Monthly Archives: Jul 2022

ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ၁ ဦးနှင့် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ၁ ဦးတို့ကို အေအေဖမ်းဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြည်သူစစ်ခေါင်းဆောင်ဟောင်းတယောက်ကို  ရက္ခိုင့်တပ်တော် (အေအေ)က  ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးထွန်းမြတ်ဦးကို ဇူလိုင် ၈ ရက်က အငူမှော်ဆိပ်ကမ်းမှာ ထမင်းစားနေတဲ့အချိန်မှာ ဖမ်းဆီးသွားတာလို့ အငူမှော်ဒေသခံတယောက်က ပြောပါတယ်။ 

ဦးထွန်းမြတ်ဦးဟာ ၂၀၁၇ ခုနှစ် မောင်တောဒေသ အကြမ်းဖက်မှုအပြီး ၂၀၁၈ ခုနှစ်မှာ သင်္ဘောကွေ့ ကျေးရွာကိုခွင့်ပြုချက်မရှိပဲ တည်ထောင်ခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ  အမိန့်ချမှတ်ခံရဖူးသူဖြစ်ပါတယ်။ 

အခုလို ဖမ်းဆီး ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေဘက်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ လယ်ပိုင်းကလည်း အငူမှော်ဆိပ်ကမ်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ် ကျော်နိုင်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ရဲတပ်ဖွဲ့နီးစပ်သူတွေထံကသိရပါတယ်။  

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာလည်း စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်ကို ဇူလိုင် ၉ ရက်ညနေက  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကမ္ဘာ့ရတနာဘဏ်မိသားစုတွေဆီကနေ သိရပါတယ်။ 

အဆိုပါဘဏ်နဲ့နီးစပ်သူတစ်ဦးက “ကျနော်တို့သိရသလောက်တော့  သူက ကျောက်တော်ဒေသက အေအေ တာဝန်ခံနဲ့ ဆက်ဆံရာမှာ သဟဇာ တမဖြစ်တဲ့အတွက် ဖမ်းသွားတာလို့သိရတယ်။” လို့ ပြောပါတယ်။

ကျောက်တော်မြို့ အလယ်ကျွန်းကျေးရွာဇာတိ အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်ဟာ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့က အလယ်ကျေးရွာရှိ ဆွေမျိုးတွေထံ မိသားစုနဲ့အတူ လာရောက်စဉ် ညနေပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒါပေမဲ့ အဖမ်းခံရသူဟာ အေအေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအဆင့်အထိ ဆွေမျိုးတွေ ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။ 

“သူက မိသားစုနဲ့ သူ့ရွာကိုလာလည်တဲ့အခါ ဖမ်းသွားကြတာ။ သူ့ဆွေမျိုးတွေလည်း အေအေဘက်မှာ အရာရှိအဆင့်အထိရှိတယ်လို့သိရတယ်။ အခုလိုဖမ်းဆီးတာက ဘာကြောင်းဖမ်းလည်းဆိုတာတော့ အတိမသိရသေးပါ။”

ပြီးခဲ့တဲ့ ဇွန် ၂ဝ ရက်ကလည်း ကျောက်တော်မြို့မရဲစခန်းမှာတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို အေအေက ဖမ်းဆီးသွားခဲ့သလို ဇွန် ၁၁ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို အေအေက ဖမ်းဆီးခဲ့ပါတယ်။  

အလားတူ စစ်ကောင်စီတပ်ကလည်း ကျောက်တော်မြို့ရှိ ဒေသခံအရပ်သား ၃ဝ ထက်မနည်းကို ဖမ်းဆီးထားပြီး လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် တချို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှု  ဥပဒေပုဒ်မ ၅ဝ၅(က)နဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)တို့နဲ့ ကျောက် တော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ DVB

