Monthly Archives: Jul 2022

ရှင်းလင်းခံရမည်ကိုကြောက်၍ CCTV သိန်း ၆၀ ဖိုး ဝယ်တပ်ထားသည့် ရွာငံမြို့က ဒလန်ဆိုသူ ပစ်သတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊နွားဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားကျေးရွာမှ PDF များ၏ ရှင်းလင်းခြင်းခံရမည်ကို ကြောက်၍ CCTV သိန်း ၆၀ ဖိုးဝယ်ယူတပ်ဆင်ထားသည့် ဒလန်ဟု နာမည်ထွက်သူ တစ်ဦး ဇူလိုင်လ ၁၃ ရက် ညပိုင်းက ပစ်သတ်ခံရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးဒလန်ဟု နာမည်ကြီးသူ ကိုတင်မိုးအား လက်နက်ကိုင်လူတစ်စုမှ နေအိမ်အတွင်း၌ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ရာ နေရာတွင် သေဆုံးသွားကြောင်း၊ ရုပ်အလောင်းကို စစ်ကောင်စီက သယ်ယူသွားပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ရွာငံမြို့နယ်ဆေးရုံ သုသာန်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

”သူကပျူစောထီးလည်းဟုတ်တယ်ဗျ။ နွားဘန်းကြီးရွာကအိမ်တွေ မီးရှို့တုန်းကလည်း သူက ဦးဆောင်ပြီးရှို့ခဲ့ပါတယ်။ CCTV တွေတောင် တပ် ဆင်ထားပြီး သူ့မှာအတိုတောင် ဆောင်ထားတယ်ပြောတယ်ဗျ။ စစ်ခွေးတွေလည်း အရင်က လုံခြုံရေးတွေလာယူပေးဖူးတယ် ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသူ ဦးတင်မိုးသည် သတင်းပေးဒလန်ဟု နာမည်ကြီးသည့်အပြင် ပျူစောထီးအဖွဲ့၌လည်း ပါဝင်နေကြောင်း ဒေသခံများက ဆို သည်။သို့သော် မဇ္ဈိမသတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးချေ။ mizzima

မန္တလေးတွင် အိန္ဒိယကောင်စစ်ဝန်ရုံး အပါအ ဝင် နေရာအချို့ ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့တွင် ယမန်နေ့ (ဇူလိုင် ၁၄) က အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ အပါအဝင် ၄ နေရာ ပေါက်ကွဲမှုဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသည်ဟု သိရသည်။

ယမန်နေ့ည ၇ နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ၆၅ လမ်း၊ ၁၀၂လမ်းနှင့် ၁၀၃ လမ်းကြား အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့ ရဲကင်းတဲပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် တော်လှန်ရေးအဖွဲ့ သုံးခုက ထုတ်ပြန်သည်။ 

အောင်မြေသာစံမြို့နယ် ၁၃ x ၈၂ လမ်းနှင့် ၈၆ လမ်းကြားရှိ တရားရုံးပေါက်ကွဲမှုသည်လည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထိုအဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

အထက်ပါ စစ်ဆင်ရေးနှစ်ခုတွင် တင့်ကားဖျက်အမျိုးအစားမိုင်းများသုံးခဲ့ကြောင်း၊ Kings Cobra Guerilla အမည်ရ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။ 

“သေနိုင်တဲ့အထိဖြစ်ပါတယ်။ သူတို့ဘက်က ခိုးကြောင်ခိုးဝှက်နဲ့ ဒဏ်ရာရသူတွေကို နန်းတွင်း (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ထဲ သယ်ပြီး ဆေးကုနေတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲသတင်းတွေ ဖုံးထားကြတယ်”

အိန္ဒိယကောင်စစ်ဝန်ရုံးပေါက်ကွဲမှုတွင် အစောင့်ရဲသား ၄ ဦး ထိခိုက်ဒဏ်ရာရသည်ဟု ထိုနေရာအနီး နေထိုင်သူတစ်ဦးထံမှ သိရသည်။

