Monthly Archives: Jul 2022

စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၂၀၈၀ ကျော်ထိရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၈၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၆၁၃ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၅၄၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၁၂ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးတယ်လို့စွပ်စွဲပြီး မော်လမြိုင်မြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ ဇူလိုင် ၁၁ ရက်မှာ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခဲ့ပြီး ဒေါက်တာအေးဇံကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ည ၇ နာရီဝန်းကျင်ကလည်း မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဂွေးဂုဏ်ကျေးရွာထဲကို စစ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ကိုဝင်းနိုင်ထွန်းကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

တန့်ဆည်-ကန့်ဘလူ နယ်စပ်ရှိ စစ်ဆေးရေးဂိတ် မိုင်းဆွဲခံရမှု စစ်သား ၄ ဦးသေပြီး ၁၂ ဦးထိခိုက်၊ ပျူစောထီးခေါင်း ဆောင်အိမ်ကို ဝင်ပစ်ခတ်မှု ၂ ဦးသေ ၊ ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် မိုင်းဆွဲခံရပြီး ဗိုလ်ကတော် အပါအ ဝင် စစ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်- ကန့်ဘလူနယ်စပ်၊ ကန့်ဘလူမြိုနယ်၊ ငါးရံ့ဒိုင်းရွာအနီးရှိ စစ်ဆေးရေးဂိတ်အနီးတွင် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂နာရီအချိန် တန့်ဆည်PDF က အဝေးထိန်း မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ခြေပြတ်လက်ပြတ်ဖြစ်သွားကြောင်း သိရသည်။

စစ်ဆေးရေးဂိတ်အနီး ထောင်ထားသော မိုင်းများကို ဇူလိုင်လ၁၂ရက် နံနက်၉နာရီခန့်တွင် စစ်ကောင်စီတပ်တွေ့ရှိရာမှ ပြည်သူ ၄၀ ဦးခန့်ကို မိုင်းအနီး ထိုင်ခိုင်းကာ မိုင်းဖြုတ်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ပြည်သူများ ပြန်လွှတ်ပေးချိန် မွန်းလွဲ ၂နာရီတွင် ကျန်ရှိနေသေးသော အဝေးထိန်းမိုင်း၂လုံးကို တန့်ဆည်PDFက ဖောက်ခွဲလိုက်ခြင်းကြောင့်စစ်သားများ ထိခိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း (၆)နှင့် (၁၆) တိုက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေဆုံးနှင့် ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ကန့်ဘလူမြိုနယ်၊ မှော်တော်ရွာသို လိုက်ထရပ်ကား ၁စီး၊ လူနာတင်ယာဉ် ၁စီးဖြင့် သယ်‌ဆောင်သွားခဲ့ကြကြောင်း သတင်းရရှိသည်။

အလားတူ တန့်ဆည်မြိုနယ်၊ အင်္ကုက္ကားရွာတောင်ဘက်ရှိ စစ်ကောင်စီတပ် တပ်စွဲထား‌သော ပျူစောထီးခေါင်းဆောင် စိန်ချို၏ နေအိမ်ကို ဇူ လိုင်လ၁၁ရက်နေ့ နံနက်၁၀နာရီခန့်တွင် တန့်ဆည် PDFပူးပေါင်းတပ်က ပစ်ခတ်တိုက်ခိုက်ရာ ၂ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

