Monthly Archives: Jul 2022

ဖယ်ခုံတိုက်ပွဲတွင် ကရင်နီတပ်များဘက်မှ အသေအပျောက်များ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့မြောက်ဘက်ရှိ စစ်ကောင်စီအခြေစိုက်စခန်းနှစ်ခုကို ယမန်နေ့ (ဇူလိုင် ၄) က ကရင်နီပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်စဉ် ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ အသေအပျောက်များခဲ့ကြောင်း သိရသည်။ 

ဖယ်ခုံမြို့မြောက်ဘက် သုံးမိုင်ခန့်အကွာရှိ ကာသဲတောင်နှင့် လွယ်ပတာတောင်များတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မ တော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ရှမ်းပြည်နယ်တော် လှန်ရေးလူငယ်များအင်အားစု (SSRY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နံနက် ၅ နာရီမှစ၍ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး စခန်းသိမ်းမိခါနီးအချိန်တွင် စစ်ကောင်စီဘက်က စစ်ကူရောက်လာသည့်ပြင် လက်နက် ကြီးများ အဆက်မပြတ်ပစ်ခတ်သဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း တိုက်ပွဲမှာ ပါဝင်ခဲ့သည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြော သည်။ 

လွယ်ပသာတောင်နှင့် ကာသဲတောင်တို့မှာ စခန်းတစ်ခုနှင့် တစ်ခု မီတာ ၅၀၀ ခန့် ကွာဝေးပြီး အလယ်တွင် ကွင်းပြင်တစ်ခုသာ ခြားကြောင်း၊ လွယ်ပသာစခန်းကို အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးလေးဦးခန့်သာ ကျန်တော့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စခန်းကုန်းနှစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့် တပ်စွဲထားသည်ဟု ၎င်းထံမှ သိရသည်။​

“သူတို့ သုံးယောက်လေးယောက်ပဲ ကျန်တဲ့အချိန်မှာ သူတို့ စစ်ကူထပ်ရောက်လာတော့ လက်နက်ကြီး အလုံးအရင်းရောက်လာတော့ ကျွန်တော်တို့လည်း ပြန်ဆုတ်ရတော့ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာပေါ့” ဟု ထို KNDF တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲတွင် KNDF နှင့် KA တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း၊ ဖယ်ခုံ PDF နှင့် SSRY တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ဖယ်ခုံ PDF တပ်ရင်း (၁) မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

“လက်နက်ကြီးက သုံးလုံးဆက်တိုက် အဲဒီစခန်းမှာ ကျပြီးတော့ ကိုယ့်ရဲဘော်တွေလည်း ထိကုန်တာပေါ့။ ဘာမှ မရလိုက်တော့ဘူး။ ကိုယ့်သေနတ်ပဲ ကိုယ်ပြန်သယ်ရတာပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိ မသိရသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ဦးကမူ စစ်ကောင်စီဘက်မှ သေဆုံးရုပ်အလောင်း ငါးလောင်းနှင့် ဒဏ်ရာအပြင်းအထန်ရသူ သုံးဦးကို ပို့ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်ဟု ဆိုသည်။ ထို့ပြင် သေဆုံးနှင့် ဒဏ်ရာရ စစ်သားများကို ဆေးရုံပို့ရန် စစ်တပ်က ကားရှိသည့် ရွာသားများကို အတင်းအဓမ္မစေခိုင်းခဲ့ကြောင်း ဆိုသည်။ 

ဖယ်ခုံမြို့ပေါ်ရှိ စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးများဖြင့် ညနေ ၆ နာရီအထိ ပစ်ခတ်ခဲ့ပြီး ယနေ့တွင် ထိုစခန်းကုန်းများကို စစ်တပ်က နေရာပြန်ယူထားပြီဟု သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးမှာ ဆင့်ပွားပေါက်ကွဲသည့်အမျိုးအစားဖြစ်သည်ဟု အထက်ပါဖယ်ခုံ PDF တပ်ဖွဲ့ဝင်က ဆို သည်။

“လက်နက်ကြီးက တစ်ခါပစ်ရင် နှစ်လုံးကျတယ်။ နီးနီးပဲကျတယ်။ ပေ ၁၀၀ ပတ်လည်မှာ ကျတဲ့ဟာမျိုးပေါ့။ အရင်တုန်းက လက်နက်ကြီးသံစတွေ ထွက်တဲ့ဟာမျိုးက အပေါ်ပဲ စင်တယ်။ အခုဟာက ဖြန့်ပြီး သွားတယ်” ဟု ၎င်းက ပြောသည်။

