Monthly Archives: Jul 2022

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ လေ ကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွာများအား ယနေ့နေ့လယ်ပိုင်းမှစ၍ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

“MI 35 ငါးစီးနဲ့လာပစ်နေပြန်ပြီ။ ဒီတစ်ခါတော့ အရှေ့ခြမ်းကျေးရွာတွေကိုပစ်တာပါ၊ ဒေသခံတချို့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

၀ဲကြီး၊ မရကံ၊ နများ စသည့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကျေးရွာများအား ယနေ့ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်မှစ၍ လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

“လေကြောင်းကနေ ရဟတ်ယာဉ်လေးစီးဝဲပြီးပစ်တယ်၊ အဲဒီအချိန်မှာ နောက်တစ်စီးက နများရွာဘက်မှာ စစ်သားတွေချသွားတယ်၊ အင်အားရာချီရှိတယ်၊ လောလောဆယ် နများနဲ့မရကံရွာထဲမှာ တပ်စွဲထားတယ် အရင်တစ်ခေါက်ကလိုပဲ ရွာတွေမီးရှို့ကြဦးမယ်ထင်တယ်” ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ပြီးခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့မှစ၍ တိုက်ပွဲမရှိဘဲ ပစ်ခတ်မှုများပြုလုပ်နေခြင်းကြောင့် ထောင်နှင့်ချီသည့်ဒေသခံပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း သိရသည်။ mizzima

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သော ဗန်းမောက်တိုက်ပွဲတွင် အရှင်ဖမ်းဆီးရမိသည့် စစ် သား ၅ ဦး ဓာတ်ပုံ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်တပ်အကြား ဇွန်လ ၂၈ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ၅ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း Banmauk Revolution – BR က တရားဝင် သတင်း ထုတ်ပြန်သည်။

ဇွန်လ ၂၈ ရက်နေ့ ညပိုင်းနှင့် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စီးမော် – သောင်ကြီး အနီး၌ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် KIA ၊ ကသာတပ်ရင်း ၂ (ဗန်းမောက် PDF၊ အင်းတော်PDF) ၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ ရင်ဆိုင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ဖမ်းဆီးရရှိထားသော သုံ့ပန်းများကို လမ်းညွှန်ချက်နှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားပါကြောင်း သိရှိရသည်။ khit thit

ထီးလင်းမြို့နယ်၌ စစ်ကောင်စီတပ်စစ် ကြောင်း ချုံခိုတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇူလိုင် ၁၄ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း ချုံခိုတိုက်ခိုက်ခံရပြီး တပ်သားတယောက် သေဆုံးခဲ့တယ်လို့ YDF-တပ်ရင်း (၁၅) ရွှေစွန်ညိုတပ်ရင်းက ပြောပါတယ်။

ထီးလင်းမြို့နယ်၊ အကြည်ဝါးဘင်းရွာအထွက်မှာ ဒီမနက် ၆ နာရီလောက်က အင်အား ၉၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို YDF တပ်ရင်း (၁၅) နဲ့ တပ်ရင်း (၇) တို့ ပူးပေါင်းပြီး ပြောက်ကျားနည်းဗျူဟာနဲ့ ချုံခိုတိုက်ခိုက်ခဲ့တာလို့ ရွှေစွန်ညိုတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။

“အဲဒီစစ်ကြောင်းကို ဇူလိုင် ၁၃ ရက်နေ့ မနက်ပိုင်းကတည်းက ဝက်သက် (မြောက်) ရွာဘက်ကို စစ်ကြောင်းထိုးလာလို့ ချောင်းမြောင်းပစ်ခတ်ဖို့ စောင့်ခဲ့ပေမဲ့ အခွင့်မသာခဲ့ဘဲ မနက် ၉ နာရီလောက်မှာ ဝါးဘင်းရွာထဲကို ပြန်ဝင်သွားကြတယ်။ ဒီနေ့မနက်ပိုင်းကျမှပဲ အထွက်ကိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေတော့ အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

ထီးလင်းမြို့နယ်၊ ဝက်သက် (မြောက်) ရွာနားမှာ ဇွန် ၁၂ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ YDF-ထီးလင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူတချို့ ရှိတယ်လို့ သိရပါတယ်။

