Monthly Archives: Jul 2022

ပုလဲတွင် စစ်တပ်နှင့်PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၊ မင်းရွာကို စစ် တပ်က မီးရှို့မှု အိမ်ခြေ ၁၀၀ ဝန်းကျင် မီး လောင်၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ကျေးရွာကိုလည်း စစ်တပ်က မီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့တောင်ဘက် မွေ့တုံကျေးရွာအနီးတွင် စစ်တပ်နှင့် PDF တပ်ပေါင်းစုများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင် စီဝင် လေးဦး သေဆုံးကြောင်း ဒေါင်းနက်ပျောက်ကျားတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ တစ်နေကုန် စစ်ကောင်စီတပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ လေးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် နံနက် ၉ နာရီအချိန်မှ စတင်ကာ မင်းရွာကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေါင်းနက် ပျောက်ကြားတပ်ဖွဲ့ထံမှ သိရှိရသည်။

“စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေက မနေ့တုန်းက တစ်နေကုန်ပဲ။ မွေ့တုံကျေးရွာကို ညအိပ်မရပ်နားခင် ရွှေလောင်းကျေးရွာမှာ က တည်းက အပြန်အလှန်ထိတွေ့မှုတွေ ဖြစ်လာတာပဲ။ မြိုင်မြို့နယ် ပုလဲမြို့နယ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေ ပေါင်းတိုက်ကြတာ။ အဖွဲ့တွေ ပြန်သွားလိုက် လာလိုက်ပေါ့။ မနက်လင်းလာတဲ့အခါ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေရှိပြီး စစ်ကောင်စီတပ်က မွေ့တုံကျေးရွာနဲ့ ကပ်လျက် မင်းရွာကျေးရွာရဲ့ ရွာဟောင်းကို မီးရှို့တယ်။ ဒီနေ့ မနက် ၉ နာရီလောက်ကတည်းက အိမ်ခြေ ၁၀၀ လောက် လောင်သွားပြီ” ဟု ဒေါင်းနက်ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်ပေက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ ဝင်ရောက်ဖျက်ဆီးနေသည့်အတွက် အနီးအနားရှိ ကျေးရွာ ၁၀ ရွာဝန်းကျင်ခန့်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မီးရှို့ဖျက် ဆီးနေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းချိန်တွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မီး လောင်မှု အခြေအနေကို မသိရှိသေးကြောင်း၊ ပြည်သူများ ထိခိုက်မှုရှိမရှိကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရွာကို မီးတင်ရှို့နေပါတယ်။ ရေနံကျင်းတွေကို ရှို့နေတာလား။ လူနေအိမ်တွေကို ရှို့နေတာလားဆိုတာကတော့ အသေးစိတ် မသိရသေးပါဘူး။ ပြည်သူတွေ ထိခိုက်မှုရှိမရှိနဲ့ ရွာတွေကို အခြေအနေတွေကို အတည်ပြုဖို့ ခက်နေတယ်” ဟု We love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ khit thit

နေ့စား/လရှင်း ဝန်ထမ်းများဖြင့် ၂၀၂၃ ရွေး ကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ဆောင်ရွက်နေဟုဆို

လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (အခြေခံလူဦးရေစာရင်း) မြေပြင်တိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသင်တန်းကျောင်းနှင့် သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစင်တာတို့ တွင် အခြေစိုက်စခန်းနှစ်ခုဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မဲစာရင်းမြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းအတွက် ဝန်ထမ်းများကို တစ်နေ့လျှင် ၄၈၀၀ ကျပ်နှုန်း ဖြင့် ကိုယ့်စားရိတ်ကိုယ်စား နေ့စား/လရှင်း ပုံစံဖြင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တို့မှ ဝန်ထမ်းများကိုခေါ်ယူခန့်ထားပြီး လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

