သူနယ်သား အားလုံး ပါဝင်လျက် ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေးတန်းတူမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည့်ဝသည့် ချင်းပြည်နယ်အဖြစ် ထူထောင်ရန် တိုက်ပွဲဝင်နေချိန်တွင် ပြည်လည်ထူထောင်ရေးဟူသော ခေါင်းစဉ်ဖြင့် စစ်ကောင်စီမှပြုလုပ်သော လှည့် ကွက်ကို အထူးသတိပြုကြပါရန် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခင်က ထန်တလန်မြို့တွင် အိမ်ခြေ ၂,၀၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်ခဲ့သည်။

သို့သော် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ စစ်ကောင်စီတပ်မှ မီးတင်ရှို့ခဲ့ရာ ဇွန်လ ၂၀၂၂ ကုန်အထိ လူနေအိမ် ၁,၃၀၀ ကျော် ပျက်စီးဆုံး ရှုံးခဲ့ရပြီး ဒေသခံပြည်သူများသည်လည်း နီးစပ်ရာကျေးရွာများနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ mizzima

ထိခိုက်ဒဏ်ရာရ ကလေး PDF ရဲဘော်များအ တွက် အရေးပေါ်ဆေးဝါးကုသရန် အကူ အညီလိုအပ်

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခု ဖြစ်တဲ့ Vakok-CNDF တပ်ဖွဲ့က ဇွန်လ‌နှောင်းပိုင်း တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါး အကူအညီ လိုအပ်နေပါတယ်။

“ထိုးစစ်ကဆင် ကျည်ဖိုးကအကျွေးတင်၊ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေအတွက် ဆေးကုသ စရိတ်က မရှိနဲ့ အခက်အခဲတွေ အများကြီးဖြစ်နေလို့ ကူညီပေးကြပါဦး။ ကျနော်တို့မှာ လိုင်း အခက်ခဲကြောင့် အလှူခံဖို့တောင် အဆင်မပြေပါဘူး။ အခက်ခဲဖြစ်နေတာကိုတောင် ထုတ်ပြောပြီး အလှူမခံနိုင်တဲ့ အခြေအနေဖြစ်နေလို့ပါ။ တတ်နိုင်သလောက် ကူညီပေးပါ၊ အလှူရှင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးကြပါ။ အ ရေးတော်ပုံအောင်တဲ့အထိ ကြိုးစားပြီး တိုက်ပွဲဝင်ပါ့မယ်ခင်ဗျ”လို့ Vakok-CNDF ရဲဘော်တဦးက ပြောပါတယ်။

တပ်ရင်းမှာ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေ များပြားနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်ကူညီ‌ပေးကြဖို့ မေတ္တာ ရပ်ခံထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်ခံနေရတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းမှာ လတ်တလော သာလွန်အင်အားသုံးကာ ကုန်းကြောင်း၊ လေကြောင်း ထိုးစစ်ဆင်နေပြီး ကျေးရွာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်း အမှောင်ချထားတာ  ၅ လ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ DVB

« Older Entries