ယမန်နေ့နံနက်တွင် ဖယ်ခုံမြို့မြောက်ဘက်ရှိ ကုံးဆုံကျေးရွာနေ ကိုချစ်ထွေးကို စစ်တပ်က ဖမ်းဆီးကာ နေအိမ်ကိုလည်း မီးရှို့ခဲ့ကြောင်း၊ ထိုရွာမှ အခြားအမျိုးသားနှစ်ဦးကိုလည်း သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီး မရှိတဲ့အတွက်ကြောင့် လက်နက်မမျှတဲ့အတွက် ဒီလိုမျိုး ထိခိုက်ရခြင်းဖြစ်တယ်။ အဲဒါလည်း လူထုအားလုံးလည်း ဒီအရေး တော်ပုံမှာ အားမလျှော့ဘဲနဲ့ ဆက်လက်ပံ့ပိုးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု အထက်ပါ KNDF တပ်ဖွဲ့ဝင်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် KNDF တွင် တပ်ဖွဲ့ဝင်အင်အား ၈၀၀၀ ခန့်ရှိသည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားပြီး ကရင်နီ (ကယား) ပြည်နယ် နယ်မြေများဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဘောလခဲအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲမြို့နယ်များတွင်ပါ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်နေသည်။  myanmar now

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု အမိန့်မချဘဲ ရုံးချိန်းထပ်ရွှေ့

ထောင်ဒဏ် ၂၃ နှစ်အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုဖြစ်တဲ့ ပုဒ်မ ၁၃၀ (က) အမှုကို အမိန့်မချဘဲ ရုံးချိန်းထပ်ရွှေ့လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ်  စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) အမှုအတွက် ဇူလိုင် ၅ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ဖို့ စီစဉ်းထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမှုတွဲ မရောက်လာတာကြောင့် လာမယ့်ရုံးချိန်းကို ဇူလိုင် ၁၁ ရက်နေ့အား ထပ်မံ ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှုအတွက် ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့မှာ ကွင်းလုံးကျွတ် လွတ်မြောက်ထားပါတယ်။

စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့  ၁၇၁ (စ) အမှု ၂ မှုဟာ တရားစွဲ အဖွဲ့အစည်း ခွင့်ပြုမိန့် မပါတဲ့အတွက် ပြည် ထောင်စုတရားလွှတ်တော်ရုံးချုပ်ကနေ ပယ်ဖျက်ကြောင်း စီရင်ချ အမိန့်ချမှတ်ထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အ မိန့်ချမှတ်ခဲ့ထားရသလို ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခံထားရတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို‌တော့ အာဏာသိမ်းစစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လက်ရှိမှာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ DVB

ကျဆုံး၊ ဒဏ်ရာရ ရဲဘော်များ၏ မိသားစုဝင်များအား ကလေး PDF ထောက်ပံ့ကူညီ

နိုင်ငံနဲ့ ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇ က ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေတွေထဲက ခွဲဝေသုံးစွဲကာ ဇွန်လနှောင်းပိုင်းက စတင်ထောက်ပံ့ခဲ့တာဖြစ်ပြီး တပ်ရင်းရဲ့ ဘဏ္ဍာငွေအခြေအ နေအရ မိသားစုတစုကို ငွေကျပ် ၂၀,၀၀၀ နဲ့ ဆန် ၁ အိတ်နှုန်းသာ ထောက်ပံ့နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ရဲ့ နေအိမ်တွေလည်း ဆုံးရှုံးခဲ့တာကြောင့် အခုလို ထောက်ပံ့ပေးခဲ့တာလို့ ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။

နေအိမ်မီးရှို့ခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့မှာ မိသားစုကိုပြန်လည် ငဲ့ကွက်ပြီး PDF အဖြစ်မှ အနားယူဖို့ ဖိအားတွေဖြစ်ပေါ်လာနေကြောင်း၊ မိသားစုဝင်တွေအပေါ် လစဉ်လတိုင်း အခုလို ထောက်ပံ့ပေးနိုင်ဖို့အတွက် ပြည်ည်သူတွေရဲ့ လှူဒါန်းမှုများစွာလိုအပ်နေကြောင်း၊ က လေး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်အာဏာရှင်အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်သွားမယ်လို့ ရဲဘော်တဦးက ပြောပါတယ်။ DVB

