Monthly Archives: Jul 2022

ပြည်ပရောက်မြန်မာများ ပတ်စ်ပို့ သက်တမ်းတိုးရန် အခက်ကြုံနေ

မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွေကို သက်တမ်းတိုးပေးနေတယ်လို့ စစ်ကောင်စီသံရုံးတွေက ထုတ်ပြန်ထားပေမဲ့ လက် တွေ့မှာ သက်တမ်းတိုးဖို့အဆင်မပြေဘဲ ပြည်ပရောက်မြန်မာတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

ဇူလိုင်လဆန်းမှာ စစ်ကောင်စီလက်အောက်ခံသံရုံးတွေက ပြည်ပရောက်မြန်မာတွေကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းမတိုးပေးဘဲ ကန့် သတ်တာတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဇူလိုင် ၅ ရက်မှာတော့ ဒီသတင်းတွေဟာမှားယွင်းနေကြောင်းနဲ့ စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက ဝန်ဆောင်မှုတွေပုံမှန်ပေးနေတယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေဟာ ပတ်စ်ပို့သက်တမ်းကို လွယ်လွယ်တိုးလို့မရဘဲ ငွေကြေးအမြောက်အမြားပေးနေရတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ နာမည်ပေါက်နေသူတွေရဲ့ စာအုပ်တွေကိုလည်း သိမ်းယူတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာတွေက ပြောပါတယ်။

အာဆီယံဒေသတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွေမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ပတ်စ်ပို့စာအုပ်တွေကို သိမ်းယူတာမျိုးပြုလုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သာမန်အလုပ်လုပ်ကိုင်နေသူတွေဟာလည်း  ပွဲစားတွေကနေတဆင့် စာအုပ်သက်တမ်းတိုးနေရပြီး ဘတ်ငွေ ၃၅၀၀ ကနေ ဘတ်ငွေ ၆၀၀၀ (ငွေကျပ် ၃သိန်းကျော်ဝန်းကျင်) ပေးနေရတယ်လို့ ဆိုကြပါတယ်။

ပြည်ပမှာတရားဝင်နေထိုင်ဖို့အခက်အခဲဖြစ်နေသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အကူအညီပေးနိုင်ဖို့ကြိုးစားနေပြီး မိတ်ဖက်နိုင်ငံတွေနဲ့ညှိနှိုင်းဆွေးနွေးနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ 

“ကိုယ့်မြန်မာနိုင်ငံသူနိုင်ငံသား ဒုက္ခရောက်အောင်လို့ အမျိုးမျိုးနှောင့်ယှက်ပြီး ဒုက္ခပေးနေတာ။ စစ်အာဏာရှင်ရူးတွေမရှိမှဘဲ ဒီဒုက္ခက ကင်းဝေးမှာ။ လူတွေစိတ်အနှောင့်အယှက် ဖြစ်အောင် သတင်းအမျိုးမျိုးတွေလွှင့်နေတယ်။ စိတ်ထားမမှန်ကန်စွာနဲ့ Miss Information တွေလုပ်နေတာပေါ့နော်။ သူတို့ရဲ့ဆရာ ရုရှားတွေ Miss Information လုပ်သလို လုပ်နေတာ။ ကျနော်တို့ NUG အစိုးရအနေနဲ့ကတော့ အဲ့လိုမျိုးအခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုကူညီရမလဲဆိုတာ နည်းလမ်းပေါင်းစုံကြည့်ပြီးတော့ လေ့လာနေပါတယ်။ လုပ်ဖို့အစီအစဉ်တွေလည်း ချမှတ်နေပါတယ်။”