ပျူစောထီးခေါင်းဆောင် နေအိမ်ကို Mytel တာဝါတိုင်ဖြင့် ပြုလုပ်ထားသော အမြောက် လက်နက်ကြီးဖြင့် ၄ချက်ထုပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ပျူစောထီးခေါင်းဆောင်၏ နေအိမ် အမိုးပွင့်သွားကြောင်း၊ ၂ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်PDF ရွှေဘိုခရိုင်တပ်ရင်း (၆)၊ (၁၀)၊ TRF တပ်ရင်း(၁၆)၊ K.P.K၊ TSR၊ Taze Tiger၊ Nine Star၊ ပ.က.ဖနှင့် ပ.လ.ဖအဖွဲများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် ဇူလိုင်လ ၁၁ရက်နေ့ ည၈နာရီ၂၀ခန့်တွင် အင်္ကုက္ကားရွာမှ အနောက်ဘက်သို ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ကို ကျွန်းပင်တန်းနားအရောက်တွင် PDFပူးပေါင်းတပ်က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားများ ကစဉ့်ကလျားဖြစ်ပြီး ရွာထဲသို ပြန်ပြေးဝင်သွားကာ သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ တန့်ဆည်မြိုနယ် အင်္ကုက္ကားရွာတွင် စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းတပ်တို ဇွန်လအတွင်း ထိတွေ့တိုက်ပွဲ၃ကြိမ် ဖြစ်ပွားခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂၆ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘို – မြစ်ကြီးနားလမ်းပေါ်တွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး စစ်တပ်မှ ဗိုလ်ကတော် အပါအဝင် သုံးဦးသေဆုံးကြောင်း Shwe Bo Defense Force-SBDFအဖွဲ့က သတင်းထုတ်ပြန်သည်။

မန္တလေးမြို့မှ ရွှေဘိုမြို့သို့ ထွက်ခွာလာသော ၁၂ ဘီးယာဥ်တစ်စီးနှင့် အိမ်စီးကားတစ်စီးပါသော စစ်ကောင်စီယာဥ်တန်းကို ဇူလိုင်လ ၁၀ ရက် နံနက် ၁၀နာရီခွဲခန့်က ရွှေဘိုမြို့တောင်ဘက် ငါးမိုင်အကွာရှိ မန္တလေး-ရွှေဘို – မြစ်ကြီးနားလမ်းပေါ်တွင် ပဒေသာမိုင်း ၁၅လုံးဖြင့် မိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု Shwebo Defense Force(SBDF)နှင့်အတူ ရွေဘိုခရိုင်တပ်ရင်း (၂၃) နှင့် ရွှေဂျိုးဖြူ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

အသေးစားနှင့် အလတ်စား စက်သုံးဆီအရောင်းဆိုင်များ အရှုံးပေါ်နေ

စက်သုံးဆီရောင်းချရာမှာ အခွန်အခ အပါအဝင် သယ်ယူစရိတ်တွေကြောင့် ရောင်းရှုံးဘဝ ဖြစ်နေရတယ်လို့ တဆင့်ပြန်လည်ရောင်းချတဲ့  မန္တလေး အခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီအရောင်းဆိုင်ရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီကို ရည်ညွှန်းနှုန်းအ တိုင်း ရောင်းချဖို့နဲ့ သတ်မှတ်နှုန်းထားထက် ကျော်လွန်ပြီး ရောင်းချပါက ဒဏ်ကြေး ပေးဆောင်ရမယ်လို့ သတိပေး ထားပါတယ်။ 

