မြန်မာနိုင်ငံရှိ Foodpanda Rider များ၏ အ လုပ်မဆင်းသပိတ် ၁ လပြည့်၊ တောင်းဆို ချက်များ မရမခြင်း ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုဆို

အစားအသောက်ပို့ဆောင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် Foodpanda Myanmar မှ အခြေခံအော်ဒါကြေးများ လျှော့ချလိုက်ခြင်းနှင့် အော်ဒါပို့ဆောင်ရမည့် ခရီးအကွာအဝေး တွက်ချက်မှုများ မမှန်ကန်ခြင်းကြောင့် Rider (ဒယ်လီပို့ဆောင်သူ)များ နစ်နာဆုံးရှုံးမှုရှိနေသည့်အတွက် အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့ရာ တစ်လတိတိ ပြည့်ခဲ့ပြီဖြစ်သည်။
ဇွန်လ ၆ ရက်နေ့မှ စတင်ကာ ဇူလိုင် ၆ ရက်နေ့အထိ Riderများ တစ်လကြာ အလုပ်မဆင်း သပိတ်မှောက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ကုမ္ပဏီဘက်မှ တစ်စုံတစ်ရာတုံ့ပြန်ခြင်း မရှိသောကြောင့် Rider များဘက်မှ တောင်းဆိုချက်များ မရမချင်း ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ Foodpanda သပိတ်မှောက် Riders များက ထုတ်ပြန်ထားသည်။
Riders များဘက်မှလည်း သပိတ်တိုက်ပွဲဝင်နေသည့် တစ်လအတွင်း နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြပြီး တောင်းဆိုချက်များကို ကုမ္ပဏီဘက်မှ ကျေနပ်လောက်သည်ထိ လိုက်လျော ညှိနှိုင်းပေးရန်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသည့်အပြင် Riders အသစ်များကိုသာ ခေါ်ယူခန့်ထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် Foodpanda လုပ်ငန်း လည်ပတ်သည့် မြို့နယ်ပေါင်း ၁၂ မြို့နယ်တွင် Foodpanda Myanmar ကုမ္ပဏီဘက်မှ အော်ဒါကြေးများလျှော့ချ ခေါင်းပုံဖြတ်ခြင်းနှင့် နည်းလမ်းအမျိုးမျိုးဖြင့် အမြတ်ထုတ်မှုများကို စားသုံးသူများအား အသိပေးသည့် လက်ကမ်းစာစောင် စောင်ရေ တစ်သောင်းအား ဖြန့်ဝေခဲ့သည်။
Foodpanda စားသုံးသူများ လုံးဝမရှိရေး “Zero Customer Campaign” ကိုလည်း နေ့စဉ် မြို့နယ်အနှံ့၌ လုပ်ဆောင်ကာ Foodpanda မသုံးစွဲရန် နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ လှုပ်ရှားမှုများ ပြုလုပ်ခဲ့သော်လည်း Riders များ၏ တောင်းဆိုချက် ရှစ်ချက်နှင့်ပတ်သက်ပြီး လိုက်လျောလုပ်ဆောင်ခဲ့ခြင်း မရှိသည့်အပြင် ယခင်ကထက်ပို၍ ကုမ္ပဏီဘက်မှ ပိုမိုစည်းကမ်းတင်းကျပ်ကာ အချို့ Riders များ၏ အကောင့်များကိုလည်း စည်းကမ်းချက်နှင့် မညီဟုအကြောင်းပြကာ ရပ်ဆိုင်းခဲ့ခြင်းများရှိသည်။
Riders များအား အသိမပေးသော လုပ်ဆောင်ချက်မှန်သမျှကိုလည်း Riders များဘက်မှ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ချက်တွင် ထည့် သွင်းကြေညာထားသည်။
Riders များမှ အလုပ်မဆင်းသပိတ်ပြုလုပ်နေစဉ်အတွင်း Foodpandaကို အသုံးမပြုဘဲ ပို့ဆောင်သူများဘက်မှ ရပ်တည်ပေးသော စားသုံးသူများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် Riders များမှလည်း တောင်းဆိုချက်များမရချင်း အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ် ကြောင်း Riders များ၏ သပိတ် တစ်လပြည့်ထုတ်ပြန်ချက်မှတဆင့် သိရသည်။ mizzima