ကျောက်ကြီးယနေ့တိုက်ပွဲ တပ်ရင်းမှူး ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးသေဆုံး၊ ဇွန်လ ၂၅ ရက်မှ ယနေ့အထိ စစ်အရာရှိ ၅ ဦးနှင့် ရဲအ ရာရှိ ၂ ဦး အပါအဝင် စစ် သား ၆၀ နီးပါး သေ ဆုံး၊ မတူပီတွင် စစ်သား ၂ ဦးသေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အင်းနက်ရွာတွင် ဇူလိုင် ၁၁ ရက်နေ့ နံနက် ၃ နာရီမှစပြီး စစ်ကောင်စီတပ်နှင့် KNU တပ်များ တိုက်ပွဲပြင်းထန်ကာ တပ် ရင်းမှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yomaမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ မနက် ဇူလိုင် ၁၁ ကျောက်ကြီး အင်းနက် တိုက်ပွဲတွင် စကစ ၁၀ ကောင်ကျော်သေဆုံးပြီး ကျောက်ကြီးဆေးရုံတွင် စစ်သား ၁၀ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ သေဆုံးသူ ၁၀ ဦးတွင် တပ်ရင်းမှူး ၁ ဦးပါဝင်ကြောင်း ယခုအချိန်အထိ စစ်တပ်က နတ်သံကွင်း ကျောက်ကြီးကြားမှ လက်နက်ကြီးဖြင့် အင်းနက်ရွာနားကို လှမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

“ဇွန် ၂၅ ရက်နေ့ကတည်းက ထိတွေ့တိုက်ပွဲစဖြစ်တာ ယနေ့ အင်းနက် တိုက်ပွဲအထိ စစ်ကောင်စီဘက်မှ အရာရှိ တပ်ရင်းမှူး အပါအဝင် အရာ ရှိ ၅ ဦး၊ ကျန်အဆင့်စစ်သား ၅၀ကျော်၊ ရဲ အရာရှိ ၂ ဦးနဲ့ သာမန်အဆင့်ရဲ တဦး သေပါတယ်။ KNU တပ်မဟာ ၃ နယ်မြေ မုန်း ကျောက်ကြီး ရွှေကျင် ပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yoma မှ တာဝန်ရှိသူက ဆိုသည်။

စစ်တပ်က ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးထိမှန်ဒဏ်ရာရရှိထားကြောင်း၊ ပြည်သူများအနေဖြင့် လက်နက်ခဲယမ်းများအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yoma သို့ လှူဒါန်းနိုင်ကြောင်း ပြောဆိုသည်။

“ရိုးမကျားတွေ ရရာ လက်နက်နဲ့ ဒဲ့ချနေတယ်။ အမျိုးတွေနဲ့တွဲပြီး ချနေကြတယ်။ လက်နက်ခဲယမ်း ပြည်သူတွေ ကူညီ ထောက်ပံ့ကြပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ”ပဲခူးတိုင်း၊တပ်ရင်း ၃၇၀၂၊ BPDF-Yomaမှ တာဝန်ရှိသူက ဆိုသည်။

အလားတူ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီးကျေးရွာနှင့် လုံတွမ်းကျေးရွာကြားမှာ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က CDF-Matupiနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ ၂ ဦးထက်မနည်းဒဏ်ရာရရှိကြောင်း CDF-Matupiက သတင်းထုတ်ပြန်သည်။ khit thit

စစ်ကောင်စီကို အရှိန်အဟုန်ဖြင့်တိုက်ခိုက်ရန် Black Hero Guerrilla Force တပ်ကို ဖွဲ့ စည်း

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ဖွဲ့ကို အရှိန် အဟုန်ဖြင့်တိုက်ခိုက်သွားနိုင်ရန်ဟုဆိုကာ တော်လှန်ရေးရဲဘော်များစုပေါင်းပြီး Black Hero Guerrilla Force တပ်ကိုဖွဲ့စည်းလိုက်ကြောင်း သိရသည်။

စစ်အာဏာရှင်ကို အမြစ်ဖြတ်ရေးအတွက် BLACK HERO GUERRILLA FORCE -BHGF ကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖွဲ့စည်းပြီးကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန် ကြေညာထားသည်။

“ ဖွဲ့စည်းရတဲ့အကြောင်းအရင်းက စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ အဖိနှိပ်ခံ လူတန်းစားများလွတ်မြောက်ရေးတို့အတွက် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ထောက်တိုက်မှန်သမျှကို ပြိုလဲသွားအောင်လုပ်ဆောင်သွားမှာပါ ” ဟု Black Hero Guerrilla Force တပ်ဖွဲ့၏ ခေါင်းဆောင် ကိုဘလက်က မဇ္ဈိမသို့ပြောသည်။