ဒါပေမဲ့ တဖက်မှာတော့ အရောင်းကိုယ်စားလှယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက စက်သုံးဆီကို လွယ်လင့်တကူ သယ်ယူရောင်းချခွင့် မရရှိတဲ့အပြင် စက်သုံးဆီ ရရှိဖို့အတွက် စောင့်ဆိုင်းရတဲ့ ကြားကာလအချိန်ကလည်း ကြာမြင့်တာကြောင့် များစွာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စက်သုံးဆီအရောင်းကိုယ်စားလှယ်တဦးက “သူတို့ သတ်မှတ်တဲ့ဈေးက တချို့နယ်တွေအဖို့ ခက်ခဲတယ်။ ကုမ္ပဏီကတော့ သူတို့ သွင်းတဲ့ ဆီကို သူတို့ သတ်မှတ်ဈေးနဲ့ ဘယ်လိုရောင်းရောင်း အဆင်ပြေတာပေါ့ဗျာ။ ဒါပေမဲ့ တဆင့် ပြန်ဝယ်ရတဲ့ ကျနော်တို့လို အသေးစား၊အလတ်စားဆိုင်တွေက နည်းနည်း ဒုက္ခရောက်တာပေါ့။ ဘယ်လိုပြောရမလဲ ကြာလာရင် ဆိုင်ပိတ်သိမ်းရမယ့် အနေအထား ဖြစ်လာမယ်။ ဆီ မရှိတဲ့ ဒုက္ခနဲ့ ဆီ ရှိပြန်တော့လည်း သယ်ယူရတဲ့ စရိတ်ကမြင့်မား၊ ကိုယ်ပြန်ရောင်းတဲ့အခါမှာလည်း သူတို့ ရည်ညွှန်းဈေးနဲ့ ရောင်းရမယ်ဆိုတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်။ ရောင်း ရှုံး ဖြစ်နေရတဲ့ ဘဝပေါ့။ ပြီးခဲ့တဲ့လ နဲ့ ဒီလ ဆိုရင် သိန်း ၃၀၀ ခန့် ရှုံးသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်သုံးဆီ ရရှိဖို့အတွက် အဆင့်ဆင့်တင်ပြနေရတာကြောင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုတွေ ရှိလာပြီး ဆုံးရှုံးမှုတွေ ရှိလာ ရပါတယ်။

အရောင်းဆိုင်ရှင်တဦးကလည်း “သူတို့ဆီ စာ အရင်တင်ရတယ်။ သူတို့က ဒီဆိုင်ကို ဘယ်လောက် ပေးသင့်တယ်ဆိုပြီး ပြန်စိစစ် တာပေါ့။ အဲ့မှာတင် ၃ ရက်လောက်ကြာတယ်။ ဒါအမြန်ဆုံးပြောတာ။ စာပြန်ကျလာတော့လည်း ဆီတင်တဲ့ တွဲကား က ရန်ကုန်မှာ၊ စောင့်ပါ ဆိုတော့ စောင့်ရသေး။ ရန်ကုန် – မန္တလေး က ကားနဲ့ သယ်တာဆိုတော့ ၂ ရက်လောက် ကြာတယ်။ ဆိုတော့ ကိုယ့်ဆီ ဆီရောက်ဖို့က အနည်းဆုံး တပတ် ခန့် အချိန်ပေးရတယ်။ အခု ဆီဈေး ကျနေတဲ့အချိန်မှာ ဆီက ကိုယ့် လက်ထဲ ရောက်မလာသေးဘူး။ ကြားကာလမှာ ကိုယ်က ရှုံးနေပြီ။ ပြီးတော့ သူတို့ သတ်မှတ်တဲ့ဈေးကလည်း ကိုယ့်အတွက် တွက်ခြေကိုက်လားဆိုတော့ ကားခတောင် မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လုပ်ငန်းလည်ပတ်မှုတွေ ခက်ခဲ ကြန့်ကြာနေပေမယ့် စစ်ကောင်စီကတော့ မိမိ အခွန်အခရရှိဖို့ တခုတည်းသာ ဆောင်ရွက်နေတယ်လို့ အသေးစားနဲ့အလတ်စားစက်သုံးဆီအရောင်းဆိုင်တွေက ဆိုပါတယ်။