“ ကလေးမလေးတွေက သနားဖို့ကောင်းပါတယ်။ သူတို့က နယ်ကနေရောက်လာပြီး ဝန်ထမ်းလုပ်ရမယ် ဆိုပြီး လာကြတာပေါ့နော်။ Permanent တော့မခန့်သေးဘူး။ တစ်နေ့ကို ၄၈၀၀ ကျပ်ပေးတယ်။ ကိုယ့် ထမင်းကိုယ် ချက်စားကြရတာ။ ဘယ်လို လောက်မှာလဲ။ အပြင်လည်း မထွက်ရကြဘူး။ တချို့ကလေးမလေးတွေ ဆိုရင် သုံးလကျော်နေပြီ ဒီဝန်းထဲမှာပဲနေရတယ်” ဟု သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာ အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းများမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပုံစံ(၆၆/၆) လူဦးရေစာရင်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ ကျေးရွာ များအတွင်း အမှန်တကယ်နေထိုင်သူ၊ မြေပြင်လူဦးရေစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ မြို့နယ် များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ သေဆုံးသူ၊ ပြောင်းရွေ့ဝင်ရောက်သူ၊ ထွက်ခွာသူ၊ အသက် (၁၈) နှစ်ပြည့် (သို့မဟုတ်) သတ်မှတ်အရည်အချင်းပြည့်မီသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသူများ အင်အား တိုး/လျော့ပြောင်းလဲမှုအခြေ အနေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ အနေ ဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးများနှင့် လစဉ်စာရင်း တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။

“ အခုဆိုရင် ရာအိမ်မှုးတွေလည်းမနားရတော့ဘူး။ တချို့ဆိုရင် တော်တော်လေးစိတ်ပျက်နေကြတယ် ။ နုတ်ထွက်ချင်နေကြတယ်။ ထွက်လို့လည်း မရကြဘူး၊ဖြစ်နေတယ်။ ထွက်ချင်ရင် ရာအိမ်မှူးလုပ်မဲ့သူ တစ်ယောက်ကိုခေါ်လာခဲ့ဆိုတော့ ဒီကာလမှာ ဘယ်သူက ရာအိမ်မှူးလုပ်ချင်မှာလဲ။ ဘာလို့လဲဆိုတော့ နေ့တိုင်း အဲဒီစင်တာကိုသွားပြီး ကွန်ပျူတာတစ်လုံး၊ ဝန်ထမ်းတစ်ဦးနဲ့ ကိုယ့်အပိုင်းအလိုက် သွားပြီးစစ် ဆေးပေးရတာလေ။ အဲဒီမှာ ဝန်ထမ်းကောင်မလေးတွေကလည်း ညည်းညူနေကြတယ်။ သူတို့ ထင် တာတစ်မျိုး အခုလုပ်နေရတာတမျိုး ဖြစ်နေတယ်ဆိုပြီးလေ” ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှ အိမ်မှူးတစ်ဦးကဆိုသည်။

လက်ရှိတွင် မဲစာရင်း (အခြေခံလူဦးရေစာရင်း) မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်မှ ကော်မရှင်ဝန်ထမ်းများနှင့်အတူ နေ့စား လရှင်းဝန်ထမ်းအင်အား ၁၉၄ ဦးတို့ဖြင့်ဆောင်ရွက်လျက်ရှိနေသည်ဟုသိရသည်။ mizzima

၇တန်းကျောင်းသားအား စစ်ကျွန်ပညာရေးဆန့်ကျင်ကြောင်း စာချဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၊ အသုတ်မြို့တွင် ခုနစ်တန်း (Grade-7) ကျောင်းသား တစ်ဦးကို ကျောင်းတွင်းစစ်ကျွန်ပညာရေးဆန့်ကျင်ကြောင်း စာချဖြန့်ဝေသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ကျောင်းသား မိဘများထံက သိရသည်။

အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ခုနစ်တန်း ကျောင်းသားတစ်ဦးကို ယမန်နေ့ ဇူလိုင်လ ၆ရက်နေ့က ကျောင်းဆင်းချိန်တွင် ကျောင်းအုပ်ဆရာမကြီးမှ ပြန်ခွင့်မပေးဘဲ အချိန်ပိုရှိသည်ဟုဆိုကာ ခေါ်ယူထားပြီး စစ်ကောင်စီတပ်မှ လာရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အသုတ်ကျောင်းမှာ လွန်ခဲ့တဲ့ ၁၀ရက်လောက်က ကျောင်းဆက်ဖွင့်နေရင် ဗုံးခွဲမယ် ဆိုပြီး လက်ရေးနဲ့ရေးထားတဲ့ စာတွေတွေ့ရတယ်။ အဲ့ဒီကလေးက ရေးတာပါဆိုပြီးတော့ ကျောင်းအုပ်က စစ်တပ်ကိုသတင်းပေးလို့ မနေ့က ကျောင်းလည်းဆင်းရော စစ်တပ်က ကားနှစ်စီးနဲ့ ကျောင်း ကိုလာပြီးတော့စစ်တာ။ ဒီကနေ့ နေ့ခင်းပိုင်းမှ ကလေးကို ပြန်လွှတ်လိုက်တယ်။ ကလေးကို ဘာတွေလုပ်လိုက်တယ်ဆိုတာတော့ မသိဘူး။ အမှတ်(၂)ရပ်ကွက်ဘက်က ကလေးပဲ” ဟု အသုတ်မြို့ခံတစ်ဦးကပြောသည်။