အဆိုပါတပ်ဖွဲ့သည် မြင်းခြံခရိုင်အတွင်းအခြေစိုက်ကာ လှုပ်ရှားမှုများပြုလုပ်မည်ဖြစ်သော်လည်း လက်ရှိ အချိန်တွင် မြောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ခုခံတိုက်ခိုက်လျက်ရှိသည်။

“ အခုတော့ မြောင်နယ်မှာ လှုပ်ရှားနေတယ်။ မြင်းခြံမှာတော့ Black Hero အဖွဲ့အနေနဲ့ လှုပ်ရှားမှု မရှိ သေးဘူး။ လတ်တလော မြောင်မှာလှုပ် ရှားပြီး လက်နက်အင်အား၊ လူအင်အား တောင့်တင်းပြီဆိုတာနဲ့ မြင်းခြံကိုပြန်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ခိုက်သွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။

Black Hero Guerrilla Force တွင်ပါဝင်သည့် ရဲဘော်များသည် လက်နက်ကိုင်တော်လှန်ရေးစတင်သည့် အချိန်မှစတင်ကာ ဒေသကာကွယ် ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သူ များလည်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း၌ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးကာ ကျေးရွာများကိုမီးရှို့ဖျက်ဆီးလျက်ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးရဲဘော်များကို ကာကွယ်စောင့်ရှောက်ပေးကြရန်နှင့် တတ်နိုင် သည့်ဘက်မှ ပါဝင်ကူညီပေးစေလိုကြောင်းလည်း Black Hero Gueriila Force တာဝန်ရှိသူက မေတ္တာ ရပ်ခံခဲ့သည်။ mizzima

ညောင်လေးပင်ခရိုင်၌ ကရင်အရပ်ဘက်လူမှုအဖွဲ့ဝင် ၁ ဦး သတ်ဖြတ်ခံရမှုအပေါ် ကေအန်ယူ ရှုတ်ချ

ညောင်လေးပင်ခရိုင်မှာ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းအဖွဲ့ဝင် ဒေသခံတယောက်ဖြစ်တဲ့  စောလားကပေါ် (ခ) ဖားဘော် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့အပေါ် ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်လိုက်ပါတယ်။ 

တပ်မတော်၊ မည်သည့် လက်နက်ကိုင်အဖွဲ့၊ အမိန့်ပေးသည့်အရာရှိ၊ အမိန့်ကို နာခံပြီး ကျူးလွန်ခဲ့သူ မည်သူမဆိုဟာ လူ့အခွင့်အရေးနဲ့ လူသားကျင့်ဝတ်၊ ဘာသာရေးကျင့်ဝတ်နဲ့ လူမှုရေးကျင့်ဝတ်တွေ ချိုးဖောက်တာဖြစ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ဒေသငြိမ်းချမ်းရေးကို ပျက်စေတဲ့အတွက် ကန့်ကွက် ရှုတ်ချတာလို့လည်းဆိုပါတယ်။

စောလားကပေါ်ဟာ ဇူလိုင် ၄ ရက်က ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အတွက် ရိက္ခာနဲ့ တခြားလိုအပ်တဲ့ အရာတွေကို ဝယ်ယူဖို့အသွားမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

စောလားကပေါ်ဟာ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းရဲ့ အဖွဲ့ဝင် တဦးဖြစ်သလို ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီရဲ့ ကွင်းဆင်း ဝန်ထမ်းတဦးလည်း ဖြစ်ပါတယ်။

သူဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းရဲ့  ဩဇာခံမှ မဟုတ်သလို ဘယ်လက်နက်ကိုင်အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်စိုက်မတ်မတ် ကျရာ အခန်းကဏ္ဍမှာ တာဝန်ကျေစွာ ထမ်းဆောင်တတ်တဲ့ အရပ်သားတယောက်သာာဖြစ်ကြောင်း ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

သူ့ကို သတ်ဖြတ်သွားသူတွေဟာ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ကေအန်ယူ တာဝန်ရှိတယောက်က  ပြောပါတယ်။

“သူက စစ်ရှောင်တွေအတွက် ဆန်သွားဝယ်ပေးဖို့သွားတာ။ သွားတာ စစ်တပ်ဂိတ်ကို ဖြတ်ပြီးတော့ကိုသွားတာ။ ဒါပေမဲ့ သူ့ကို မသိကြဘူး၊ ဒါပေမဲ့ ပျူစောထီးအဖွဲ့တွေက သူ့ကို သိတယ်။ ဘာလို့လဲဆိုတော့ ပျူစောထီးတွေက ရွာသားတွေပဲလေ။ အဲတော့ ပျူစောထီးအဖွဲ့က သူ့ကို သတ်လိုက်တာ။” 