“အခွန်ဥပဒေတွေက မပြောင်းလဲဘူးနော်။ အခွန်အတွက် ဘယ်လောက်မြတ်ရင် ဘယ်လောက်ဘဲ ဆောင်ရမယ်ဆိုတာမျိုး မရှိဘူး။ အခုက ဘယ်လို ကောက်လို့ ကောက်မှန်း မသိဘူးဖြစ်နေတယ်။ သူတို့ရဲ့ လက်ထဲမှာဘဲ ရှိနေတာလေ။ မင်းတို့ ဘယ်လောက် ဆောင်ဆိုပြီးတော့၊ ရှုံးလည်း အမြတ်ခွန်ဆောင်ရတယ်။ ဒီလဆိုရင် ကျနော်တို့ ရှုံးတယ်နော်။ ဒါပေမယ့် အမြတ်ခွန်က ပုံမှန် ဆောင်ရတယ်။ အဲ့လို အနေအထားတွေ ရှိနေတော့ ပိုပြီး ခက်ခဲလာတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇူလှိုင်လ ၆ ရက်နေ့မှာ ၁ လီတာကို ကျပ် ၂၀၀၀ ကျော် ရှိခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်းက ၁ လီတာကို ကျပ် ၂၀၀၀ အောက် ကျဆင်းလာတာ တွေ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဇူလိုင်  ၁၃ ရက် အတွက် ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းက ၁ လီတာကို ဓါတ်ဆီ(၉၂ အမျိုးအစား) ၁၈၆၀ ကျပ်၊ ဓာတ်ဆီ(၉၅ အမျိုးအစား) ၁၉၃၀ ကျပ် နဲ့ ဒီဇယ်(ရိုးရိုး) ၂၂၀၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၂၅၅ ကျပ် ရှိပါတယ်။ DVB

ပုလောမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့၏ နန်းထိုက်အောင်စစ်ဆင်ရေးတွင် ပြင်းထန်တိုက်ပွဲဖြစ်ပွား၊ အရပ်သားအပါဝင် နှစ်ဖက် ထိခိုက်‌ သေဆုံးမှုရှိ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပ၀ကုန်းကျေးရွာ၌ ကာကွယ်ရေးတပ်ဖွဲ့၏ နန်းထိုက်အောင် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်နှင့်ပြင်းထန်တိုက်ပွဲဖြစ်ပွားရာ အရပ်သားအပါဝင် နှစ်ဖက်ထိခိုက်‌ သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များထံမှ သိရသည်။

ပုလောမြို့နယ် ပ၀ကုန်းကျေးရွာအနီးတွင် ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ခရီးသည်တင် ယာဉ်မောင်းတစ်ဦး နှင့် ခရီးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က စနိုက်ပါဖြင့် ပစ်ခတ်မှု ကြောင့် PPDF တပ်ခွဲ(၃)မှ တပ်ခွဲမှူးကောင်းဆက်ဇော်(ခ)စော်ဘွားနှင့် KNDO တပ်မဟာ(၄) တပ်ရင်း (၇) တပ်ခွဲ(၂)မှ တပ်စိတ်မှူးဗိုလ်ဖအေး(ခ)ကော့လ်ဖတ် အပါဝင် ရဲဘော်သုံးဦးကျဆုံးခဲ့သည်ဟု ပြည်သူ့ကာ ကွယ်ရေး ရဲဘော်များထံမှ သိရသည်။

ယင်းတိုက်ပွဲတွင်ပါဝင်သည့် PDF ရဲဘော်တစ်ဦးက “စစ်တပ်က စနိုက်ပါနဲ့ပစ်လို့ ရဲဘော်နှစ်ဦး ကျဆုံး တယ်။ အဲဒါ အလောင်းတက်ကောက်တော့ ဟိုဖက်က စနိုက်ပါနဲ့ထပ်ပစ်လို့ နောက်တစ်ယောက် ကျည် ထိမှန်ပြီး ကျဆုံးသွားတယ်”ဟု ပြောသည်။

လက်ရှိတွင် အဆိုပါတိုက်ပွဲကြောင့် ခရီးသည်တင်ယာဉ်လိုင်းများ အရေးပေါ်ရပ်နားထားရပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်မှလည်း ၁၀ ဦးသေဆုံးမှုရှိသည်ဟု ကနဦးသတင်းရရှိထားပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုလောမြို့နယ်တွင် ပုလောအခြေစိုက် ခလရ (၂၈၅)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကာ စစ်ရေးတင်းမာနေသည့် ဒေသတစ်ခုဖြစ်သည်။ mizzima

