ဘီးလင်း NLD ဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို နွေ ဦးအာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဟု KNU သထုံခရိုင်ထုတ်ပြန်


ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းအပါအဝင် သုံးဦးကို နွေဦးအာဇာနည်သူရဲကောင်း အဖြစ်မှတ်တမ်းတင်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကော်မတီမှ ထုတ်ပြန်သည်။
ဦးကျော်မျိုးမင်း အပါအဝင်လေးဦးကို စစ်ကောင်စီက ဘီးလင်းမြို့အနီးတွင် ဇွန်လ ၂၂ ရက်နေ့က ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်အ တွင်း တစ်ဦးမှာအဆိုပါနေရာတွင် ကျဆုံးခဲ့ရပြီး ဦးကျော်မျိုးမင်းနှင့် အခြားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်ကာ ဇွန်လ ၃၀ ရက်တွင် နှိပ်စက်သတ်ဖြတ်၍ အလောင်းကို စွန့်ပစ်ခဲ့သည်ဟုဆိုသည်။
နွေဦးအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ခံရသည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၂ ရက်က ဖမ်းဆီးခံခဲ့ရသည့် နေရာအနီးတွင်တွေ့ရပြီး ဦးကျော်မျိုးမင်းဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၆ ရက်တွင် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဦးကျော်မျိုးမင်း၊ ဦးကိုကိုမောင် နှင့် ဦးပန်းမြင့်တို့ ကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ KNU တပ်မဟာ (၁) ခေါင်းဆောင်၏ ညွှန်ကြားချက်အရ ရုပ်အလောင်းများ( Dead bodies) ကို တောနင်းရှာဖွေခြင်း၊ တူးဖော်ခြင်း၊ အတည်ပြုခြင်း၊ စနစ် တကျ ပြန်လည်သင်္ဂြိုဟ်ပေးခြင်းနှင့် အမိန့်ပြန်ခြင်းလုပ်ငန်းများ ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းကို မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦး ဦးဆောင်၍ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့် ”People’s Force” မှ ဆေးတပ်ဗိုလ်ကြီးပါသော တပ်စိတ် တစ်စိတ်ဖြင့်လုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။
” ဦးကျော်မျိုးမင်းသည် မြန်မာနိုင်ငံတွင်း ထာ၀ရငြိမ်းချမ်းရေးနှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် စစ်အာဏာရှင်နှင့် အပေါင်းအပါများအား ဖြုတ်ချရေး လက်နက်ကိုင် တော်လှန်စစ်ဆင်နွှဲရာ၌ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ” KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကော်မတီက ထုတ်ပြန်ခဲ့သည်။
ဦးကျော်မျိုးမင်းသည် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဖြစ်သည့်အပြင် ပြီးခဲ့သည့် ၂၀၂ဝ အထွေထွေ ရွေး ကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) ၌ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသူဖြစ်သည်။
ထို့အပြင် KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ၏ အတွင်းရေးမှူး (၂) တာဝန်ယူထားသူ ဖြစ်သည်။ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင် တို့နှစ်ဦးသည်လည်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ၏ အဖွဲ့ဝင်များဖြစ်သည်ဟု သိရသည်။ mizzima