စောလားကပေါ်ဟာ သတ်ဖြတ်ခံရတဲ့နေ့က စစ်ရှောင်တွေအတွက် လိုအပ်တဲ့ပစ္စည်းဝယ်ယူဖို့ ငွေကျပ် သိန်း ၅၀ သူ့နဲ့အတူ ပါသွားပြီး အဲဒီငွေတွေကိုပါ  လုယူခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါ ငွေကျပ်သိန်း ၅၀ ဟာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်တွေရဲ့ လက်ရှိ အဓိက လိုအပ်နေတဲ့ ဆန်နဲ့ အမိုးအကာ ဝယ်ယူဖို့ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မုန်းမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေကို  ဒရုန်းတွေနဲ့ လိုက်လံထောက်လမ်းတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာအပြင်  ရွာတွေအတွင်းသို့ ဝင်ရောက် မွှေနှောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေကို ဖမ်းယူစားသောက်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ပြီး မိမိတို့ရဲ့ ကျေးရွာကို မပြန်နိုင်သေးပါဘူး။

လက်ရှိမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့  ဒေသခံပြည်သူတွေရဲ့  စားဝတ်နေရေးပြဿနာ၊ ကျန်းမာရေးပြဿနာ အခက်အခဲ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရပါတယ်။

လက်ရှိအချိန် မုန်းမြို့နယ်အတွင်း တိမ်းရှောင်နေကြရတဲ့ ကျေးရွာ ၄၈ ရွာရှိပြီး လူဦးရေ ၅၅,၀၀၀  ရှိကြောင်းလည်း ကေအန်ယူရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  DVB

ဟုမ္မလင်းတွင် အရပ်သားနှင့် PDF များကို ရှမ်းနီတပ်မတော်နှင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်နေ၊ SNA အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို ရပ်တန့်ရန် ဟုမ္မလင်း ပ.အ.ဖ ကြေညာ

ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီး၌ ဇူလိုင်လ ၈ ရက်နေ့တွင် ဟုမ္မလင်း PDF ၁၂၄ တပ်သား ၂ ဦးဖြစ်သော ကိုပီလုံးနှင့် ကိုပါကြီးတို့ကို ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ စရဖအဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့မှု၊ ဧပြီလအတွင်း၌ HP DF ၏ ထောက်/ပို့ တပ်သား ကိုမင်းအောင်အား စစ်ကောင်စီတပ်သားများနှင့် SNAတပ်သားများမှ ပူးပေါင်း၍ ဖမ်းဆီး သတ်ဖြတ်ခဲ့မှု၊ တော်စီကျေးရွာနေ အရပ်သားပြည်သူ ကိုမောင်ကြိုင်အား SNA တပ်သားများမှ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်​ခြင်းမရှိဘဲ သတ်ဖြတ်မှုကဲ့သို့သော ဒေ သတွင်း ရှမ်းနီတပ်မတော် SNA ၏ အဓမ္မလုပ်ရပ်များ၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်နေမှုများကို ပြင်းပြင်း ထန်ထန်ရှုတ် ချကြောင်းနှင့် ရပ်တန့်ရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယနေ့ ဇူလိုင်လ ၁၁ တွင် ကြေညာချက်ထုတ်ပြန်သည်။

SNA သည် ကားသွားလာရာ လမ်းတစ်လျှောက်တွင် တိုင်းရင်းသား ပြည်သူများမှ အမြဲလိုလို ရှောင်ကွင်းသွားရပြီး လမ်းကျဥ်း၊ လမ်းကျပ်နှင့် ကြုံသည့်အခါ ကားပေါ်မှ ဆင်း၍ အပြစ်မဲ့ပြည်သူများအား ပါးရိုက်ခြင်း၊ သေနတ်နှင့်ချိန်၍ လမ်းရှင်းခြင်းများ ရှိကြောင်း ဟုမ္မလင်း ပ.အ.ဖ က ဆိုသည်။