ကလေးဘက်သို့ ဆုတ်ခွာနေသော စစ်ကောင်စီစစ်ကြောင်းကို PDF များ လိုက်လံတိုက်ခိုက်၊ ၃ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော် သေဆုံး၊ PDF ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ထောက်ကြံ့ကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ယနေ့ ဇူ လိုင်လ ၁၃ ရက် နံနက် ၇ နာရီခွဲမှ မွန်းလွဲပိုင်းအထိ တိုက်ပွဲများ ပြင်းထန်ခဲ့သလို အကြမ်းဖက်စစ်တပ်ဘက်မှ အများအပြား သေဆုံးထိခိုက်နိုင်ကြောင်း Vakok CNDF ထံမှ သိရှိရသည်။

“စည်သာဘက်ကနေ ပြန်ဆုတ်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ လိုက်တာ၊ ထောက်ကြံ့ရွာမှာ သူတို့ အနားကို ကပ်နိုင်တယ်။ ကျနော်တို့ Vakok နဲ့ RKDF က အနောက်က လိုက်ကပ်ပြီး ပစ်တယ်။ အခြားမဟာမိတ်အဖွဲ့တွေကလည်း ဘေးဘက်ကနေ ပစ်တယ်၊ ညှပ်ပစ်တာပေါ့။ ထောက်ကြံ့မှာ ကားလမ်းကို ဖြတ်ကူးတဲ့အဖွဲ့တွေဆို ကျနော့် မျက်စိအရှေ့တင် ၄ ယောက် သေတယ်၊ လမ်းဘေးမှာ ခေါင်းပြူနေတဲ့ စစ်သားတွေ ၄၀ မမ ထိတာလည်း တွေ့ရတယ်။ စစ်သားတွေက ထောက်ကြံ့ရွာထဲက ဝါးတွေခုတ်ပြီး ထမ်းစင်တွေလုပ်ပြီး ဒဏ်ရာရတဲ့သူတွေကိုလည်း သယ်သွားတယ်” ဟု Vakok CNDF တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်း ဟားခါးလေးကျေးရွာ၊စည်သာကျေးရွာနှင့် ထောက်ကြံ့ကျေးရွာများတွ၍် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များအကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်သား ၄၂ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံး ခဲ့ကြောင်း ပြည်သူကာကွယ်ရေး တပ်ပေါင်းစုံ ပ.က.ဖ(ကလေး)က သတင်းထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်တပ်ကို ပြည်သူကာကွယ်ရေး တပ်ပေါင်းစုံ ပ.က.ဖ.(ကလေး)၊ PDF KALAY၊ VAKOK-CNDF၊ CDF-KKG၊ RKDF၊ UGF KALAY တပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိသည်။khit thit

မြစ်ကြီးနားမြို့ရှိ လီဆူ ဒူးလေးပါတီရုံးတွင် ဗုံး ၃ လုံးပေါက်ကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လီဆူ ဒူးလေးပါတီရုံးမှာ ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ဗုံး ၃ လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လယ်ကုန်းရပ်ကွက်၊ ပေါ်ဦးကွက်သစ်မှာ ဆောက်လုပ်ထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းရဲ့ လီဆူ ဒူးလေးပါတီရုံးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မနက် ၄ နာရီလောက်က ဒူးလေးပါတီရုံးမှာ ပေါက်တာ ဟုတ်တယ်။ သုံးလုံးလောက်ရှိတယ်။ ဘာတွေထိခိုက်သွားလဲတော့ မသိဘူး။ အဲရုံးနားမှာ စစ်ကားတွေရောက်ပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။

လီဆူ ဒူးလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တခုလည်း ဖြစ်ပါတယ်။

လယ်ကုန်းရပ်ကွက်နေ ပြည်သူတယောက်က “လီဆူပြည်သူ့စစ်အဖွဲ့က  စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့အဖွဲ့ ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း ဗုံးလာဖောက်တာ ဖြစ်နိုင်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။