ကလေးငယ်ကို စစ်ကောင်စီတပ်က စစ်ဆေးရာတွင် မိဘများမသိရှိဘဲ ကျောင်းဆင်းချိန် အိမ်ပြန်မလာခြင်းကြောင့် ကျောင်းကို လိုက်လံစုံစမ်းမှသာ သိရှိရခြင်းဖြစ်သည်ဟု ကျောင်းသားမိဘတစ်ဦးထံက သိရသည်။

“ကလေးကို အချိန်ပိုရှိတယ်ဆိုပြီး ကျောင်းအုပ်ကဆွဲထားပြီး စစ်သားတွေ လက်ကိုအပ်တာ။ မိဘတွေ စိတ်ပူလို့ လိုက်လာမှသိရပြီး ပြန်ခေါ်ရဖို့လုပ်တာ။ ဒါတောင် မလွှတ်ပေးဘူး။ မိဘတွေကလည်း ကြောက်လို့ မပြောရဲဘူး။ ဒါပေမဲ့ ရပ်ကွက်ထဲမှာ သတင်းကပျံ့နေပြီ။ တခြားမိဘတွေရော ကျွန်မတို့ကအစ ကျောင်းဆက်ပို့သင့်၊ မပို့သင့် စဉ်းစားနေရပြီ။ ကိုယ်ပိုင်ကျောင်းတွေကိုပဲပို့ပြီးထားရမလား အကုန်စဉ်းစားနေကြပြီ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အသုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ ၂၅ရက်နေ့က စစ်ကျွန်ပညာရေးအလိုမရှိကြောင်းနှင့် ကျောင်းဆက် လက်ဖွင့်ပါက ဗုံးခွဲတိုက်ခိုက်မည် ဟုရေးသားထားသည့် စာရွက်များကိုတွေ့ရှိရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ mizzima

မြိုင်ရှိ PDF စခန်းတစ်ခုနှင့် လက်နက်ထုတ် လုပ်ရေးပစ္စည်းများ ဖျက်ဆီးခံရ၍ ထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် နံ့သာမြေယက္ခအဖွဲ့စခန်းကို ဇူလိုင် ၅ ရက်နေ့တွင် အကြမ်း ဖက်စစ်တပ်ကစစ်ကြောင်းထိုး ဖျက်ဆီးခဲ့ပြီး လက်နက်ထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းအချို့ကိုပါ ဖျက်ဆီးသွားကြောင်း PDF ဒေသသတင်းရင်းမြစ်ထံမှ သတင်းရရှိသည်။

“ဆုံးရှုံးမှုတန်ဖိုး သိန်း ၅၀ လောက် ရှိပါတယ်။ မောင်းပြန်ဈေးက ကြီးမြင့်လွန်းတာကြောင့်ရော၊ ထောက်ပို့အားနည်းတာကြောင့်ရော အခုထိလက်လုပ်သေနတ်တွေ၊ လက်နက်ကြီးတွေကိုပဲ အားကိုးနေရပါတယ်”ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

လက်ရှိအချိန်တွင် နံ့သာမြေယက္ခစခန်းပြောင်းရွှေ့ရမည်ဖြစ်၍ ထောက်ပံ့မှုများ လိုအပ်နေကြောင်း၊ ထုတ်လုပ်ရေးပစ္စည်းများဖျက်ဆီးခံလိုက်ရသည့်အတွက် သေနတ်များထုတ်လုပ်သည်ထက် မိုင်းများ၊ လက်နက်ကြီးများ ထုတ်လုပ်၍ ရလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း သိရှိရသည်။ khit thit