ပြည်ပရောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ပါဝင်သူတွေ၊ ငွေကြေးအလှူခံ ထောက်ပံ့နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက စောင့်ကြည့် မှတ်တမ်းတင်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာသက်တမ်းတိုးတဲ့အခါမှာ ကန့်သတ်တာတွေပြုလုပ်နေတယ်ဆိုပြီး ဇူလိုင်လဆန်းမှာ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးရာမှာ ကန့်သတ်ချက်တွေရှိလာပြီး သက်တမ်းတိုးချင်ရင် မြန်မာပြည်ပြန်ပြီး လဝကရုံးမှာ သက်တမ်းပြန်တိုးရမယ့်သဘောမျိုး ဆောင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “မလေးရှားမှာတော့ ပတ်စ်ပို့စာအုပ်သိမ်းသွားတယ်လို့ ကြားတယ်။ ကိုရီးယားမှာတော့ အခုချိန်အထိသိမ်းတာကို မတွေ့မိသေးဘူး။ စာအုပ်သက်တမ်းမတိုးပေးတော့ သက်တမ်းကုန်သွားတယ်ပေါ့ဗျာ။ သက်တမ်းကုန်သွားတော့ စာအုပ်က အသက်မရှိတော့ဘူးပေါ့။ ကိုရီးယားမှာကတော့ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကို ဗီဇာရပြီးသားလူကိုလည်း ဗီဇာထပ်ပေးထားတယ်။ နေထိုင်ခွင့်ပေါ့။ ဗီဇာမရှိတဲ့သူတွေ Over Stay သမားတွေပေါ့။ သူတို့ကိုလည်း ပုံစံတစ်ခုလုပ်ပေးထားတယ် G199 ဆိုတဲ့ ဗီဇာ။ အဲ့ဒီဗီဇာကိုကိုင်ပြီးတော့ မြန်မာပြည်အေးချမ်းသွားတဲ့အချိန်အထိ၊ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန်အထိ နေထိုင်ခွင့်ကို ပေးထားတယ်။ အဲဒါက ၂၀၂၁ ဇူလိုင်လကတည်းက ကိုရီးယားအစိုးရက ပေးထားတာ။” 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံသံရုံးတွေကို မြန်မာတွေက သပိတ်မှောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အခုလိုအငြိုးထားခံရတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူတွေရဲ့တိုက်ပွဲ ပိုပြင်းထန်လာတဲ့လက္ခဏာတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံရောက် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ကျမတို့တိုက်ပွဲ ပိုပြင်းထန်လာတာကို ပြတာပေါ့ဗျာ။ နိုင်ငံခြားမှာ ဗီဇာကိစ္စလေးလောက်ဖြစ်တာ။ ပြည်တွင်းမှာ သတ်ဖြတ်နေတာ နည်းသ လားဗျ။ ဒါတွေဟာ ကျမတို့ တိုက်ပွဲပြင်းထန်လာတာကိုပြတာ။ ကျမတို့ ပြည်သူလူထုကလည်း စစ်ကောင်စီကို ဖြုတ်ချဖို့ကလွဲရင် တခြားလမ်းမရှိတော့ဘူးဆိုတာ ပိုပြီးပေါ်ထင်လာအောင်ပြတာပဲ။ သူတို့အဲ့ဒီလို ပရမ်းပတာ ဖြစ်လာလေ သူတို့ရက်တွေနည်းလာလေပေါ့။”

စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံကူးလက်မှတ်တွေကို မြန်မာနိုင်ငံမှာ ပြန်လည်လျှောက်ထားသက်တမ်းတိုးရမယ်ဆိုတာ သတင်းမှားတွေဖြစ်ပြီး သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား ၇ မျိုးအတွက် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။ DVB

ပုလဲ၊ တောင်ရွာသစ် ရွာမှ အသက် ၁၇နှစ် နှင့် အသက် ၁၃နှစ်အရွယ် မိန်း ကလေး ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့် သတ်ဖြတ်မှု အပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ်နှင့် အသက် ၁၃ နှစ် အရွယ် မိန်းကလေးငယ် ၂ ဦးကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်မှု အပါအဝင် ဒေသခံပြည်သူ ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး မိန်းကလေးငယ် ၂ ဦးကို မုဒိမ်းကျင့်သတ် ဖြတ်ကြောင်း၊ အခြားသော မိန်းကလေးငယ် ၂ ဦး၏ မိသားစုဝင် ၂ ဦးမှာလည်း သတ်ဖြတ်ခံရကြောင်း၊ ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် အ လောင်းများ ပြန်လည်ရရှိကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်ထံ ပြောဆိုသည်။