ခြေဥသစ်စီမံကိန်းနှင့် စစ်အုပ်ချုပ်ရေးဆွဲဆန့်ရန် မင်းအောင်လှိုင်ကြံနေပြီလော

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် သမိုင်းတွင် မကြုံတွေခဲ့ဖူးသော နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည်။ ယင်းကို အဆုံးသတ်နိုင်မည့် ထွက်ပေါက်အမျိုးမျိုးကို ကုလသမဂ္ဂအပါအဝင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရှာဖွေနေသည်။

ထိုနိုင်ငံရေးအကျပ်အတည်းကို ဖန်တီးခဲ့သော မင်းအောင်လှိုင်နှင့် စစ်အုပ်စုက တစ်ဖက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော် လှန်ရေးအင်အားစုများကတစ်ဖက် အားပြိုင်လျက် ရှာဖွေကြံဆနေကြသော်လည်း ရှင်းလင်းပြတ်သားသည့် နိုင်ငံရေးထွက်ပေါက် ပေါ်မလာသေးပေ။ 

သရုပ်ခွဲဆန်းစစ်မည်ဆိုပါက မင်းအောင်လှိုင်ကိုယ်တိုင် ပိတ်မိနေသော အခြေအနေဖြစ်သည်။ မင်း အောင်လှိုင်ကို ထွက်ပေါက်ပိတ်မိနေသည်မှာ အာဏာသိမ်းစက သူကိုယ်တိုင် ကြေညာထားသည့် နိုင်ငံ ရေးလမ်းပြမြေပုံဖြစ်သည်။

နိုင်ငံရေးထွက်ပေါက်အနေဖြင့် မင်းအောင်လှိုင် ကြံဆထားည်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပေးမည်ဆိုသောကတိဖြစ် သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဆိုလျှင် အာဏာသုံးရပ်လုံးကို အကြွင်းမဲ့ကိုင်စွဲနိုင်ခွင့်မှာ အချိန်နှစ်နှစ်သာရှိသည်။ အချိန် ခြောက်လသာ ကျန်တော့သဖြင့် မင်းအောင်လှိုင်အတွက် အကြီးမား ဆုံး အကျပ်အတည်းဖြစ်လာသည်။

အာဏာသိမ်းပြီးနောက် တိုင်းပြည်ကို မင်းအောင်လှိုင် မည်သို့မည်ပုံ အုပ်ချုပ်ခဲ့သည်ဆိုသော အချက် က ထိုအခက်အခဲ မည်မျှကြီးလေးသည်ကို ပြဆိုနေသည်။

သူရဲဘောကြောင် စစ်ဗိုလ်ချုပ်ကြီး၏ တွက်ကိန်းအလွဲ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆယ်စုနှစ်တစ်ခု ကြာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီး နောက်ပြန်လှည့်သွားသည်။ 

စစ်တပ်သည် လက်နက်အင်အားဖြင့် တိုင်းပြည်အာဏာကို အတင်းအဓမ္မသိမ်းယူသည့် အတွေ့အကြုံ ရှိပြီးဖြစ်သည်။ အရပ်သား နိုင်ငံရေးခေါင်းဆောင်များကို လွယ်လင့်တကူ ဖမ်းဆီးထိန်းသိမ်းလိုက်ရုံမျှ ဖြင့် အာဏာကို အခက်အခဲမရှိ အလွယ်တကူရမြဲဖြစ်မည်ဟု မင်းအောင် လှိုင် ယုံကြည်ခဲ့ဟန်ရှိသည်။ 

ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့သော အဖွဲ့အစည်းများက တိုင်းပြည်အာဏာကို ထိန်းချုပ်ထားနိုင်သည့် နိုင်ငံခေါင်းဆောင်အဖြစ် အလွယ်တကူ အသိအမှတ်ပြုကြလိမ့်မည်ဟုလည်း တွက်ဆခဲ့ဟန်တူသည်။

လက်တွေ့၌မူ နိုင်ငံတကာက မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသည့်အခါ မြန်မာ့အကြပ်အတည်းမှာ ပြည်တွင်းရေးကိစ္စ သပ်သပ်မဟုတ်တော့ဘဲ နိုင်ငံတကာစင်မြင့်ထက်ကို ရောက်ရှိသွားတော့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ၊ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်များကို ထောင်ထဲထည့်ပြလိုက်သည့် မင်း အောင်လှိုင်၏ မူလအစီအမံ အလုပ်မဖြစ်ခဲ့ပေ။ 