ရေစကြို ရေလယ်ကျွန်းတွင် စစ်ကောင်စီတပ် ၏ဘေးရန်ကြောင့် ပြည်သူများ စက်လှေဖြင့် ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေမှာ မြစ်ရေတက်လာချိန် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေ စက်လှေတွေနဲ့ ထွက်ပြေးနေရတယ်လို့ စစ်ဘေးရှောင် ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းကျေးရွာ ဒေသခံတဦးက “ရေကြီးချိန်ဆိုတော့ မော်တော်တွေနဲ့ ပြေးကြ ရှောင်ကြရတာပေါ့။ ရေကများတော့နေပြီ ‌မြစ်ချောင်းတွေမှာ၊ ရွာတွေပေါ်လည်း ရောက်တဲ့နေရာ ရောက်ပေါ့။ ဒါတောင် ရေက သိပ်မများသေးဘူး။ ရေတအားများချိန်ဆို ဆိုင်ကယ်၊ စက်ဘီး၊ လှည်းက ဘာမှလုပ်မရတော့ဘူးလေ။ မော်တော်တွေ စက်လှေတွေပဲ အားကိုးရတာ” လို့ ပြောပါတယ်။

ဇူလိုင် ၆ ရက်မှာ စစ်ကောင်စီတပ်က ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်ကြားက ကျေးရွာတွေကို လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စက်လှေနဲ့ ထွက်ပြေးကြရတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “လေယာဉ်နဲ့ကြဲတော့ ပြေးကြလွှားကြရတာ စက်လှေသံတွေ ဆူလို့၊ ပြေးမယ်ဆိုရင်တော့ ကမ်းပါးထွက်ပြီး မော်တော်နဲ့ပြေးရုံပေါ့။ အရင်က ကြားချောင်းတွေ မြောင်းတွေထဲ ရေမရောက်သေးတာ ဆိုင်ကယ်နဲ့ လှည်းနဲ့ ပြေးရုံပဲ။ ခုက တရွာနဲ့တရွာကြား ချောင်းပေါက်လေးတွေ ရှိတယ်လေ။ အဲ့မှာ ရေတွေပြည့်နေတာပေါ့။ တချို့ရွာတွေကျ ကမ်းစပ်နဲ့နီးတော့ ပိုဆိုးတာပေါ့၊ ကျောက်ပျဉ်ကြီးလို ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်ရချိန်မှာ အရင်က ကုန်းမြေများတာကြောင့် ပုန်းရှောင်ရာမှာ လျှင်မြန်လွယ်ကူပေမဲ့ အခုအချိန်မှာ မြစ်ရေတက်ချိန်ဖြစ်တာကြောင့် ပုန်းရှောင်ရ ခက်ခဲလာပြီး အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ခေါ်ဆောင်ထွက်ပြေးကြရာမှာ ခက်ခဲတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းကျေးရွာ ဒေသခံတဦးက “အတော်ခက်ခဲတယ် ရေများချိန်က၊ တခြားဘက်တွေက ကားရှိရင် အဆင်ပြေတယ်။ အညာဘက်တွေကျ ခုချိန် စက်လှေတွေ ပိုလိုတာပေါ့။ ခုက ရေကများတယ်တော့ ပြောမရသေးဘူး။ ရေများပြီဆို တကျွန်းလုံး ဖြူဖွေး‌လို့၊ တကယ်ရေများလာရင် အိမ်အပေါ်ထပ်ပဲ နေကြရတာ။ အခုလိုအခြေအနေက အာဏာသိမ်းမှ ကြုံရတာဆိုတော့ စောင့်ကြည့်ရမှာပဲ။ ရေတကယ်များချိန်ကျ (–)တွေ လာမလာလည်း မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်က ကျွန်းထဲကျေးရွာတွေဟာ မြောင်မြို့နယ်နဲ့ ဆက်စပ်နေတာဖြစ်ပြီး ကျွန်းထဲကျေးရွာအားလုံးဟာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် အကြားမှာ ရှိတာဖြစ်ပါတယ်။ အဆိုပါ ရေလယ်ကျွန်းဒေသမှာ ချောင်းပေါက်ပေါင်း ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။ DVB

သဉ္ဇာဝင့်ကျော်အပါအဝင် ဖမ်းဆီးခံရသူ ၆ ဦးကို စစ်ဆေးပြီးပါက လွှတ်ပေးမည်ဟု စစ်တပ်ပြော