“စစ်တပ်က ထွက်သွားတော့ ရွာထဲပြန်အဝင်မှာ စစ်ခွေးတွေသတ်ထားခဲ့တဲ့ အလောင်း ၅ လောင်း ပြန်ရတယ်။ အဲဒီမှာ အသက် ၁၇ နှစ်အရွယ် မမိုးရည်နဲ့ သူ့အမေ ဖြစ်သူ အလောင်းတွေ့တယ်။ ပြီးတော့ ဦးတင်မောင် အသက် ၄၅ နှစ်နဲ့ သူရဲ့ သမီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးအ လောင်းတွေ့တယ်။ နောက် ပြီး အမျိုးသမီး ၁ ဦးအလောင်းလည်း ပြန် ရတယ်။ စုစုပေါင်း အလောင်း ၅ လောင်းပါ။ မိသားစုလိုက် အသတ်ခံရတာဟာ စစ်တပ်က သူတို့သမီးတွေကို မုဒိမ်းမှု ကျူးလွန်ဖို့ လုပ်တာကို မိဘတွေက တောင်းပန်ရင်း မိဘတွေပါအသတ် ခံရတယ်လို့ ခန့်မှန်းရတယ်။ အခုလည်း သေဆုံးသူတွေကို ပြည်သူကာကွယ်ရေးအဖွဲ့တွေ နဲ့ CDMဆရာဝန်တွေနဲ့ ခွဲစိတ်စစ်ဆေးတာတွေပြုလုပ်နေတယ်”ဟု ပုလဲပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ဗိုလ်စစ်ငြိမ်းသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

အလားတူ ဇူလိုင်လ ၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ဆိပ်ဖြူမြို့နယ် ၊ပိုင်းကျေး ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သားသမီး ၂ ဦး မိခင် မနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ကျေးရွာသူ ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

” စစ်တပ်က ပိုင်းကျေးရွာထဲမှာ အိမ်တွေမွှေနှောက်ဖျက်ဆီးတယ်။ ဝက် ၊ကြက် တွေ ချက်စားတယ်။ ဈေးဆိုင်အိမ်က အရက်ဖာတွေကနေ အရက်တွေသောက်မူးရူးနေကြတာ။ အဲဒီမှာ ရွာက ထွက်ပြေးရင်း ဝက်ကလေးကျန်ခဲ့လို့ အစာပြန်လာကျွေးတဲ့ ရွာသူမနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ်ပစ်လိုက်ကြတယ်။ အလောင်းပြန်ရတော့ အဲဒီအစ်မ လက်လည်းကျိုးနေတယ်။ အရိုက်အနှက်ခံထားရတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ ညနေမှာ စစ်ကားတစီးအကူရောက် လာပြီး သူတို့ကိုပြန်လာကြိုသွားတယ်။ ရွာသားတချို့ ရွာထဲ ပြန်ဝင်ပြီး အသတ်ခံရတဲ့ အစ်မ အလောင်းကို ဇူလိုင် ၁၁ ရက်နေ့မှ ကောက်ရတယ်။ မနှင်းဝေက အသက် ၃၅နှစ်ဝန်းကျင် ကလေး (၂)ယောက်အမေ။ မနှင်းဝေ အမျိုးသားက ကိုနိုင်ဝင်း။ မနှင်းဝေ အလောင်းမှာ မုဒိမ်းကျင့်ပြီး ဆေးလိပ်မီး တွေနဲ့ ထိုးထားတာတွေတွေ့တယ်။ အားရအောင်နှိပ်စက်ပြီးမှ သတ်တာ” ဟု ပိုင်းကျေးရွာသားတစ်ဦးက အတည်ပြုပြောဆိုသည်။ khit thit

ဓနုဒေသ အနန္တဇိန စေတီတော်တွင် သာသနာ ပြုနေသူဦးမောင်နုမှာ ဓနုအာမီဦးဆောင်သူမဟုတ်ကြောင်းမိသားစုဝင် တုံ့ပြန်ပြောဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရှိ အနန္တဇိန သမ္ဗုဒ္ဓေ စေတီတော်တွင် သာသနာပြုလုပ်ငန်း လုပ်ကိုင်နေသူဟုဆိုသည့် ဦးမောင်နုမှာ ဓနုအာမီ (Dhanu Army ) ကို ဦးဆောင်နေသူမဟုတ်ကြောင်းနှင့် ဓနုအာမီ ရှိမရှိမသိကြောင်းဇူလိုင်လ ၁၂ ရက်နေ့တွင် တုန့်ပြန်ပြောဆိုထားသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံ-ပင်းတယ လမ်းပိုင်း ညောင်ကုန်း-လက်ပံကြားတွင် ရွာငံမှ ပင်းတယမြို့သို့ပြန်လာသည့် ဓနုဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းလိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုဖြစ်စဉ်တွင် ဦးအာကာလင်း သွားရောက်ခဲ့သော အနန္တဇိန သမ္ဗုဒ္ဓေစေတီတော်မှာ ဦးမောင်နု တည်ထားခြင်းမဟုတ်ကြောင်း၊ မင်းကွန်းဆရာတော်တည်ထားခြင်းဖြစ်ကြောင်းနှင့် ဦးမောင်နုမှာ ဓနုအာမီ ဦးဆောင်သူမဟုတ်ကြောင်း မိသားစုဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ ဦးမောင်နုသည် ဘုရားထီးတင်ခြင်းကို ဦးဆောင်သူနှင့် ဓနုအာမီကို ဦးဆောင်သူတစ်ဦးဟု သတင်းရေးသားချက်အပေါ် မိသားစုဝင်က တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

