ဖက်ဒရယ်ကျောင်းတစ်ခုဖြစ်သည့် Kaung For You Education မှ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ ၎င်းတို့တွင်တာဝန်ရှိကြောင်း ဇူလိုင် ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်လာသည်။
အချက်ပေါင်း ၁၂ ချက် ပါဝင်သော ၎င်းတို့၏ကြေညာချက်တွင် ကျောင်းနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သော ပြဿနာများအပေါ်တွင် ပြန်လည်ဖြေရှင်းချက်များ ပါဝင်သည်ကိုတွေ့ရသည်။
၎င်းတို့ဖြေရှင်းချက်တွင် ကျောင်းအပ်လက်ခံရေးကိစ္စတွင် ငွေကြေးကောက်ခံမှုမရှိခြင်းများနှင့် အဆိုပါ အချက်များပေါ်တွင် လိမ်လည်မှုများရှိနိုင်ကြောင်း သုံးသပ်ထားသည်ကို တွေ့ရသည်။
“ကျောင်း၏ သတင်းအချက်အလက်များပေါက်ကြားမှုသည် ၎င်းတို့ကိုယ်တိုင် ကျောင်းတာဝန်ရှိသူများ အဖြစ်ဟန်ဆောင်၍ Google Form ကောက်ယူခြင်းနည်းနှင့် ကျောင်း၏အတွင်းလူမှတဆင့် သတင်း အချက်အလက်များရယူခြင်းနည်း နှစ်မျိုးဖြင့် ပူးပေါင်းကြံစည်ခံရခြင်းဖြစ် ကြောင်း သုံးသပ်ပါသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ တိတိကျကျသိရှိနိုင်ရန် Kaung For You Education မှ တာဝန်ရှိများထံသို့ မဇ္ဈိမအနေဖြင့် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။
“သို့သော် ကျောင်းအနေဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည့်နောက် KBZ pay account များ၊ ဖုန်း နံပါတ်များ၊ မှတ်ပုံတင်များ၊ ကျူးလွန်သူများ၏ ဓာတ်ပုံများနှင့် နေရပ်လိပ်စာများကို အတိအကျရရှိထား ပြီး ဆက်စပ်ပူးပေါင်းကြံစည်သူများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆို တင်ပြသွားမည်” ဟုဆိုသည်။
“အခုလို ထုတ်ပြန်ချက်အပေါ်မှာ သူတို့အနေနဲ့ ဘယ်လောက်ထိလက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင် မလဲ။ ကျောင်းသားမိဘတွေ၊ ကျောင်း သားတွေရဲ့လုံခြုံရေးကို ဘယ်လောက်ဆောင်ရွက်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမယ်” ဟု CDM ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဝေယံစိုးက သုံးသပ်သည်။
ထို့အပြင် သတင်းအချက်အလက် ပေါက်ကြားမှုများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့်လည်း စုံစမ်းစစ်ဆေးအရေးယူမှုတစ်စုံတရာ ပြုလုပ်သင့်ကြောင်းဆိုသည်။
Kaung For You Education သည် တော်လှန်ရေးကာလအတွင်းတည်ထောင်ခဲ့သော ဖက်ဒရယ် ကျောင်းတစ်ခုဖြစ်ပြီး ယခုပညာသင်နှစ်ဖြစ်သည့် ဇွန်လဆန်းပိုင်းတွင် ကျောင်းအပ်ရန် ကြေညာခဲ့သည်။ ထိုစဉ်က ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၀၀,၀၀၀ နီးပါး ကျောင်းအပ်ရန် ဆက် သွယ်ခဲ့သည်အနက် ကျောင်းသား ဦးရေ ၃၀,၀၀၀ကို လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျဉ်းများအရ CDM လှုပ်ရှားမှုတွင်ပါဝင်သော ကျောင်းသား၊ ကျောင်းသူများသည် သက် ဆိုင်ရာဖက်ဒရယ်ကျောင်းများသို့ ဆက်သွယ်တက်ရောက်ကြ ရန်ရှိနေသည်။
၎င်းတို့၏အချက်အလက်များကို ကျောင်းများအနေဖြင့် သတိကြီးစွာမထိန်းသိမ်းဘဲ ချို့ယွင်းချက်များ ရှိလာပါက ကလေးငယ်များအပါအဝင် မိဘများအနေဖြင့် အချိန်မရွေးဖမ်းဆီးနှိပ်စက်ခံနိုင်ရချေလည်းရှိ နေကြောင်း CDM အသိုင်းအဝိုင်းမှသုံးသပ်ကြသည်။ mizzima
Like this:
Like Loading...