အမျိုးသမီးသရုပ်ဆောင် အနုပညာရှင်ဖြစ်သူ သဉ္ဇာဝင့်ကျော်အပါအဝင် ခြောက်ဦးကို စစ်ဆေးမှုများပြီးဆုံးပါကပြန်လွှတ်ပေးမည်ဟု စစ်တပ်ဘက်မှပြောကြားခဲ့ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က မဇ္ဈိမသို့ ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဖိတ်ခေါ်မှုအရ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်အတွင်းရှိ ဟိုက်ပါရေတံခွန်နှင့် ကျေးသီးမြို့ နယ်၊ ဝမ်ဟိုင်းဒေသတွင် ဖွံ့ဖြိုးရေး မှတ်တမ်းများရိုက်ကူးပြီးပြန်ချိန်တွင် သဉ္ဇာဝင့်ကျော်အပါအဝင် ခြောက်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“ သူတို့ဖမ်းချုပ်ထားတာမဟုတ်ဘူး။ မေးမြန်းတာသာဖြစ်တယ်။ သူတို့သိလိုတဲ့ အချက်အလက်တွေပြီးရင် ဒီနေ့လွှတ်ပေးမယ်လို့ တပ်မတော်ရဲ့ပြောရေးဆိုခွင့်က ဒီနေ့ နေ့လယ်ပိုင်းက ပြောတယ်ဗျ” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုသည်။

၎င်းတို့ကို လားရှိုးမြို့တွင်စစ်ဆေးနေပြီး ညနေ ၆ နာရီကျော်အထိ ပြန်လွတ်လာခြင်း မရှိသေးကြောင်းနှင့် SSPP အနေဖြင့်လည်း စစ်တပ်ဘက်သို့ ညနေပိုင်းအထိ ဆက်သွယ်ခြင်း မပြုရသေးကြောင်းသိရသည်။

သဉ္ဌာဝင့်ကျော်သည် SSPP ၏ငှားရမ်းမှုအရ ဒေသဖွံ့ဖြို့ရေးရုပ်သံရိုက်ကူးပြီးအပြန်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့်အတွက် ၎င်းတို့တွက် SSPP အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအရ တာဝန်ယူသွားမည်ဟုဆိုသည်။

ဖမ်းဆီးခံရချိန်တွင် သဉ္ဇာဝင့်ကျော်အပါအဝင် ၎င်း၏ ရည်းစားဖြစ်သူ၊ မိတ်ကပ်ဆရာများအပါအဝင် ခြောက်ဦး ကို ဖမ်းဆီးခဲ့သည့်အတွက် SSPP အနေဖြင့်ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ ယခုကဲ့သို့ပြောလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အပေးယူကတော့ ဘာမှမဆိုင်ဘူးလေ။ သရုပ်ဆောင်လုပ်တာက လုပ်တာပဲလေ။ သူတို့လွတ်မြောက်ဖို့ပဲ ကျွန်တော်တို့လုပ်တာဖြစ်တယ်။ ဘာအပေးအယူမှ မလိုဘူးနော်။ အပေးယူလုပ်ပြီးမှ လွတ်မြောက်တယ်ဆိုရင် ဒါကသဘာဝမကျဘူးလေ” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြော သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် သဉ္ဇာဝင့်ကျော် SSPP ဝတ်စုံ ဝတ်ဆင်ပြီး ပွဲတစ်ခုသို့ တက်ရောက်သည့် ဓါတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် SSPP သည် ရိုက်ကူးရေး လုပ်နေခြင်းသာဖြစ်ကြောင်း ရှင်းပြခဲ့ရသည်။

လတ်တလောတွင် SSPP ၏ တပ်စခန်းတချို့ကိုစစ်ကောင်စီမှ နောက်ဆုတ်ခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက် ပွဲဖြစ်ပွားခဲ့မှုလည်းရှိထားခဲ့သည်။ mizzima

ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင်၊ ပုလဲတွင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီ သူ စုစုပေါင်း ၅ ဦးကို စစ်တပ်က သတ်ဖြတ်