”သူက ဓနုဒေသမှာ ဘုန်းဘုန်းက ဘုရားလာတည်ပြီး ပြည်သူတွေအတွက် မျက်စိဆေးရုံလာထောင်တော့ ဒေသခံအနေနဲ့ ကိုယ်တတ်နိုင်သလောက်လှူပီး သာသနာပြုနေတာပါ။ သုံးနှစ်ရှိပါပြီ။ ဦးအာကာလင်း ဘာဘာညာညာကတော့ သိလည်းမသိဘူး။ သူတို့နဲ့လည်း ဘာမှမဆိုင်ပါဘူး” ဟု ဒေသခံတစ်ဦးမှ စွပ်စွဲပြောဆိုသလိုမဟုတ်ကြောင်း ဦးမောင်နု၏ မိသားစုဝင်က တုံ့ပြန်ပြောဆိုသည်။

ရွာငံ-ပင်းတယလမ်းပိုင်း ညောင်ကုန်း-လက်ပံကြားတွင် ရွာငံမှ ပင်းတယမြို့သို့ပြန်လာသည့် ဓနုဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းလိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဇူလိုင်လ ၁၀ ရက် နေ့လယ်၁ နာရီဝန်းကျင်အချိန်တွင် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်နဂါးနီ ပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။ mizzima

JW(ADK) စက်ရုံအလုပ်သမားများ၏ တောင်း ဆိုချက်အားလုံးကို အလုပ်ရှင်သဘောတူ

JW(ADK) အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအားလုံးကို ဆောင်ရွက်ပေးမယ်လို့ အလုပ်ရှင်ကိုယ်စား စက်ရုံတာဝန်ရှိသူတွေက လက်မှတ်ထိုး သဘောတူလိုက်ပြီ ဖြစ်တယ်လို့ စက်ရုံလုပ်သားတွေထံက သိရပါတယ်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲမှာရှိတဲ့ JW(ADK) စက်ရုံက ထောင်နဲ့ချီတဲ့ လုပ်သားတွေဟာ လုပ်ခလစာဖြတ်တောက်ခံရတာ၊ အ လုပ်သမားအခွင့် အရေးချိုးဖောက်ခံနေရတာ နဲ့ပတ်သက်လို့ ဇူလိုင် ၇ ရက်က အဲဒီစက်ရုံဝင်းအတွင်းဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

အဲဒီလိုဆန္ဒပြခံရပြီးတဲ့နောက် စက်ရုံဘက်က ကိုယ်စားလှယ် ၃ ဦး၊ အလုပ်သမားဘက်က ကိုယ်စားလှယ် အယောက် ၂၀ တွေ့ဆုံညှိနှိုင်းခဲ့ပြီး တောင်းဆိုချက်တွေအားလုံးကို သဘောတူတဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

စက်ရုံလုပ်သားတစ်ဦးက”သဘောတူညီချက်တွေကိုစက်ရုံလုပ်သားတွေမြင်နိုင်မယ့်နေရာမှာကပ်ပြီး အသိပေးထားတယ်။ စာချုပ်မူရင်းကိုတော့ စက်ရုံဘက်က ယူထားတယ်” လို့ ပြောပါတယ်။

အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်ပြန်ရရေး အပါအဝင် အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး အချက်အားလုံးနီးပါးသ ဘော တူညီမူရရှိတယ်လို့ဆိုပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ ကျွမ်းကျင်ဆုကြေး ၊ ထုတ်လုပ်မူဆုကြေးတွေ ပြန်ပေးဖို့၊ ဆေးခွင့်၊ ရှောင် တခင်ခွင့်ပေးဖို့၊ အလုပ်သမားရေးရာညှိနိူင်းရေးကော်မတီသစ်ပြန်ဖွဲ့ ဖို့၊ ဆန္ဒပြတဲ့နေ့ကအလုပ်သမားတွေကို လုပ်ခမဖြတ်ဖို့နဲ့ အရေးမယူဖို့၊ လုပ်သမားတွေကို ဆဲဆိုခိုင်းစေတာ မလုပ်ဖို့စတဲ့အချက်တွေ ပါဝင်ပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို စက်ရုံဘက်က သဘောတူကြောင်း လက်မှတ်ရေးထိုးပေမဲ့ အမှန်တကယ်ဆောင်ရွက်ပေးတာရှိမရှိကိုတော့ စောင့်ကြည့်သွား ရမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

JW(ADK)စက်ရုံဟာ  အလုပ်သမား ၃၅၀၀ ကျော်လောက်နဲ့ လည်ပတ်နေတဲ့စက်ရုံဖြစ်ပြီး ဇူလိုင် ၇ ရက်နေ့ ဆန္ဒပြမူဟာ စစ်အာဏာသိမ်းကာ လ အတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ပထမဆုံးနဲ့ လူအင်အားအများဆုံးဆန္ဒပြမှုဖြစ်လာခဲ့ပါတယ်။ DVB

သီတဂူ တည်သည့် ရွှေစည်းခုံပုံတူ စေတီကို မင်းအောင်လှိုင်က ထီးတော်တင်ပြီး ဖွင့်ပွဲလုပ်၊ ရုရှားကာကွယ်ရေး ဒုဝန်ကြီးနှင့် ပါလီမန်ဒုဥက္ကဋ္ဌ တို့ တက်ရောက်

ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မော်စကိုမြို့နဲ့ ၃ နာရီကြာ သွားရတဲ့ သီတဂူ ဘုန်းကြီး တည် ထားတဲ့ ရွှေစည်းခုံ ပုံတူ စေတီ ဖွင့်ပွဲကို ဒီနေ့ တက်ရောက်ဖွင့်လှစ်ပေးပြီး ရုရှားဘက်က ဒုကာကွယ်ရေးဝန်ကြီးနဲ့ ပါလီမန် ဒုဥက္ကဋ္ဌ တို့တက်ရောက်ခဲ့ပါတယ်။

ရွှေစည်းခုံပုံတူ စေတီ ထီးတော်တင်ပွဲနဲ့ မြန်မာယဉ်ကျေးမှု စင်တာ ဖွင့်လှစ်ပွဲကို မင်းအောင်လှိုင်နဲ့အတူ မိန်းမ ကြူကြူလှ၊ သားအောင်ပြည့်စုံ၊ စစ်ကောင် စီဝင် မန်းငြိမ်းမောင်နဲ့ စစ်ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၁၀ ရက်နေ့မှာ ရုရှား ရောက်ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့ နေပြည်တော်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်က သီတဂူက ခေါ်လို့ သွားရတဲ့ ခရီးစဉ်ဖြစ်ပြီး ရုရှား အာကသအေဂျင်စီက လူတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ khit thit

လှိုင်သာယာ (၅) ထိပ်ပန်းခြံအနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူ၂ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၅) ထိပ်ပန်းခြံနှင့် ပီမိုးနင်းလမ်းထောင့်တွင် ယနေ့ ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ဖြစ်တဲ့အချိန်မှာ ကျွန်တော်က တစ်နေရာကနေပြန်လာလို့ကြုံတာ။ ဗုံးသံက အရမ်းကျယ်တယ်၊ နားတွေလည်း အူတယ်၊ မြေကြီးတွေပါတုန်တယ်။ ယောက်ျားလေးနှစ်ယောက်ထိသွားတယ်လို့ကြားတယ်။ ဒီနေ့က ပိတ်ရက်ဆိုတော့ ပန်းခြံထဲမှာကတော့ လူများတာပေါ့။ ဒါပေမယ့် အ ခြေအနေနဲ့အချိန်အခါကိုသိရမယ်။ ထိသွားတဲ့နှစ်ယောက်ကတော့ မစိုးရိမ်ရဘူးထင်ပါတယ်။ ဖမ်းခံရတဲ့သူတော့မတွေ့မိသေးဘူး။ ဆေးရုံကားတော့ ၄ တွေ့လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖောက်ခွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခဲ့ခြင်းကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်သားများရောက်ရှိလာကာ ပန်းခြံအနီးရှိလမ်းများကိုပိတ်ဆို့၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ညကလည်း ၈မိုင် Ocean Centre အနီးရှိ ယာဉ်ထိန်းရဲကင်းအား အဝေးထိန်းမိုင်းဖြင့်ဖြင့် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့မှ ဖောက်ခွဲတ်ိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ Special Nway OO အဖွဲ့နှင့် God’s Hand Forces အဖွဲ့တို့ ပူးပေါင်းကာ ဇူလိုင်လ ၁၁ ရက်နေ့ ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် ဖောက်ခွဲတိုက်ခ်ိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ သူတို့ ကင်းတဲကို စောင့်ကြည့်နေတာ ကြာပါပြီ။ အဲ့ဒီကင်းတဲမှာက အလှည့်ကျကင်းရှိတယ်။ သေဆုံးမှုလည်း ရှိန်ိုင်ပါတယ်။ လက်လုပ်အဝေးထိန်းနဲ့ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်” ဟု Speical Nway Oo အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို မြို့ပြတော်လှန်ရေးအဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းထားသည့် Yangon UG Association (YUA) ၏ အောင်မင်္ဂလာစစ်ဆင်ရေးအဖြစ် တစိတ်တပိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။mizzima