ယင်းအပြင် SNA သည် ဒေသခံ ရှမ်းနီတိုင်းရင်းသားများ အများစုနေထိုင်သော ကျေးရွာအချို့အား မီးရှို့မည်ဟု ကြိမ်းဝါးခြင်း၊ စာသင်ကျောင်းများတွင် တပ်စွဲ၍ အနီးပတ်ဝန်းကျင်များအား သေနတ်ချိန်၍ ခြိမ်းခြောက်ခြင်း၊ စာသင်ကျောင်းအတွင်း၌ ပြည်သူလူထု ထိခိုက်စေသည့် တိုက်ခိုက်ရေးပစ္စည်းများထောင်၍ ဗုံးခွဲခြိမ်းခြောက်ခြင်း စသည့် ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများအပေါ် ကျူးလွန်မှုများကို ပြည်သူများက ဟုမ္မလင်း ပ.အ.ဖ သို့ တိုင်ကြားလာသည်များ ရှိကြောင်း၊ အဆိုပါဖြစ်ရပ်များ ဖြစ်ပေါ်နေသော်လည်း SNAအကြီးအကဲများမှ မသိကျိုးကျွန်ပြု၍ ဖုံးဖိထားပြီး ပြစ်မှုကျူးလွန်သူများအား အရေးမယူဘဲ လုပ်ပိုင်ခွင့် အပြည့်အဝ ပေးနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

SNA ၏ လုပ်ရပ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာရှင်ဆန်သည့် ဖက်ဆစ်လုပ်ရပ်များနှင့် ထပ်တူကျနေပြီး SNA ၏ လုပ်ငန်းရည်မှန်းချက်ဖြစ်သည့် “ရှမ်းနီဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုများကို ကာကွယ်သွားမည်”ဟူသော ရည်မှန်းချက်နှင့်လည်း လုံးဝ ဆန့်ကျင်နေကြောင်း၊ လက်နက်အားကိုး၍ ဒေသခံပြည်သူလူထုအပေါ် ကိုယ်တိုင်ကိုယ်ကျ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသကဲ့သို့ ဖြစ်နေကြောင်း ဟုမ္မလင်း ပအဖ အဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ဟုမ္မလင်း ပ.အ.ဖ က SNA ကို ဒေသခံပြည်သူများအကျိုးအတွက် ဆောင်ရွက်မည့် အဖွဲ့အဖြစ် ရှုမြင်ပြီး ရည်မှန်းချက်တူသည့် အဖွဲ့အစည်းအဖြစ် မိတ်ဆွေ၊ မဟာမိတ်အဖြစ် ဆက်ဆံခဲ့ကြောင်း ဖော်ပြထားသည်။

ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၏ ဥက္ကဌနှင့် စစ်ဦးစီးချုပ်အနေဖြင့်လည်း တပ်သားများ၏ အဓမ္မ လုပ်ဆောင်မှုများအပေါ် အချိန်မီ ထိန်းသိမ်းကြရန်နှင့် ရှမ်းနီ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း SNA ၏ လုပ်ရပ်များကို ထောက်ခံခြင်းမပြုဘဲ ကန့်ကွက်ရန်နှင့် ဓမ္မဘက်တော်သားများအဖြစ် ရပ်တည်သော ရှမ်းနီတိုင်းရင်းသား ပြည်သူများ အများစု၏ မျက်နှာကို ထောက်ထားကာ SNA ၏ လုပ်ရပ်များကို အချိန်မီ တားဆီး ထိန်းကျောင်းရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။ khit thit

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြီးပွား စစ်ကောင်စီတပ်သား ၁၁ ဉီး သေဆုံး

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ဒုတိယနေ့အဖြစ် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်သား ၁၁ ဉီး သေဆုံးကြောင်း ချင်းအမျိုးသားတပ်မတော် CNA ထံမှ သိရသည်။

“ကျနော်တို့ထောင်ထားတဲ့ တိုက်မိုင်းထိတာနဲ့ ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီတပ်က သေတာ ၁၁ ယောက်ကို အတည်ပြုနိုင်ပါတယ်။ တိုက်မိုင်းတွေထိတာ အတော်များတဲ့အတွက် အသေးစိတ်ကို မသိနိုင် သေးဘူး။ သေတာ ဒီထက်ပိုများနိုင်တယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ မဇ္စျိမ ကို ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ရမ်ထလိုကျေးရွာနှင့် တလန်ဇာရ်ရွားကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်မိုင်းထိခိုက်မှုနှင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှသေဆုံးခဲ့ခြင်းဖြစ်ကာ ချင်းကာကွယ် ရေးတပ်ဖွဲ့မှလေးဉီး ပွန်းပဲ့ထိရှဒဏ်ရာရရှိပြီး ၎င်းတို့မှာ ယခုစစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်နေပြီဖြစ် ကြောင်းဆိုသည်။