အကြမ်းဖက်စစ်တပ်က ဖလမ်းတွင် အသက် ၆၀ အရွယ် မသန်စွမ်း အမျိုးသမီး ၁ ဦး၊ ဝက်လက်တွင် စိတ်ဝေဒနာရှင် ၁ ဦး၊ ပုလဲတွင် အသက် ၇၀ ကျော်အဘိုးအို ၂ ဦး၊ ညောင်လေးပင်တွင် စစ်ဘေးရှောင်ကူညီသူ စုစုပေါင်း ၅ ဦးကို သတ် ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖလမ်းမြို့တွင် အသက် ၆၀ အရွယ် မသန်စွမ်း ဒေါ်တီလ်ကပ်(ပ်)ကို စစ်တပ်က သတ်ဖြတ်

===========================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်သို့ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၃၀ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာနေ အသက် ၆၀အရွယ် မသန်စွမ်း ဆွံ့အ အမျိုးသမီးကြီး ဒေါ်တီလ်ကပ်(ပ်)ကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ကြား ကာလ ချင်းအမျိုးသား အတိုင်ပင် ခံကောင်စီထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ ယခုကဲ့သို့ အပြစ်မဲ့ မသန်စွမ်း ဆွံ့အ အမျိုးသမီးကြီး တစ်ဦးကို သတ်ဖြတ်ခြင်းအပါအဝင် ချင်းပြည်နယ် အနှံ့တွင် စစ်တပ်၏ ကျူး လွန်သော စစ်ရာဇဝတ်မှုများကို သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျမှတ်တမ်းတင်ပြုစုထားလျှက်ရှိကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း အရပ်သားပြည်သူများအပေါ် စစ်တပ်က လူမဆန်သော ရက်စက် ကြမ်းကြုတ်စွာပြုကျင့်နေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ပြုကျင့်ခြင်းများအပေါ် ထိုက်သင့်သည့်တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ ထုတ်ပြန်ထားသည်။

ဝက်လက်မှ စိတ်ဝေဒနာရှင် ကိုသိန်းထွန်းဦးကို စစ်တပ်က သတ်ဖြတ်

===========================================

အလားတူစစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့သော စစ်ကောင်စီတပ်သည် ရုံးပင်ကုန်းကျေးရွာမှ စိတ်ဝေဒနာရှင် ကိုသိန်းထွန်းဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် ပစ်သတ်ပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ညောင်လေးပင်မှ စစ်ဘေးရှောင်ကူညီသူ စောလားကပေါ်ကို သတ်ဖြတ်ပြီး ငွေသိန်း ၅၀ စစ်တပ်က ယူ

===========================================

အကြမ်းဖက်စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင်အတွင်း စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရေးလုပ်ဆောင်နေသူ အသက် ၄၀ ဝန်းကျင်ရှိ စောလားကပေါ (ခ) ဖားဘော်ကို ဖမ်းဆီးရိုက်နှက်ပြီး သတ်ဖြတ်ပစ်လိုက်ကြောင်း ၎င်းထံမှ စစ်ဘေးရှောင်များအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် ပါလာသည့် ငွေကျပ် သိန်း ၅၀ ကိုပါ လုယူလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများဖြစ်ပွားနေသော KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ အောင်းလောင်းစိန် ဂိတ်စခန်းတွင် စောလားကပေါကို ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက် ကျွန်းပင်ဆိပ်စခန်းသို့ ခေါ်ဆောင်ပြီး ထပ်မံ ရိုက်နှက်စစ်ဆေးနေစဉ် သေဆုံးခဲ့ကြောင်း KNU က ဆိုသည်။

စောလားကပေါသည် ကေအဲန် ယူ-မုန်းမြို့နယ်အတွင်း တိမ်းရှောင်နေရသည့် ဒေသခံပြည်သူလူထုများကို လိုက်ပါ ကူညီပေးလျက် ရှိပြီး ပြည် သူလူထုအတွက် အခြေခံလိုအပ် ချက်များကို ဝယ်ယူရန်အတွက် သွားရာလမ်း တွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ၎င်းတွင် ပါလာသော ငွေကျပ် သိန်း ၅၀ ကိုပါ စစ်ကောင်စီတပ်ဖွဲ့က လုယူလိုက်ကြောင်း၊ ယင်းငွေများသည် စစ်ရှောင်များအတွက် အဓိက လိုအပ်နေသည့် ဆန်နှင့် မိုးကာများ ဝယ်ယူရန် ငွေများဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေသော မုန်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်သည် ဒရုန်းများဖြင့် ကျေးရွာများသို့ လိုက်လံထောက်လှမ်းခြင်း၊ လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းနှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက် မွေနှောက်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ ကျေးရွာများသို့ မပြန်ရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေရကြောင်း လက်ရှိတွင် ကျေးရွာပေါင်း ၄၈ ရွာမှ ဒေသခံပြည်သူ ၅၄,၉၁၁ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KNU က ထုတ်ပြန်သည်။