ရွှေစွန်ညိုတပ်ရင်းဟာ စခန်းသိမ်းခံထားရတာဖြစ်လို့ လက်နက်ခဲယမ်းတွေ လိုအပ်နေပြီး အဖွဲ့အစည်း ကြီးကြီးမားမားကလည်း ထောက်ပံ့ပေးတာမျိုး မရှိလို့ ခက်ခဲတဲ့ အနေအထားကို ရောက်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေး ပါဘူး။ DVB

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိုကိုင်တွယ်သည့်တရားသူကြီး နေမကောင်း၍ရုံးချိန်းမတက်နိုင်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏အမှုကို ကိုင်တွယ်သည့်တရားသူကြီးမှာ နေမကောင်းဖြစ်နေ၍ ယနေ့ ဇူလိုင် ၁၄ ရက်နေ့ ရုံးချိန်းကို တက်ရောက်နိုင်ခြင်းမရှိကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။

အပတ်စဉ် ကြာသပတေးနေ့တိုင်းစစ်ဆေးနေသည့် ပုဒ်မ ၃-၁ (ဂ) အမှုကို ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင်က ကိုင်တွယ်စစ်ဆေးနေခြင်းဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ ရုံးချိန်းကလည်း ကျန်းမာရေးအခြေအနေကြောင့် နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံတွင်တက်ရောက်ခဲ့ရပြီး ရုံးချိန်းတက်ရောက်နိုင်ခဲ့ခြင်းမရှိပေ။

“ ဒီနေ့ တရားသူကြီးမလာဘူး။ ခွင့်ယူထားလို့ ပြန်ချိန်းတယ်။ နေမကောင်းဘူး။ ဆေးရုံတက်တယ် ကြားတယ်” ဟု နီးစပ်သူတစ်ဦးက ပြော သည်။

ယနေ့ စစ်ဆေးရမည့် မြန်မာနိုင်ငံလျှို့ဝှက်ဉပဒေပုဒ်မ ၃- ၁ (ဂ) အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးပညာရှင် ရှောင်တာနယ်လ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကို ပူးတွဲစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ရုံးချိန်းတွင် မစ္စတာရှောင်တာနယ်လ်ကို ပုဒ်မ ၃-၁ (ဂ) ဖြင့် စွဲချက်တင်လိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးသုံးဦးကို အားပေးကူညီမှု ၃-၁ (ဂ)/ ၉ ဖြင့်စွဲချက်တင်ကြောင်း တရားသူကြီးကအမိန့်ချမှတ်ခဲ့သည်။

အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူများဘက်က တရားလိုဖြစ်သည့် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးအောင်မျိုးလွင်အပါအဝင် ပြန်ခေါ်သက်သေလေးဦးကို ခေါ်ယူခဲ့ကာ ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးရန် ချိန်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ mizzima

ထီးလင်းမြို့နယ်၊ အကြည်ဝါဘင်းရွာတွင် တပ်စွဲထားသော စစ်တပ် စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် စစ်သား ၁ စီး မိုင်းဆွဲခံရပြီး ၃ ဦးသေဆုံး

မကွေးတိုင်း ထီးလင်းမြို့နယ် အကြည်ဝါဘင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် YDF (Shwe Som Nyo) ရဲဘော်များမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ပြီး စစ်တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း YDF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ၀က်သက်မြောက်ရွာမှ မြောက်ဘက်သို့ ထိုးကြောင်းထိုးလာစဥ် YDF တပ်ရင်း ၇ နှင့် တပ်ရင်း ၁၅ တို့ ပူးပေါင်း တိုက်ခိုက်ရန် စောင့်ဆိုင်းခဲ့သော်လည်း အခွင့်မသာခဲ့ဘဲ ယင်းစစ်ကြောင်းသည် အ ကြည် ဝါဘင်းရွာထဲကို ဝင်ရောက် သွားခြင်းဖြစ်ကြောင်း သိရသည်။

ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်၌ မြင်းမူမြို့မှ ထွက်ခွာလာသော စစ်ကား ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၄ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ 11 Brothersနှင့် ဗိုလ်တောက်ထွန်း (MBTT) တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများလည်း ရှိကြောင်း သိရသည်။ khit thit

အင်းတော်မြို့နယ်၌ စစ်ကောင်စီတပ်က ပြည်သူ့ နေအိမ်နှင့် ပစ္စည်းများကို ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျးရွာကို  စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက်မှာ ဝင်ရောက်ပြီး ပြည်သူလူထုတွေရဲ့  နေအိမ်တွေနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အလယ်ဆိပ်ကျးရွာကို စစ်ကောင်စီတပ်အင်အား ၇၀ လောက်နဲ့ ဝင်ရောက်လာပြီး PDF နဲ့ NLD ပါတီ ထောက်ခံတဲ့နေအိမ်တွေလို့ စွပ်စွဲပြီး  ပြည်သူတွေပိုင်ဆိုင်တဲ့ ဆိုင်ကယ်အပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို  ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။

ဒေသခံတဦးက “ရွာထဲဝင်လာပြီး ဆိုင်ကယ်တွေ မီးရှို့သွားတယ်။ အသုံးအဆောင်ပစ္စည်းတွေကိုလည်း ရိုက်နှက်ဖျက်ဆီးသွားတယ်။ NLD နဲ့ PDFကို ထောက်ခံလို့ဆိုပြီး ဖျက်ဆီးသွားတာ။ NLD နဲ့ PDF ကိုထောက်ခံတဲ့အိမ်တွေဆိုပြီး ဒလန်က သတင်းပေးလိုက်တာထင်တယ်”လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ အလယ်ဆိပ်ကျေးရွာကို လာရောက်ဖျက်ဆီးသွားတဲ့ စစ်တပ်ဟာ မဲဇာရဲစခန်းမှာ စခန်းချတဲ့ စစ်ကောင်စီတပ်တွေဖြစ်ပြီး လူနေအိမ် ၁၀၀ လောက်နဲ့ ပျက်စီးဆုံးရှုံးခဲ့ကာ ဆိုင်ကယ် သုံးစီး မီးရှို့ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတဲ့အတွက် ဒေသခံရွာသား ၁၀၀၀ လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အင်းတော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့  Indaw Revolution(IR)က ထုတ်ပြန်ပါတယ်။ DVB

စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရသော က၀နှင့် သက္ကလမြို့နယ်မှ ဒေသခံ ၈ ဦး ၁၀ ရက်ကြာသည် အထိ အဆက်အသွယ်မရသေး

ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်နေသည့် က၀မြို့နယ်နှင့်သက္ကလမြို့နယ်မှဒေသခံရှစ်ဦး စစ်ကောင်စီတပ် ၏ဖမ်းဆီးခြင်းခံထားရပြီး ၁၀ ရက်ကျော်သည်အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံသတင်း ရင်းမြစ်ထံမှ သိရသည်။

သင်္ယန်းကျွန်းနှင့် တောင်ဒဂုံမြို့နယ်တို့တွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိသည့် က၀မြို့နယ်မှ လူကြီးတစ်ဦး နှင့်လူငယ်ငါးဦးကို စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

“က၀မြို့နယ်က ကျေးရွာတွေမှာနေထိုင်တဲ့သူတွေပါ။ လူကြီးတစ်ဦးနဲ့ လူငယ်လေးဦး ဖမ်းဆီးခံလိုက်ရ တာဖြစ်ပါတယ်။ အခုလက်ရှိ ရန်ကုန်မှာနေရင်း ဘာသာစကားသင်တန်းတက်နေတာလို့လည်း သိရ တယ်။ ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းနဲ့ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းတွေမှာ သူတို့ရဲ့ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးသွားတာပါ ” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က က၀မြို့နယ်မှဒေသခံခြောက်ဦးအပြင် ရန်ကုန်၌အိမ်ငှားကာ လာရောက်ဆေးကုသမှု ခံယူနေသည့် သက္ကလမြို့နယ်မှ လင်မယားနှစ်ဦးကိုလည်း ၎င်းတို့နေထိုင်နေသည့် တောင်ဥက္ကလာပမြို့ နယ်မှတိုက်ခန်းတစ်ခုတွင် ဇူလိုင်လ ၄ ရက်နေ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

