မြောင်မြို့နယ် ဆူးလေကုန်းရွာ တိုက်ပွဲအတွင်း စကစဗိုလ်ကြီး အပါအဝင် ၇ ဦး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့မှ ရေကြောင်းလမ်းအသုံးပြုကာ မြောင်မြို့နယ်၊ နနွင်းကိုင်းကျေးရွာသို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဇူလိုင်လ ၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦး ကျဆုံးကြောင်း 27 Revolution Force- မြင်းခြံခရိုင် တပ်ရင်း (၁)မှ ထုတ်ပြန်သည်။
စစ်ကောင်စီတပ်မှ မြောင်နယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးကာ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအရ ယခုအချိန်မှသာ တိုက်ပွဲသတင်းထုတ်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၄ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်သားများမှာ စက်လှေ သုံးစီးအသုံးပြု၍ ရေစကြိုမြို့မှ နနွင်းကိုင်းကျေးရွာသို့ အသုတ်များခွဲကာ လာရောက်တပ်စွဲရာမှ အစပြုခြင်း ဖြစ်သည်။
“၉ နာရီခွဲလောက်မှာ နနွင်းကိုင်းကျေးရွာကိုစပြီး ပစ်ဝင်လာတယ်။ ကျွန်တော်တို့က သတင်းနောက်ကျသွားလို့ ဆိပ်ကမ်းက စီးပြီးပစ်မယ့်အ ချိန် မရလိုက်ဘူး။ သူတို့ရွာထဲကို မြောက်ဖျားက ဝင်လာတဲ့အခါ ကျွန်တော်တို့ တောင်ဖျားကနေ သွားစောင့်တယ်။ ရွာခံတွေ မရှင်းလို့မလို့ ကျွန်တော်တို့နောက်တစ်ရွာဆုတ်ပြီး ဆူးလေကုန်းရွာကို ရွေ့လိုက်ရတယ်ဗျ”ဟု မြင်းခြံခရိုင် တပ်ရင်း (၁) မှ တပ်ရင်းမှူးက ပြောပြသည်။
ယင်းစစ်ကောင်စီတပ်မှာ ထိုနေ့ မွန်းတည့် ၁ နာရီအချိန်ခန့် နနွင်းကုန်းရွာမှတစ်ဆင့် ဘေးချင်းကပ်ဖြစ်သည့် ဆူးလေကုန်းရွာသို့ ထွက်ခွာလာရာ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။
“အဓိကက သူတို့ရှေ့ကင်းပေါ့၊ အဖွဲ့အလယ်ခေါင်ရောက်မှ ပစ်မယ်ဆိုပြီး နေရာယူထားတာ။ အဖွဲ့အသီးသီးပေါ့၊ ဆိပ်ကမ်းဘေးတွေရော ခွဲပြီးနေရာယူထားတာ။ သူတို့က ကျွန်တော်တို့ယူထားတဲ့နေရာအတိုင်း ဒဲ့တက်လာတာပဲ။ အဲ့မှာ အဖွဲ့ထဲက ကလေးတစ်ယောက်ရဲ့ သေနတ်က ကျည်ထွက်သွားတာ။ အဲ့အခါ ကျွန်တော်တို့ထင်သလို မဖြစ်လာဘဲ သူတို့က ကျွန်တော်တို့ကို ပတ်ပစ်တာပေါ့နော့။ ကျွန်တော်တို့ ခေါင်းတောင် မဖော်နိုင်ဘူး။ သူတို့ပစ်တာရပ်ပြီဆိုမှ ကျွန်တော်တို့ကလည်း RPG 7 နှစ်လုံး ပစ်တယ်။ ၄၀ မမနဲ့ပစ်တယ်။ နောက်ပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တယ်” ဟု မြင်းခြံခရိုင် တပ်ရင်း (၁) မှ တပ်ရင်းမှူးက ဆက်ပြောသည်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး တိုက်ပွဲကြာချိန် နှစ်နာရီခန့်အတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦး အပါအဝင် စုစုပေါင်း ခုနစ်ဦးသေ ဆုံးကြောင်း ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ထားသည်။
“သူတို့ အရာရှိကို မှန်ပြီးနောက် သူတို့ဘက်က ၆၀ မမ တွေနဲ့ စပစ်တာ။ ငါးလုံးလောက် ဆက်တိုက်ပစ်တာ။ အဲ့အချိန် ကျွန်တော်တို့ ကျည်အင် အားနဲ့ လျော့နည်းလာတော့ နောက်ရွာကို ပြန်ဆုတ်ခဲ့လိုက်တာ”ဟု သူက ရှင်းပြသည်။
အဆိုပါတိုက်ပွဲအား 27 Revolution Force- မြင်းခြံခရိုင်တပ်ရင်း(၁)မှ ဦးဆောင်၍ မြင်းခြံခရိုင်တပ်ရင်း (၂)၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ MSPDF- စစ်ကိုင်းခရိုင်တပ်ရင်း (၄)၊ Thway Thaut Revolution Force စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာသွားချိန် စစ်ကောင်စီတပ်က ဆူးလေကုန်းကျေးရွာရှိ နေအိမ် ၂၃ လုံးနှင့် ဘာသာရေးအဆောက်အအုံ တစ်လုံးကို မီးရှို့ဖျက်ဆီးကာ မြောင်နယ်၊ မြေစွန်းကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။mizzima