ဝက်လက်တွင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၂ ဦးကို သတ်ဖြတ်မီးရှို့

========================================================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ မင်းရွာ ကျေးရွာနှင့် မွေ့တုံကျေးရွာမှ အသက် ၇၀ကျော်အဘိုးအို ဦးကျော်ဟန်နှင့် ဦးတင်ဖေတို့ကို စစ်တပ်က ကျေးရွာအတွင်းဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ယနေ့ ရုပ်အလောင်း ပြန်လည်ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်ဟာ မွေ့တုံကျေးရွာကို ဇူလိုင်လ ၆ရက်နေ့တွင် ဝင်ရောက်တပ်စွဲပြီး ယနေ့ တွင် မီးရှို့ကြောင်း ၊ အဘိုးအို ၂ ဦးကိုလည်း သတ် ဖြတ်သွားကြောင်း သိရှိရသည်။

“စစ်ကောင်စီထွက်သွားလို့ ရွာသားတွေ မီးငြိမ်းတဲ့အခါ စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ရုပ်အလောင်းတွေ ပြန်ရပါတယ်။ တစ်ယောက်က မင်းရွာကျေးရွာက၊ တစ်ယောက်ကမွေ့တုံကျေးရွာက တစ်ယောက်ပါဗျ။မင်းရွာကျေးရွာသား အဘိုး ဦးကျော်ဟန်နဲ့ နောက်တစ်ဦးကတော့ မွေ့တုံရွာသား အဘိုး ဦးတင်ဖေ အသက်၇၈နှစ်ပါ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မွေ့တုံရွာမှ အိမ်ခြေ ၃၃လုံးနှင့် မင်းရွာမှ အိမ်ခြေ ၆၆ လုံးကျော်မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။ khit thit

မြဝတီမြို့နယ်၊ ဖလူးကြီးရွာအနီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် ရွာသားများ စစ်ဘေးရှောင်

စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်မှာစိုးရိမ်တာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကြီးကျေးရွာနေ ပြည်သူတွေဟာ  ဇူလိုင် ၇ ရက် ဒီနေ့မနက်ပိုင်း မင်းလက်ပံရွာဘက်ကို စစ်ဘေးရှောင်နေကြပါတယ်။ 

မြဝတီမြို့တောင်ဘက်ရှိ KNLA၊ KNDO၊ PDF နဲ့ တခြားပူးပေါင်းတပ်တွေရှိတဲ့ ဖလူးကြီးရွာ စာသင်ကျောင်းဝင်းအနီးကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြန်ဖြစ်မှာ စိုးရိမ်ပြီး ရွာသားတွေမနေရတော့ဘဲ စစ်ရှောင်ထွက်ပြေးကြတာ ဖြစ်တယ်။

မြဝတီမြို့တောင်ဘက်မှာ စစ်ကောင်စီကျူးကျော်စစ် ဆက်လက်ဆင်နွှဲနေတာကြောင့် KNLA ဘက်ကလည်း ခုခံကာကွယ်ရန်အတွက်အသင့်ရှိနေတဲ့အတွက် ဒီရက်ပိုင်း နှစ်ဘက်တိုက်ပွဲပြင်းထန်နိုင်တယ်လို့ ဖလူးကြီးရွာသားတယောက်က ပြောပါတယ်။

မြဝတီမြို့ခရိုင်၊ ဝေါလေဒေသ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ စစ်ရှောင်ပြည်သူအားလုံးကတော့  နေ ရပ်ပြန်သွားကြပြီလို့ ရွာသားတဦးက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီတပ်တွေရဲ့ ကျူးကျော်စစ်ကြောင့် စစ်ဘေးရှောင်ထွက်ပြေးကြတဲ့ ပြည်သူတွေကတော့ လက်ရှိအချိန်ထိ အိမ်မပြန်ရဲကြသေးပါဘူး။ DVB

« Older Entries