“ စစ်ကောင်စီကဖမ်းသွားတဲ့ သက္ကလက လင်မယားနှစ်ယောက်မှာ အမျိုးသမီးက ဆီးချိုနဲ့ ကျောက်ကပ် ဆေးခန်းပြနေရတာပါ။ သူတို့က အာဏာမသိမ်းခင်ကတည်းက ရန်ကုန်မှာတိုက်ခန်းငှားပြီး ဆေးသွားကု နေကြတာ” ဟု သက္ကလဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူရှစ်ဦးကို စစ်ကောင်စီတပ်က PDF များအား ထောက်ပံ့မှုပြုလုပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိပေ။

“အဖမ်းခံထားရတာ ၁၀ ရက်ရှိပြီ။ ဘယ်မှာထားမှန်းလည်း မသိဘူး။ ဘယ်ကိုစုံစမ်းပြီး ဘယ်လိုလိုက်ရ မှန်းလည်း မသိကြသေးဘူး။ ဘာကြောင့်ဖမ်းလဲဆိုတာလည်း မသိရသေးဘူး။ PDF တွေကို ထောက်ပံ့မှု လုပ်လို့ စွပ်စွဲဖမ်းဆီးခံရတယ်ဆိုတာမျိုးတော့ မြို့နယ်တွင်းမှာ ပြောနေကြတာရှိတယ်။ အတည်ပြုလို့ တော့ မရသေးဘူး” ဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူများနှင့် ယနေ့အချိန်အထိအဆက်အသွယ်မရရှိသေးသည့် အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်။

ထို့အပြင် က၀မြို့နယ်အတွင်းရှိကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က အင်အားသုံးကာ ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် နေ အိမ်များအတွင်းဝင်ရောက်ကာ ပစ္စည်းများကိုယူဆောင်ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးခံရခြင်းများရှိနေကြောင်း ဒေသ ခံများထံမှ သိရသည်။ mizzima

ကူမဲမြို့တွင် နယ်ထိန်းရဲတပ်ကြပ် ၁ ဦး သေ နတ်ဖြင့်ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့ ရန်ကုန် – မန္တလေးလမ်း​ဟောင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ကို သုတ် သင်ရှင်းလင်းခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၄ ရက် မနက် ၉ နာရီ ခွဲဝန်းကျင်က  ကူမဲမြို့၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်မှာ ယူနီဖောင်းဝတ်ပြီး ဆိုင်ကယ်နဲ့ သွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတယောက်ကို ပူးပေါင်းမဟာမိတ်အဖွဲ့က သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာတင်  သေဆုံးသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟာ ကူမဲမြို့ ရဲစခန်းမှာ တာဝန်ကျတဲ့ နယ်ထိန်းရဲတပ်ကြပ်ကြီး လှမိုးခိုင်ဖြစ်ပြီး ကူမဲမြို့ အနောက်ဘက်ရှိ သာလွန်ကျေးရွာမှာ ဂိတ်ချပြီးပိုက်ဆံတောင်းနေတဲ့သူပါ။

သေနတ်နဲ့ သေချာပစ်ခတ်ခဲ့လို့ နေရာမှာတင်  သေသွားတယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ ( K.D.DF.)  တာဝန်ရှိသူက ပြောပါတယ်။ DVB

စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်သဖြင့် နေအိမ် ၁၀၀ ကျော် ပြာကျသွားသော ဌေးအောင်