စစ်ကောင်စီတပ်က မော်တော်ယာဉ် ၂၈ စီးဖြင့်တက်လာသော်လည်း လေးစီးတွင် ဆောက်လုပ်ရေးပစ္စည်း များတင်ဆောင်လာပြီး ခြေလျှင်ဖြင့် ယာဉ်တန်းရှေ့မှ ၄၀ခန့်တက်လာကာ အင်အား စုစုပေါင်း ၁၂၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။

ယာဉ်တန်းအား မိုင်းဆွဲရန်ပြင်ဆင်ထားသော ရာသီဥတုအခြေအနေအရ မြင်ကွင်းမရှင်းလင်းသည့် အတွက်မိုင်းဆွဲခဲ့သော်လည်း ကားတန်းနှင့် လွဲချော်ခဲ့ရကြောင်း ဆိုသည်။

ယခုတိုက်ပွဲများအား ချင်းအမျိုးသားတပ်မတော် CNA နှင့်အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ဇူလိုင်လ ၁၁ ရက် ယနေ့ နံနက် ၄ နာရီခန့်တွင် ရမ်ထလိုအထက် ရွာ ထဲတွင်စခန်းချနေသော စစ်ကောင်စီတပ်အားဝင်ရောက်ပစ်ခိုက်တိုက်ခဲ့ကြောင်းသိရပြီး အသေအပျောက် မသိရသေးကြောင်း ဆိုသည်။

ဟာခါးမြို့ထဲတွင် စစ်ကောင်စီတပ်ကအင်အား ၃၀ခန့်ဖြင့် လှုပ်ရှားမှုရှိနေပြီး ယခုတိုက်ပွဲ ဖြစ်ပွားနေသော ဖလမ်းမြို့နယ်ဘက်သို့ ဆင်းကြိုရန်ဖြစ်နိုင်သကဲ့သို့ ထန်တလန်ဘက်သို့ အင်အားဖြည့်ရန်အတွက်လည်း ဖြစ်နိုင်ကြောင်းဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့ကလည်း ဖလမ်း-ဟားခါးလမ်း ထလန်ရော်န်နှင့် တားရ်းကျေးရွာအနီးတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ ၁ဉီးသေဆုံးကြောင်း သိရသည်။

ယင်းနေတွင် တားရ်ကျေးရွာမှ နေအိမ်(၂၉)လုံးအား စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြပြီး နေအိမ်ငါးလုံးကိုလည်း ဖောက် ထွင်း ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO မှ ထုတ်ပြန်ထား သည်။

အထိနာနေသော စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် တလန်ရောန်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း နှင့် သူနာပြုဆရာမ၏နေအိမ်တို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရကြောင်းဆိုသည်။

ထို့အပြင် ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း တလန်ဇာရ်ကျေးရွာမှ နေအိမ်များအား စစ်ကောင်စီ တပ်မှ မီးရှို့ဖျက်ဆီးခဲ့ရာ ညနေ ၅ နာရီ ၃၀ မိနစ်အထိ နေအိမ်ခြောက်လုံး မီးလောင်ကျွမ်းခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ mizzima

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိမှု စွပ်စွဲချက် မိမိနှင့် မသက်ဆိုင်ဟု နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်‌ပြော

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှု စွပ်စွဲချက်တွေ သူနဲ့ မသက်ဆိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ  ထွက်ဆိုလိုက်ပါတယ်။

စစ်ကောင်စီက တဖတ်သက်စွပ်စွဲထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို ဒီနေ့ ဇူလိုင် ၁၁ ရက်နေ့က နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးမှာ ဆက်လက်ရုံးထုတ် စစ်ဆေးရာမှာ ထွက်ဆိုခဲ့တာလို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်း အဝိုင်းကနေ သိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မ ၄/၂၀၂၁ အမှုက နေပြည်တော်ဒုတိယမြို့တော်၀န် ဦးရဲမင်းဦးကို စစ်ဆေးခဲ့ပြီး ပုဒ်မ ၅/၂၀၂၁ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