“အာဏာသိမ်း” ခြင်းမဟုတ်၊ “အာဏာထိန်း” ခြင်းဖြစ်ကြောင်း၊ ၎င်းကိုထောက်ခံပူးပေါင်းသော နိုင်ငံရေးပါတီများရှိကြောင်း ပြသရန် မင်းအောင်လှိုင်၏ အစီအမံသည်လည်း အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရစဥ်က “ဒီမိုကရေစီအနိုင်ကျင့်” မူများပြုလုပ်ခဲ့သည်၊ အာဏာကို အတင်းအဓမ္မရယူရန် ရွေးကောက်ပွဲတွင် “မဲလိမ်မဲခိုးသည်” ဆိုသော မင်းအောင်လှိုင်၏ ဇာတ်ညွှန်းက ထင်သလို မဖြစ်ခဲ့ပေ။ 

အာဏာသိမ်းလုပ်ရပ်အပေါ်  ပြည်သူလူထု၏ မကျေနပ်ချက်မှာ လမ်းပေါ်ထွက် ဆန္ဒပြရုံမျှဖြင့် အဆုံး သတ်မသွားခဲ့ပေ။ 

၎င်းတို့လိုလားသော အစိုးရကို မဲပေးရွေးချယ်နိုင်သည့် အခြေခံအခွင့်အရေးကို စစ်တပ်က အတင်း အဓမ္မ လုယက်ဖျက်ဆီးလိုက်သည်ဟု ပြည်သူများ မြင်သည်။ သာမန်ပြည်သူများကိုပင် စစ်တပ်က အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်ရာ အခြေအနေ ပို၍ဆိုးရွားသွားသည်။

ပြည်သူတို့၏ နာကျည်းခံပြင်းမှုနှင့် ပြင်းထန်သော ဆန့်ကျင်မှုကို မင်းအောင်လှိုင် ရင်ဆိုင်ရတော့ သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အာဏာရစဉ်အချိန်က ဆက်ဆံရေးကောင်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များကို ငြိမ်းချမ်း ရေးဆွေးနွေးပွဲများဖြင့် ဆက်ထိန်းထားနိုင်မည်ဟု မင်းအောင်လှိုင်က တွက်ဆခဲ့သည်။

သို့သော် အာဏာသိမ်းပြီးနောက် အင်အားကြီး EAOs များက မင်းအောင်လှိုင်ကို အယုံအကြည် မရှိ ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုသည့်နည်း ၎င်းဖိတ်ခေါ်သော ဆွေးနွေးပွဲများကိုလည်း ငြင်းဆန်သည်။

အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တော်လှန်ရေးအင်အားစုများဘက်မှ ရပ်တည် တိုက်ပွဲဝင်နေသည်ဖြစ်ရာ မင်းအောင် လှိုင် ရင်ဆိုင်ရသည့် အကျပ်အတည်းမှာ ကြီးသထက်ကြီးလာ သည်။

စစ်တပ်၏ အကြမ်းဖက်မှုများ

အကွက်ချစီစဥ်ထားသည့်အတိုင်း အာဏာသိမ်းမှု မအောင်မြင်သောအခါ မြန်မာ့သမိုင်းတွင် မကြုံဖူး သော အကြမ်းဖက်မှုများကို မင်းအောင် လှိုင်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်များ လုပ်ဆောင် လာ ကြသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၁ ဖေဖော်ဝါရီလမှ ယခုနှစ် ဇူလိုင် ၄ ရက်နေ့အထိ လမ်းပေါ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနှင့် စစ်ကြော ရေးစခန်းများတွင် စစ်တပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားပြည်သူ ၂၀၀၀ ကျော်ရှိသည်။​

ဖမ်းဆီးခံထားရသူများတွင် သေဒဏ်ချမှတ်ခံထားရသူ ၁၂၀ ရှိသည်။ ၎င်းတို့အနက် ထင်ရှားသော နိုင်ငံရေးသမားများဖြစ်သော ဂျင်မီ (ခေါ်) ဦးကျော်မင်းယုနှင့် ဦးဖြိုးဇေယျာသော် (ခေါ်) မောင်ကျော် အပါအဝင် ၄ ဦးကို သေဒဏ်စီရင်မည်ဟု ကြေညာထားသည်။ အကြောက်တရား လွှမ်း မိုးစေရေး ဖြစ်သည်။ 

နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးခံထားရသူ တစ်သောင်းတစ် ထောင်ကျော်ရှိသည်။ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ ပိုင်ဆိုင်သော အိမ်ပေါင်း ၆၇၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်ထားသည်။

 စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ၊ ရှမ်း ပြည်နယ် (တောင်ပိုင်း)၊ ကရင်၊ ကချင်၊ တနင်္သာရီ၊ မန္တလေးနှင့် ပဲခူး စသည့် ပြည်နယ်နှင့် တိုင်းများတွင် အရပ်သားပြည်သူပိုင် နေအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက် ဆီးခံရသည်ဟု ထိုအချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဆိုသည်။ 

လက်နက်ကိုင် ခုခံတော်လှန်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ထောက်ခံသည်ဆို သော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ထိုသို့ မြေလှန်ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ 

အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်း၌ နေရပ်စွန့်ခွာရွှေ့ပြောင်းရသူ (IDP) ဦးရေ ခုနှစ်သိန်းငါး သောင်းကျော်ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN-OCHA) ၏ ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်သည်။

ထိုကိန်းဂဏန်းသည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသော ရိုဟင်ဂျာဦးရေထက်ပင် ကျော်လွန်သွားပြီ ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းထက် ဆန့်ကျင်သူမှန်သမျှကို အမြစ်ပြတ်ချေမှုန်းရေးကို ဦးတည်လုပ်ဆောင်နေသည်။​

စစ်တပ်၏ လူမဆန်သော လုပ်ရပ်များတွင် ရိုင်ဖယ်သေနတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်ခြင်း၊ ဖမ်းဆီးပြီး ၂၄ နာရီမပြည့်မီ စစ်ကြောရေးတွင် ညှဉ်းပန်းသတ်ဖြတ်ခြင်း၊ ကလေးငယ် များပါမကျန် မိသားစုဝင်များကို ဓားစာခံဖမ်းဆီးခြင်းတို့ ပါဝင်သည်။

ထို့ပြင် ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများလည်း ကျူးလွန်လျက်ရှိသည်။ 

စားနပ်ရိက္ခာမျးကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးပြီး အသက်ရှင်ရပ် တည်ရန် ခက်ခဲအောင် လုပ်ဆောင်ခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးကြရသော ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန် ရွှေ၊ငွေ ပစ္စည်းများကို လုယက်ယူငင်ခြင်းတို့ကိုလည်း စစ်တပ်က ထင်ထင်ရှားရှားကျူးလွန် နေသည်။

ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပစ်မှတ်များကိုပါမရှောင် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက် ခိုက်ခြင်းများလည်း ကျူးလွန်နေသည်။

ထိုထိုသော ကျူးလွန်မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes Against Humanity) မြောက်သော လုပ်ရပ်များဖြစ်သည်။

နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံတခု၏ စစ်တပ်ဂုဏ်အင်္ဂါရပ်များ ပျောက်ဆုံးသွားကာ လက်နက်ကိုင်အကြမ်းဖက်အုပ်စု ဖြစ်သွားသည်။​

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေး အကြံအစည် 

ထွက်ပေါက်ပိတ်နေသော နိုင်ငံရေးအကျပ်အတည်းကို ရင်ဆိုင်နေရချိန် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးအသံများ ထွက်ပေါ်လာသည်။

မကြာသေးမီရက်ပိုင်းက မြန်မာနိုင်ငံရောက် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီဥက္ကဌ ဗိုလ်ချုပ်ဟောင်းသန်းဌေးက ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး တင်ပြဆွေးနွေးခဲ့သည်။

ရက္ခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကလည်း အလားတူတင်ပြခဲ့သည်။ 

စစ်တပ်နှင့်နီးကပ်သော နိုင်ငံရေးသမားများက ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး အချိန်ကိုက် အသံထွက် လာခြင်းမှာ တိုက်ဆိုင်မှုတော့ မဟုတ်နိုင်ပေ။ 

လာမည့်နှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်တော့သဖြင့် လက်ရှိဖွဲ့စည်းပုံကို ဖျက်သိမ်းကာ အသစ်ရေးဆွဲရန် စစ်ခေါင်းဆောင်နှင့် ညှိနှိုင်းဆုံးဖြတ်ထားဖွယ်ရာရှိသည်ဟု တွေးဆ စရာဖြစ်လာသည်။ 

အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ၁၅ နှစ်ကြာ စွန့်ပစ်ထားသည့် တောရိုင်းမြေဘဝရောက် အမျိုး သားညီလာခံ ကျင်းပခဲ့ရာ ညောင်နှစ်ပင်ကို မကြာမီက သွားရောက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မွေးဖွားခဲ့ရာနေရာကို ဆိုင်းမဆင့်ဗုံမဆင့် သွားရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်မွမ်းမံရန် ညွှန်ကြားခဲ့သည်။ 

ပုံမှန်အတိုင်း ဆိုပါလျှင် မင်းအောင်လှိုင်အနေဖြင့် နောက်ခြောက်လအကြာတွင် ဒုသမ္မတဦးမြင့်ဆွေ ထံ အာဏာသုံးရပ်ပြန်အပ်နှင်းရမည်ဖြစ်သည်။

အဘက်ဘက်မှ ပိတ်ဆို့ဖယ်ကျဉ်ခံထားရသည့်အပြင် နိုင်ငံအနှံ့ ခုခံတော်လှန်များ ရင်ဆိုင်နေရသည့် မင်းအောင်လှိုင်အတွက် မျက်နှာပန်းမလှဆုံးအချိန်၊ ၎င်းကိုယ်တိုင်နှင့် မိသားစုအတွက် လုံခြုံမှုမရှိဆုံး အချိန်လည်းဖြစ်သည်။

ထိုသို့သော အခြေအနေတွင် ရွေးကောက်ပွဲကျင်းပနိုင်သည်ဆိုဦးတော့ စစ်တပ်နှင့် ၎င်းထောက်ခံ သော နိုင်ငံရေးပါတီအနေဖြင့် တိုင်းပြည်အာဏာကို အပြည့်အဝထိန်းချုပ်နိုင်ရေး မသေချာပေ။ အနည်းဆုံးအားဖြင့် ဥပဒေပြုရေး၊ တရားစီရင်အာဏာတို့ကို ခွဲဝေကျင့်သုံးရမည်ဖြစ်သည်။ 

မင်းအောင်လှိုင်နှင့် အပေါင်းအပါများအနေဖြင့် ရွေးကောက်ပွဲတစ်ခု ကျင်းပခြင်းထက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရေးလမ်းကြောင်းကို စဉ်းစားနိုင်သည်။ ရွေးချယ်နိုင်သည်။ အာဏာကို လက်ဝယ်ပိုင်ပိုင် ကိုင်ထားနိုင်ခွင့် ပိုရမည်ဖြစ်သည်။ 

အခြေအနေကတော့ ပြောင်းပြန်ဖြစ်နေသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်ဟေဇာ ပြောသည့်အတိုင်း မြန်မာ့အကျပ်အတည်းကို ဖြေ ရှင်းရာတွင် စစ်တပ်က ဦးဆောင်စီစဥ်သော နိုင်ငံရေးထွက်ပေါက် သို့ မဟုတ် နိုင်ငံရေးဆွေးနွေးပွဲမှာ အလုပ်မဖြစ်နိုင်တော့ပေ။

အကြောင်းမှာ အာဏာထပ်သိမ်းစစ်တပ်၏ လုပ်ရပ်ကို မြန်မာပြည်သူများ ခါးခါးသီးသီး ငြင်းပယ်ခဲ့ပြီးဖြစ်သည်။  myanmar now

အဂတိလိုက်စားထားခြင်းမရှိသဖြင့် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုလိုက်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်တဲ့အဂတိအမှု ရာကြီးအမှတ် ၄ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော်ဒုမြို့တော်ဝန်ဦးရဲမင်းဦးတို့ကို ဇူလိုင် ၅ ရက် ဒီကနေ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာဆက်လက်စစ်ဆေးခဲ့ရာမှာ  အဂတိလိုက်စားထား မရှိတဲ့အတွက် သူ့မှာအပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။ 

“၄/၂၀၂၂ အမှုကိုစစ်ပါတယ်။ အတိုင်ပင်ခံ စစ်ပြီးသွားပါပြီ။ ဒေါက်တာမျိုးအောင်စစ်ပြီးသွားပါပြီ။ ဦးရဲမင်းဦးကိုစစ်ပါတယ်။ ဦးရဲမင်းဦးကို စစ်ဖို့ကျန်ပါသေးတယ်။ အတိုင်ပင်ခံက အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ဇွန် ၂၉ ရက်ကလည်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ  ဒေါ်ဆောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုယ်တိုင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ 