မကွေးတိုင်း မြိုင်မြို့နယ် ဌေးအောင်ရွာကို အကြမ်း ဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးသောကြောင့် ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမှု ဖြစ်စဥ်၌ ကျေးရွာအတွင်းမှ အရပ်သား ပြည်သူ ၂၀ ကျော် ပျောက်ဆုံးနေပြီး စစ်တပ်က ဖမ်းဆီး ခေါ် ဆောင်သွားသူများလည်းရှိကြောင်း၊ ဖမ်းဆီးခံရသူ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မနက်စောစောထဲက စစ်ကောင်စီ တပ်တွေ မီးရှို့သွားတာ နေအိမ်တော်တော်များများ မီးလောင်သွားတယ်။ ကျွန်တော့အိမ် အပါအဝင်ပေါ့။ ဌေးအောင်ရွာရဲ့ အနောက်ဘက် သီးပင်ကိုင်းရွာမှာ စစ်တပ်တွေ အခု ဝင်နေတယ်။စစ်ကြောင်းက သုံးကြောင်းဗျ။ ရွာတွေကို ခွဲဝင်နေတာ။ ဒေ သခံ အများအပြားလည်း ရွာလုံးကျွတ်တွေ ရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့ပါ ရမ်းသမ်းပစ်တာ။ မိန်းကလေးတွေရော ယောက်ျားလေးတွေရော အဖမ်းခံရတာတော့ ရှိတယ်။ ဘယ်နှစ်ဦး အဖမ်းခံရတယ်ဆိုတာ အတည်မပြုနိုင်သေးဘူး။ ရွာထဲမှာ ပျောက်ဆုံးနေသူ ၂၀ ကျော်လောက်ရှိတယ်။ ရွာထဲ အကုန်ပြန်မရောက် သေးတော့ လူစစ်မကြည့်ရသေးဘူး။ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးသွားတာ အိမ်ခြေ ၁၀၀ လောက်ရှိမယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်သည် အနီးအနားဝန်းကျင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ဒေသခံ ပြည်သူ ၅၀၀ ​ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း၊ ထွက်ပြေးနေရသည့် ကျေးရွာများတွင် နှမ်းစာကျင်း၊ တန်ပို၊ ဆီးဖြူကုန်း၊ မြို့ခင်းသာကျေးရွာများပါဝင်ကြောင်း၊ စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားသဖြင့် ဖြစ်စဥ် အသေးစိတ်နှင့် ထပ်မံ မီးရှို့ဖျက်ဆီးခံရသော ကျေးရွာအအခြေအနေများကို မသိရှိရသေးဟု ဒေသခံ ပြည်သူများက ပြောဆိုသည်။ khit thit

စစ်တွေမြို့တွင် အမျိုးသား ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးဆပ်ရိုးကျ (Lift) တံတားနားမှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတယောက်ကို ဇူ လိုင် ၁၄ ရက် မနက်ပိုင်းက တွေ့ရှိပြီးတဲ့နောက် မသင်္ကာတဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးတဲ့သူက စစ်တွေမြို့နယ်၊ မင်းဒရားချိတ် ရွာဟောင်းကျေးရွာနေ အသက် ၃၈ နှစ်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး နောက်ကျောနဲ့ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာလည်း ဖြစ်ပါတယ်။

အဆိုပါလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မသင်္ကာသူတွေကို လိုက်လံဖမ်းဆီးနေရာမှာ  ဖမ်းဆီးထားသူ ၃ ယောက် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တံတားအနီးနားမှာနေထိုင်တဲ့ အမျိုးသမီးတယောက်က “သားဖြစ်သူကို မသင်္ကာလို့ ရဲက လာဖမ်းတာ၊ သားဖြစ်သူကိုမတွေ့တဲ့အတွက် အ သက် ၆၀ ကျော် အဖေဖြစ်သူကို ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။

အခင်းမဖြစ်ပွားခင်ညက သေဆုံးသူ အမျိုးသားဟာ မူးယစ်သောက်စားထားပြီး ကယ်ဆယ်ရေးရပ်ကွက်နားက အုတ်ထိုင်ခုံကို ဖြိုဖျက်နေခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

အဲဒါကြောင့် ရပ်ကွက်ထဲက လူငယ်တွေနဲ့ စကားများခဲ့ကြတာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖျန်ဖြေလို့ အားလုံးအိမ်ပြန်သွားခဲ့ကြတယ်လို့ ကယ်ဆယ်ရေးရပ်ကွက်က ပြည်သူတယောက်က ပြောပါတယ်။

အဲဒီလိုပြန်သွားပြီး နောက်ရက်ကျမှ အခုလို ဓားထိုးဒဏ်ရာတွေနဲ့ အလောင်းကို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။ DVB

« Older Entries