ပုဒ်မ ၅/၂၀၂၁ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သက်သေထွက်ဆိုခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ကာလတွေအတွင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်တာတွေဟာ သူနဲ့ မသက်ဆိုင်ဘူးလို့ ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရ ဟတ်ယာဉ်တစီးဝယ်ယူ၊ ငှားရမ်းတာ၊ သက် တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက် ပြီး စစ်ကောင်စီကနိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်အမှုနဲ့ပတ်သက်လို့ ဒီနေ့ လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကိုပဲ ဆက် လက်စစ်ဆေးခဲ့ပြီး စစ်ဆေးတာ မပြီးသေးဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို လာမယ့် ၂၅ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးရဖို့ရှိနေပါတယ်။DVB

အလုံထီးတန်းဆိပ်ကမ်းတွင် ပနားမားအလံ တင် KEYFIELD HELMS သင်္ဘော ဆိုက်ကပ်လာစဉ် စစ်သင်္ဘောများလုံခြုံရေးယူပေးပြီး ရေတပ်အရာရှိများ သင်္ဘောပေါ်တက်သွား၊ ဆိပ်ကမ်းတွင်လည်း လုံခြုံရေးတင်းကျပ်

ရန်ကုန်တိုင်း၊ အလုံမြို့နယ် ထီးတန်းဆိပ်ကမ်းတွင် ပနားမားနိုင်ငံအလံတင် KEYFIELD HELMS (IMO: 9787417, MMSI 374337000) သင်္ဘော ယနေ့ ဆိုက်ကပ်လာစဉ် စစ်သင်္ဘောကြီး တစ်စင်းက လုံခြုံရေးယူပေးပြီး ရေတပ်အရာရှိများက သင်္ဘောပေါ်သို့ တက်သွားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်တွင် KEYFIELD HELMS သင်္ဘောက ထီးတန်းဆိပ်ကမ်းသို့ ဆိုက်ရောက်ခြင်းဖြစ်ပြီး ရေ တပ်စစ်သင်္ဘော 602 က ရေပြင်တွင် လုံခြုံရေးယူပေးပြီး ဆိပ်ကမ်းတွင် ကြည်းတပ် စစ်ကားတချို့ လာရောက် လုံခြုံရေးယူပေးကြောင်း၊ ရေ တပ်အရာရှိတချို့ က သင်္ဘောပေါ်သို့ တက်သွားကြောင်း သိရှိရသည်။

KEYFIELD HELMS သည် ၂၀၁၇ ခုနှစ်တွင် တည်ဆောက်ထားသော သင်္ဘောဖြစ်ပြီး ပနားမားနိုင်ငံအလံတင်ထားကြောင်း၊ သင်္ဘောသည် တွန်း သင်္ဘောနှင့် ကမ်းလွန်ပင်လယ်ပြင်သို့ ရိက္ခာနှင့်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် သင်္ဘောဖြစ်ကြောင်း၊ သင်္ဘောသည် မြန်မာနိုင်ငံအတွင်းတွင်ပင် လှည့်ပတ်သွားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီသင်္ဘောကို ရိက္ခာသင်္ဘောလို့ သိထားတာ။ အခုက နည်းနည်းထူးခြားနေတယ်။ အရင်တုန်းကလည်း စစ်သားတွေ ရဲတွေက ပစ္စည်းတင်ရင် လာစောင့်တယ်။ အခုက စစ်သင်္ဘောက လာပြီး လုံခြုံရေးယူသလို ဆိပ်ကမ်းမှာလည်း လုံခြုံရေးတွေ များတယ်။ ရေတပ်အရာရှိ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ လာစောင့်ပြီး သင်္ဘော ပေါ် အတက်အဆင်းလုပ်တာလည်းတွေ့တယ်။ ထူးခြားနေလို့ လှမ်းအသိပေးတာပါ” ဟု ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ khit thit

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ကားလမ်းတစ်လျှောက် စစ်ဆေးနေခြင်းကြောင့် ကားသမားများ စားဝတ်နေရေးအခက်အခဲဖြစ်