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အထိရှိခဲ့ပြီး  အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။ DVB

မန္တလေး ပြောက်ကျားခေါင်းဆောင်တစ်ဦးနှင့်ဆက်စပ်၍ အဖွဲ့ဝင် ၃ ဦး အဖမ်းခံရ

မန္တလေးမြို့မှ မြို့ပြပြောက်ကျားအဖွဲ့ခေါင်းဆောင်တစ်ဦး အဖမ်းခံရပြီးနောက် ပြောက်ကျားအဖွဲ့ဝင် သုံးဦးထပ်အဖမ်းခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ထံမှ သိရသည်။

မန္တလေးအခြေစိုက် Dragon Warrior ဆိုသော အဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက်၂၇ နှစ်အရွယ် ဗိုလ်နဂါးလေး (ခ) ကိုရှိုင်းထက်အောင်မှာ ဇွန် ၂၇ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရကြောာင်း၊ ထိုမှတဆင့် ပြောက်ကျားတပ်ဖွဲ့ဝင် သုံးဦး ထပ်အဖမ်းခံရခြင်းဖြစ်သည်။

၎င်းတို့၏ တပ်ခွဲမှူးတစ်ဦးလည်းဖြစ်သော ဗိုလ်နဂါးလေးကို ဓားစာခံလုပ်ကာ စစ်ကောင်စီက ထိုသို့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ခေါင်းဆောင် ဗိုလ်နက္ခတ်က Myanmar Now ကို ပြောသည်။

“ယောဘက်၊ ဆောဘက်ကို ပစ္စည်းလမ်းကြောင်းအတွက် သွားတာဗျ။ မုံရွာဘက်မှာ ဖမ်းခံရတယ်။ ကိုယ့် အဝန်းအဝိုင်းမဟုတ်တဲ့ဘက်ကနေ အချိတ်အဆက်သွားလုပ်မိတယ်နဲ့ တူပါတယ်” ဟု ဗိုလ်နက္ခတ်က ဆိုသည်။

ဗိုလ်နဂါးလေးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီက Dragon Warrior အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို ဆက်လက်သုံးစွဲနေရာ အချိတ်အ ဆက်ရှိသူများ သတိထားရန် MPDF က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ဗိုလ်နဂါးလေးသည် အဖမ်းခံရပြီးနောက် မန္တလေးနန်းတွင်း စစ်ကြောရေးစခန်းသို့ ရောက်ရှိနေပြီး အသက်အန္တရာယ်ထိခိုက်မည်ကို မန္တလေးအခြေစိုက် တော်လှန်ရေးအင်အားစုများက စိုးရိမ်နေကြသည်။

ဇွန် ၂၅ ရက်ကလည်း မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်သော Yadanarbon Revolutionary Force (YRF) ၏ တပ်မှူးနှင့် ဗဟိုကော်မတီဝင်ဖြစ်သူ စွမ်းထက်အောင်သည် မန္တလေးမြို့တွင်း၌ စစ်တပ်က လိုက်လံဖမ်းဆီးစဉ် ဒဏ်ရာအပြင်းအထန်ရရှိကာ သေဆုံးခဲ့သည်။

မန္တလေးတွင် တော်လှန်ရေးအဖွဲ့များက ဆက်တိုက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လအတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီနှင့် ဆက်စပ်သူ ၄ ဦး သတ်ဖြတ်ခံရကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီကလည်း မန္တလေးမြို့တွင်းရပ်ကွက်များကို ပိတ်ဆို့ကာ တစ်အိမ်တက်ဆင်း ရှာဖွေစစ်ဆေးခြင်း၊ လမ်းသွားလမ်းသွားများကို ဖမ်းဆီးစစ်ဆေးခြင်းများ ရှိခဲ့သည်။​ myanmar now

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံဟောင်း ဖမ်းဆီးခံရ

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မှတ်တမ်းနဲ့ သုတေသနတာဝန်ခံဟောင်း ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဇွန် ၃၀ ရက်မှာ မော်လမြိုင်ရှိ သူ့နေအိမ်မှာ ဖမ်းဆီသွားတယ်လို့ သမဂ္ဂအဖွဲ့က ထုတ်ပြန်ပါတယ်။