အီးယူမြန်မာရုံးကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကန့်ကွက်ရှုတ်ချ

စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို အလုံးစုံ စီးပွားရေးပိတ်ဆို့မှုတွေ ထိထိရောက်ရောက်မလုပ်တဲ့  အီးယူမြန်မာရုံးရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ဇူလိုင် ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အဆိုပါကြေညာချက်ပါ ဖော်ပြချက်အရ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုဟာ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုကို တောင်းဆိုနေပြီး အဖွဲ့ဝင်တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှု လက်မှု အလုပ်သမားများအဖွဲ့ချုပ်၊ မြန် မာနိုင်ငံ အထွေထွေအလုပ်သမားများအဖွဲ့ချုပ် နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်တို့မှ Fashion Brands တွေအပါ အဝင် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှပ်နှံမှုစီးပွားရေး လုပ်ငန်းတွေ မြန်မာပြည်မှ တာဝန်သိစွာ ထွက်ခွာသွားဖို့နဲ့  EU ကော်မရှင်က မြန်မာအ တွက်ပေးအပ်ထားတဲ့ GSP/EBA ကို ပြန်ရုပ်သိမ်းပေးဖို့ ၂၀၂၁ ခုနှစ် ဩဂုတ်လကစတင် တောင်းဆိုခဲ့ပြီး EU ကော်မရှင် မြန်မာရုံးနဲ့သော် လည်းကောင်း၊ အီးယူဌာနချုပ် ဘရပ်ဆဲလ်ရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး လည်းကောင်း တင်ပြတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမား၊ ကျောင်းသား၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတွေ၊ အမျိုးသမီးတပ်ပေါင်းစု၊ လူငယ်တပ်ပေါင်းစု အပါအဝင်  တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ သပိတ်ကော်မတီ၊ LGBT အဖွဲ့တွေ စုစုပေါင်း ၁၈၃ ဖွဲ့တို့ကလည်း မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ အလုံးစုံ စီးပွားရေးပိတ်ဆို့မှု (Comprehensive economics sanction) ချမှတ်ပေးဖို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တောင်းဆို ခဲ့ပါသေးတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်က EU ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ မြန်မာနိုင်ငံအား ပေးအပ်ထားတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP/EBA ကို ရုပ်သိမ်းဖို့အတွက် စုံစမ်းစစ်ဆေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုက ပြစ်တင် ထားပါတယ်။

တဖက်မှာလည်း အလုံးစုံပိတ်ဆို့အရေးယူမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမဲ့ သိန်းနဲ့ချီရှိနေတဲ့ အလုပ်လက်မဲ့ ပြဿနာကို တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ အဖွဲ့အစည်းက ရှိ မနေပါဘူး။

အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “လုပ်အားကို အခြေခံတဲ့ အလုပ်သမား သိန်းနဲ့ချီ ရှိနေတဲ့ CMP လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမှုတွေ ရှိလာမယ်ဆိုရင် သိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်လာမယ့် အလုပ်သမားတွေအတွက် ကျနော်တို့ဆီမှာ တာ ဝန်ယူဖြေရှင်းပေးမယ့် ယန္တရား အဖွဲ့အစည်း ဘာတခုမျှ မရှိဘူး။ ဒါကြောင့် အဲ့လို အရေးယူမှုတွေကို ကျနော်တို့က သဘောမတူဘူး။ ဒါက စစ်ကောင်စီ ကို ထိခိုက်တယ် ဆိုတာထက် လူထုကို ပိုပြီး ထိခိုက်စေတာ။ ဒါကြောင့် လက်မခံဘူး။ ဒါပေမဲ့ ဝင်လာတဲ့ လုပ်ငန်းတွေဟာ တာ ဝန်ခံမှု၊တာဝန်ယူမှု ရှိစေဖို့ brand တွေ ကိုယ်တိုင်က ကိုယ်စားလှယ်တွေ ထားပြီးတော့ ဒီလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေးတွေကို လိုက်နာလာဖို့ ဒါကို တော့ ကျနော်တို့ တောင်းဆိုတယ်။ အလုံးစုံ ပိတ်ဆို့ရေးဆိုတဲ့ အပိုင်းမှာတော့ သိန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်လာမယ့် အ လုပ်သမားတွေအတွက် ဘယ်သူက တာဝန်ယူပေးမှာလဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူ ဌာနေ ကိုယ်စားလှယ်အား ပြောင်းလဲဖို့ အလုပ်သမားအဖွဲ့တွေက တောင်းဆိုထားတဲ့အပေါ် အလုပ်သမားသမဂ္ဂခေါင်း ဆောင်တဦးက “အီးယူဌာနေ ကိုယ်စားလှယ်ကို ပြန်ဖို့ တောင်းဆိုကြတယ်ပေါ့။ ဒါဆိုရင် သူတို့ EU နဲ့ မဆက်ဆံဘဲ နေပေါ့ဗျာ။ ကျနော်ပြောချင်တာက EU ဌာနေ ကိုယ်စားလှယ်ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာမှ မဟုတ်တာဗျ။ ကျနော်တို့ သိရသလောက် အဲ့ဒီ့ ဌာနေ ကိုယ်စားလှယ်မှ ပုဂ္ဂိုလ်ဟာ ကလေးတွေကို စာသွားသင်ပေးတာ၊ လမ်းပေါ် လျှောက်သွားနေတာ ဒါတွေ သူလုပ်နေတာဗျ” လို့ ဆက်လက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ စီးပွားရေး ချွတ်ခြုံကျမှုတို့ကြောင့် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ အလုပ်သမားသမဂ္ဂတွေဟာ အကြမ်းဖက် ဖမ်းဆီးခံနေရတဲ့အပြင် ဖြိုခွဲဖျက်ဆီးခံနေရပါတယ်။

ဒါကြောင့် လက်ရှိမှာဆိုရင် အလုပ်သမားတွေဟာ ရပိုင်ခွင့်ရှိတဲ့ အလုပ်သမားအခွင့်အရေးတွေကို ဆုံးရှုံးနေရတဲ့အပြင် လုပ်အားညှစ်ထုတ်ခိုင်းစေမှုနဲ့အတူ ခေါင်းပုံဖြတ်မှုတွေလည်း ခံစာနေကြ ရပါတယ်။ DVB

ဗီဒီယိုဖိုင်အဟောင်း အသုံးပြုပြီး ရဲကင်းစခန်းအား AA မှ တိုက်ခိုက်မှုကို ကာကွယ်နိုင်ခဲ့ကြောင်း မှားယွင်းဖော်ပြ

ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်းစခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်မှုမခံရလေအောင် စစ်ကောင်စီတပ်က ကာကွယ်နိုင်ခဲ့သည်ဆိုသော ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာများတွင် ဝေမျှနေကြသည်ကို တွေ့ရသည်။ သို့သော် ၎င်းအဆိုသည် မှားယွင်းပါသည်။ အဆိုပါ ဗီဒီယိုဖိုင်မှာ ၂၀၁၉ ခုနှစ်ကတည်းက DVB သတင်းဌာနမှဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်ဖြစ်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းရှိ ခထီးလှရဲကင်းစခန်းကို ရည်ညွှန်းသော နှစ်မိကြာ ဗီဒီယိုကို “ရဲရင့်” အမည်ရှိ ဖေ့ဘုတ်စ်အသုံးပြုသူတစ်ဦးမှ “ကထီးလှ ရဲကင်းစခန်းအား ရန်သူလက်သို့ မရောက်အောင်ကာကွယ်ခဲ့သော(ဒုရဲအုပ် တင့်နိုင်ထွန်းနှင့်တကွ ရဲစစ်သည် အဆင့်အတန်း အားလုံးအား လေးစားဂုဏ်ယူလျှက်ပါ” ( မူရင်းသတ်ပုံအတိုင်း ) ဟူသော စာသားနှင့်အတူ ဇူလိုင်လ ၁၀ ရက်တွင် စတင် ဖြန့်ဝေခဲ့သည်။ အဆိုပါ ဗီဒီယိုအား လူပေါင်း “၄၃၆” ကျော်မှ ပြန်လည်မျှဝေခဲ့သလို ကြည့်ရှုသူပေါင်း “ ၁၂၄,၀၀၀” ရှိနေ သည်ကို တွေ့ရသည်။

ထို့အပြင် တယ်လီဂရမ်ချန်နယ်များဖြစ်သည့် “ Ba Nyut, Kyaw Swar, စွမ်းအားရှင်၊ သတင်းတမာန်၊ the fighter media, Min Din, City Hunter, People’s Voice အစရှိသည့် ချန်နယ်အသီးသီးမှလည်း ထပ်ဆင့်ဖြန့်ဝေခဲ့သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးကြည့်ရာ “ ဒီမိုကရက်တစ် မြန်မာ့အသံ DVB” မှ ပြီးခဲ့သည့် ၂၀၁၉ ခုနစ် ဇန်နဝါရီလကဖော်ပြထားသည့် ဗီဒီယိုသတင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

“ကထီးလှ” ဟူသည့် စကားလုံးဖြင့်ရှာဖွေခဲ့ရာ၌ “အေအေက အင်အားဖြင့်ဝင်တိုက်ခဲ့ပေမယ့် စခန်း မကျအောင်ခုခံနိုင်ခဲ့ဟု ကထီးလှစခန်း ဒုရဲအုပ်ပြော” ဟု ရေးသားထားသည့်သတင်းကို တွေ့ရသည်။ ရုပ်သံဖိုင်တွင် DVB ၏ အမှတ်တံဆိပ်ကို ဖိုင်၏ ဘယ်ဘက်ထောင့်တွင် တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ယခုပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်၌ပါရှိသော ရဲနှင့် သေနတ်ပစ်ရာများဖြင့် ပြည့်နှက်နေသော ကင်းစခန်းပုံတို့ တူညီနေသည်။ ထို့ပြင် အင်တာဗျူးဖြေဆိုသည့် “ဒုရဲအုပ် တင့်နိုင်ထွန်း ကထီးလှရဲစခန်း” ဟု စာတန်းထိုးလည်း တူညီနေသည်။

DVB မှ ၂၀၁၉ ခုနှစ်ကဖော်ပြသည့် သတင်းလင့် http://burmese.dvb.no/archives/307996

အလားတူ ဘီဘီစီမြန်မာပိုင်းမှလည်း “ဘူးသီးတောင်က ရဲကင်းစခန်း လေးခုမှာ ဝင်တိုက်ခိုက်ခဲ့သူတွေကို အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မတွေနဲ့ အမှုဖွင့်ထား” ဟု‌ ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်ပင် သတင်းတင်ဆက်ခဲ့သေးသည်။

သတင်းလင့် – https://www.facebook.com/…/pfbid0aV4XuShqWCjjvhwtf3tjNr…

ထို့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၏ လက်ရှိအခြေအနေအား ဒေသခံတစ်ဦးနှင့် ဆက်သွယ် မေးမြန်းရာတွင် “ အေးဆေးပါပဲ၊ နှစ်ဘက် အခြေအနေကောင်းပါတယ်၊ ကထီးလှက ဘူးသီးတောင်မြို့ရဲ့ မြောက်ဘက်မှာ ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့ကြောင့် လက်ရှိ လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ခထီးလှ (ကထီးလှ) ရဲကင်းစခန်းအား AA မှဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများမှခုခံခဲ့သည်ဆိုသည့် ဗီဒီယိုမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က ဗီဒီယိုအား လက်ရှိကာလဖြစ်စဉ်သဖွယ် ပြန်လည်ရေးသား ဖော်ပြနေ သည့် သတင်းမှားတစ်ပုဒ်သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။mizzima

« Older Entries