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ကားလမ်းတစ်လျှေက် စစ်ကောင်စီတပ်သားများက နေရာယူကာ စစ်ဆေးခြင်းများကို ပြုလုပ်နေခြင်းကြောင့် ခရီးသည် လိုက်ပါမှု နည်းပါးပြီး ကားသမာများမှာ စားဝတ်နေရေး အခက်အခဲဖြစ်လာနေကြောင်း သိရသည်။

ကျောက်တော်၊မြောက်ဦး၊မင်းပြား၊ရသေ့တောင်၊မြေပုံ၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်များမှ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် အငှားယာဉ်များမှာ ခရီးသည် လိုက်ပါမှု နည်းပါးသွား၍ ပြေးဆွဲမှု အဆင်မပြေခြင်းဖြစ်ကြောင်း မြောက်ဦး-စစ်တွေပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။

“ စစ်ဆေးမှုတွေက နေရာတိုင်း၊ ဂိတ်တိုင်းမှာရှိနေတော့ ခရီးသည်လိုက်ပါမှုက အရင်ကထက် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။ ခရီးသည်လိုက်ပါမှုနည်းတော့ ကျနော်တို့ ကားထွက်ရတာလည်း အဆင်မပြေဘူး၊ ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဆီစျေးနူန်းမှာ ၂,၀၀၀ကျပ်အောက် ကျဆင်းသွားသော်လည်း နယ်ဖက်နှင့် အပြင်ဆိုင်များတွင် စျေးနှုန်းမှာ အောက်တိန်း တစ်လီတာကို ၂,၄၀၀ကျပ်အထိ ပေးနေရသေးသည်။

ယင်းအတွက် ခရီးသည် လိုက်ပါမှု နည်းသွားသည့် ကားများအနေဖြင့် စားဝတ်နေရေးခက်ခဲလာကြောင်း ကျောက်တော်-စစ်တွေ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။

“ ကားလမ်းတွေမှာ စစ်ဆေးမှုတွေ အရမ်းများတယ်၊ တင်းကျပ်နေတော့ ခရီးသည်လိုက်ပါမူက လုံးဝကျဆင်းသွားတယ်။ လူတွေကလည်း မလိုက်ရဲဘူးလေ၊ အဲ့လောက် စစ်ဆေးမူတွေ များနေတာကို။ ကျနော်တို့ နေ့တိုင်း လူ သုံးယောက်လောက်နဲ့ ပြေးဆွဲဖို့ အဆင်မပြေဘူးခင်ဗျာ၊ လူတစ်ဦးကို ကျနော်တို့ ၁၀,၀၀၀ လောက်ပဲယူတာ၊ အဲဒါနဲ့ ဆီခတွေစျေးတက်နေတာနဲ့၊ ကုန်စည်နှုန်းက တက်တာနဲ့ မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်လာတယ်။ ကျနော်တို့လည်း ပုံမှန်မပြေးဆွဲနိုင်တော့ဘူး ’ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ရန်ကုန်၊ မန္တလေး ပြေးဆွဲနေသည့် ကားလမ်းမကြီးများတွင်လည်း စစ်ကောင်စီက ကားဂိတ်တိုင်းတွင် ကားများအတွင်းရှိ ပါရှိသည့် ကုန်ပစ္စည်းအားလုံး စစ်ဆေးနေခြင်း ဖြစ်သည်။

“ စစ်ဆေးမှုတွေက အရမ်းများတယ်။ မှတ်ပုံတင်၊ ခရီးသည်အရေအတွက်၊ နယ်လုံထောက်ခံချက်၊ ပစ္စည်းစာရင်းကအစ အကုန်စစ်ဆေးနေတာတွေရှိတယ်။ အဲဒါတွေအပြင် နယ်လုံထောက်ခံချက်တွေ ပါမှရမယ်၊ ဘာညာရှိသေးတယ် ဆိုတော့ ကျနော်တို့ အခုက ကုန်ပစ္စည်းတွေနဲ့ပဲ ခရီးသွားနေရတယ်။ လူလိုက်ပါမှုက လုံးဝနည်းသွားတယ်” ဟု ရန်ကုန်- စစ်တွေ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ကားလမ်းများတွင်စစ်ဆေးခြင်းများ များပြားနေသည့်အတွက် အချိန့်ကြန့်ကြာမှုများရှိကာ ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုများ နှောင့်နေးနေကြောင်းလည်း ရခိုင်ကုန်သည်များက ပြောဆိုကြသည်။ mizzima

« Older Entries