လီဆူ ဒူးလေးပါတီရုံး ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ DVB

ဘိုကလေးမြို့နယ်တွင် PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်း

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ စက်ဆန်းကျေးရွာနေပြည်သူတစ်ဦးအား PDF အယောင်ဆောင်ဆိုသူ တစ်ဦးက ခြိမ်းခြောက်ငွေတောင်းခြင်းဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်ဆန်းကျေးရွာနေ အမည်မဖော်လိုသူအမျိုးသားတစ်ဦးအား PDF အယောင်ဆောင်ဆိုသူက ဘိုကလေး PDF အဖွဲ့ကဟုလိမ်ညာပြောဆိုကာ ငွေကျပ် ၁၀ သိန်းလှူရန်နှင့် မလှူပါက နေအိမ်နှင့်လုပ်ငန်းများအား ဗုံးခွဲမည်ဟု ဖုန်းဆက်ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

“ ခြိမ်းခြောက်ပြီးငွေတောင်းနေတဲ့ဖုန်းကို ကျွန်တော်တို့ ဘိုကလေး PDF အဖွဲ့က ဆက်ကြည့်တဲ့အခါမှာ အဝင် Call ပိတ်ထားတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ လုံးဝ တောင်းခံခြင်း မရှိပါဘူး။ ပြည်သူတွေကို ခြိမ်းခြောက်ပြီး ငွေတောင်းတာမျိုးကိုလည်း ဘယ်တော့မှလုပ်မှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကျင့် ဝတ်စည်းကမ်းများကို လိုက်နာလျှက်ရှိပြီး၊ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကြောင်း ဘိုကလေး PDF အဖွဲ့တာဝန်ရှိသူက ဆိုသည်။

“ ပြည်သူလူထုကို အနိုင်ကျင့်နေသည့် စစ်ကောင်စီနှင့်ထောက်တိုင်များကိုသာ ပစ်မှတ်ထား တိုက်ခိုက် သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် လှူဒါန်းမည်ဆိုပါက People’s Defense Force Bogale Page သို့ ယုံကြည်စိတ်ချစွာဖြင့် တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်” ဟု ဘိုကလေး PDF အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။ mizzima

ကန်ပက်လက် တိုက်ပွဲ စစ်သား ၂ ဦးသေဆုံး၊ သရက်ချောင်းတွင် စစ်ကားတန်း မိုင်းဆွဲခံရပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပညာရေးရုံးနှင့် အခြေခံ ပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် CDF ကန်ပက်လက်တပ်များ အကြား ဇူလိုင်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် တပ်စွဲ ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် CDF-Kanpetlet တို့ နံနက် ၁၂ နာရီအချိန်ခန့်မှစ၍ ၃ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ကန်ပက်လက်မြို့နယ်ပညာရေးရုံးနှင့် မြို့နယ်အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့များနှင့် CDF-Kanpetlet တို့ အကြား နံနက် ၁၁ နာရီခန့်မှ စ၍ မွန်းလွဲ ၂ နာရီအထိ နေရာ ၂ ခုတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၅ စီးပါ ယာဥ်တန်းကို ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီခန့်တွင် Falcon PDF – TYC တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိန်းငှက် ပြောက် ကျား စစ်ဆင်ရေးအဖွဲ့ Falcon PDF – TYC ထံမှ သိရသည်။

စစ်တပ် ယာဥ်တန်းသည် မြိတ်ခရိုင် ပုလောဖက်မှ သရက်ချောင်းဘက်ကို မောင်းနှင် လာစဥ် သိန်းငှက် ပြောက်ကျား စစ်ဆင်ရေး အဖွဲ့က မိုင်းဆွဲ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး သေဆုံး စစ်ဗိုလ် အလောင်းနှင့် တပ်သား အလောင်းများကို အရေးပေါ် လူနာတင်ကားများဖြင့် လာရောက်သယ် ဆောင်သွားကြောင်း သိရသည်။ khit thit

« Older Entries