ဥကရစ်ထစခန်းသို့ လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးဟု ထွက်ပြေးလွတ် မြောက်လာသည့် တပ်ကြပ်ကြီး ဖုန်းဟိန်း ဝန် ခံထွက်ဆို
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ ဥကရစ်ထ ခြေကုတ်စခန်းသို့ ဝေါလေဗျူဟာကုန်းမှတဆင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်သည့် စစ်ကောင်စီစစ်ကြောင်းသည် KNLA၊ KNDO ၏ တိုက်ခိုက်ခြင်းခံရပြီး ၂၀ ကျော်သေဆုံးကာ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထင်လင်းအောင်က အရင်ဦးဆုံး ထွက်ပြေးသွားသူဖြစ်ကြောင်း အလားတူ ထွက်ပြေးလာသည့် တပ်ကြပ်ကြီး ဖုန်းဟိန်းက ဝန်ခံထွက်ဆိုသည်။
“ကျနော်တို့ ခမရ ၃ က ၅၆ ယောက်၊ ဦးစီးက ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးထင်လင်းအောင်။ ထိတွေ့မှုဖြစ်တော့ ဖွဲ့စည်းပုံ ပျက်သွားတယ်၊ သေတဲ့သူတွေ သေ၊ အချို့က ခံပစ်တယ်။ တပ်ရင်းမှူးက အရင်ဦးဆုံး ပြေးသွားတာ” ဟု ထွက်ပြေးလွတ်မြောက်လာသူ တပ်ကြပ် ဖုန်းဟိန်းက ဆို သည်။
KNLA၊ KNDO က တိုက်ခိုက်သဖြင့် တပ်မ ၄၄၊ ခမရ ၃ မှ ၅၆ ဦးနှင့် စကခ ၁၃ မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦး ပါဝင်သော ၆၆ ဦးပါ စစ် ကြောင်းတွင် ၂၀ ဦး ဝန်းကျင်သေဆုံးခဲ့ပြီး ယင်းတပ်ကြပ်ကြီးမှာလည်း ကျောကုန်းတွင် ၄၀ မမ ကျည်စဆင်ကာ ဒဏ်ရာရရှိပြီး ထွက်ပြေးလာစဉ် KNLA ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး Cobra စစ်ကြောင်းမှ ဗိုလ်ဒါဘော့က မေးမြန်းခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီသည် ဥကရစ်ထစခန်းအတွက် လက်နက်ခဲယမ်းများ ပို့ရန် စစ်သား ၈၀ ဦးကို ရဟတ်ယာဉ် ၄ စီးဖြင့် ဝေါလေဗျူဟာကုန်းတွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဥကရစ်ထတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးများသလို လေကြောင်းပစ်ကူများ လက်နက်ကြီးပစ်ကူများ တရစပ် ပစ် ခတ်ခြင်းကြောင့် KNLA၊ KNDO ဘက်မှ ကျဆုံးသူ ၃၀ ဝန်းကျင် ရှိကြောင်း သတင်းရရှိသည်။ khit thit