ကိုမျိုးသူရအောင်ကို စစ်ကောင်စီတပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးဘူးလို့ မော်လမြိုင်တက္ကသိုလ်ကျောင်း သားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုမျိုးသူရအောင်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဖမ်းဆီးခံ ကိုမျိူးသူရအောင်ကို စစ်ကောင်စီတပ် စစ်ကြောရေးကို ပို့ဆောင်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကျောင်းသူ၊ကျောင်းသား ၃၂ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲမှာ ဘူမိဗေဒ ကျောင်းသား ကိုထက်ဝေထူးဟာ စစ်တပ် လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာ စပ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပြည်သူ ၅၀၀ နီးပါး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ DVB

နွားထိုးကြီးမြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး ထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့လယ်ခေါင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ယမန်နေ့ ဇူလိုင်လ ၄ ရက် ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်းနှင့် ထိခိုက်သေဆုံးသော စစ်သား ၉ ဦးခန့်ကို အခင်းဖြစ်ရနေရာမှ ဆွဲထုတ်သွားသည်ကို မျက်မြင်တွေ့ရှိသူများရှိကြောင်း နွားထိုးကြီး PDF က ဆိုသည်။ khit thit

နယ်စပ်ပို့ကုန် တင်ပို့မှု ကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ရန် စစ်ကောင်စီအမိန့်ထုတ်ပြန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှာ ယွမ်ငွေအစား အမေရိကန်ဒေါ်လာနဲ့သာ ပို့ကုန် တင်ပို့ခွင့်ပြုမယ်လို့  စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက  အသိပေးညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားစာမှာတော့ ရရှိလာတဲ့ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာတွေကို ၄၅ ရက်အတွင်း ပြည် တွင်းဘဏ်စာရင်းထဲကို ထည့်သွင်းရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ပို့ကုန်ရငွေ ပြန်လည်၀င်ရောက်ပြီးကြောင်း ဘဏ်စလစ်ပြနိုင်မှသာ နောက်ထပ်ပို့ကုန်လိုင်စင် ထပ်မံလျှောက်ခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း ကုန်သည်တွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။

နယ်စပ်ကုန်သွယ်ရေးမှာ  အခုလိုမူဝါဒတွေ အမျိုးမျိုးပြောင်းနေတာကြောင့် လတ်တလော မြန်မာ့ ပို့ကုန်ကဏ္ဍကရပ်တန့်သလောက် ဖြစ်သွားတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“နယ်စပ်ပို့ကုန်ရပ်သလောက် ဖြစ်သွားတယ်။ နောက်ဆုံးတော့ စိုက်ပျိုးတောင်သူပဲ ထိတာပါ”လို့ ဆန်စပါး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့ ညွှန်ကြားစာအရ  အမေရိကန်ဒေါ်လာနဲ့သာ တင်ပို့ခွင့်ရရှိမယ့် ပို့ကုန်သီးနှံ‎တွေထဲမှာ ဆန်၊ ပဲ ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေ ပါဝင်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လဲငွေလဲနှုန်း နှုန်းသေ သတ်မှတ်ချက် ကျပ် ၁၈၅၀ နဲ့ ပြင်ပဒေါ်လာ ပေါက်စျေး ကွာဟချက်များနေတာကြောင့် ဒီညွှန်ကြားချက်က ကုန်သည်ရော၊ ပို့ကုန်သီးနှံ စိုက်ပျိုးတောင်သူတွေပါ ထိခိုက်နစ်နာစေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ  အရင်က နယ်စပ်ကုန်သွယ်ရေးတွေမှာ တရုတ်ယွမ်ငွေနဲ့ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေ စသဖြင့် တိုက်ရိုက်ပေးချေခွင့်ပြုထားပေမဲ့ အခုအခါ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေကို  ကန်ဒေါ်လာနဲ့ ဆောင်ရွက်ဖို့ ပြန်လည် ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပို့ကုန်စျေးနှုန်းသတ်မှတ်နှုန်းထားတွေကိုလည်း ပင်လယ်ရေကြောင်းကုန်သွယ်မှု သတ်မှတ်တဲ့ နှုန်းထားတွေနဲ့ တပြေးညီ ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ပို့ကုန်လိုင်စင်ကြေးနှုန်း တိုးမြင့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း−မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက တဆင့် ပြောင်းတင်ပို့မှုကို ရုတ်တရက်  ယာယီပိတ်လိုက်လို့ နောက်ဆက်တွဲအနေနဲ့ပြောင်းကားတွေ လမ်းမှာပိတ်မိပြီးကုန်သည်တွေ အခက်ကြုံခဲ့ရပါတယ်။ DVB

« Older Entries