“သေတယ်တော့ မကြားဘူးဗျ။ ရဲလေးဦး ထိခိုက်ဒဏ်ရာရတယ်လို့ပဲ ကြားတယ်။ ဘယ်သူတွေလုပ်သွားလဲ မသိရသေးဘူး။ အခုတော့ အဲဒီလမ်းထဲ စစ်ဆေးနေတယ်” ဟု ၎င်းက ဆိုသည်။

အောင်မြေသာစံမြို့နယ် တရားရုံးပေါက်ကွဲမှုတွင်လည်း စစ်သားနှစ်ဦး ပြင်းထန်စွာဒဏ်ရာရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မြို့ခံအချို့က ပြောသည်။

ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ဖြစ်ပွားသည့် ချမ်းမြသာစည်မြို့နယ် ၈၆ လမ်း ဒေါနခြံရပ်ရှိ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ပေါက်ကွဲမှုတွင်မူ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း အနီးရှိ အမှတ် ၁၀ ရဲစခန်းက ပစ်ခတ်မှုများ လုပ်ခဲ့သည်ဟု ထိုမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

“ဒီ Mytel တိုင်က ဗုံးထုခံရတာ နှစ်ကြိမ်ရှိပြီ။ နှစ်ကြိမ်လုံး အထိအခိုက်တော့ မရှိသေးဘူး” ဟု ထိုသူက ပြောသည်။

Mytel တာဝါတိုင် တိုက်ခိုက်ခံရသည့် အချိန်ခန့်တွင်ပင် မဟာအောင်မြေမြို့နယ် ၆၅ လမ်း ၄၃လမ်းထောင့်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ်ခဲ့သေးသည်ဟု အထက်ပါ ဒေသခံထံမှ သိရသည်။

ပေါက်ကွဲမှု ၄ ခုနှင့် ပတ်သက်၍ အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပါ။ ထိုအထဲမှ နှစ်ခုမှာ ၎င်းတို့လက်ချက်ဟု ဒေသကာကွယ်ရေးအဖွဲ့သုံးခုက ထုတ်ပြောသော်လည်း အခြားနှစ်ခုမှာမူ လက်သည်မပေါ်သေးပေ။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည့် မြန်မာနိုင်ငံရှိ ဒေသများအတွင်း မန္တလေးမြို့သည် ထင်ရှားစွာပါဝင်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ မန္တလေးမြို့အပါအဝင် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုများ အရှိန်မြင့်နေသည်။

စစ်တပ်က အပြင်းအထန်နှိမ်နင်းနေသော်လည်း မန္တလေးတွင် ဇွန်လမှစ၍ ပြောက်ကျားတိုက်ခိုက်မှုများ ပြန်လည်အားကောင်းလာပြီး မြို့ပေါ်ရှိ စစ်ကောင်စီပစ်မှတ်များ နေ့စဉ်ဆိုသလို တိုက်ခိုက်ခံနေရသည်။ myanmar now

Kaung For You ကျောင်းအုပ် ဆရာကောင်းသိုက်စိုး သတင်းအစအန ပျောက်ဆုံးနေ

ကျောင်းသား ကျောင်းသူ ဦးရေသုံးသောင်းကျော်လက်ခံခဲ့သည့် ကျောင်းတစ်ခုဖြစ်သည့် Kaung For You မှ ကျောင်းအုပ်ဆရာ ဆရာကောင်းသိုက်စိုးသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပေါ်လာပြီးနောက်တွင် နောက်ထပ်မည့်သည့်သတင်းမျှ မရရှိတော့ပေ။

၎င်းဖမ်းဆီးခံရကြောင်း ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် Kaung For You ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာတွင် “ဆရာကောင်း ဖမ်းခံရ” ဟု တင်ထားခဲ့ပြီး တစ်နာရီနီးပါးအကြာတွင် ဖြုတ်သိမ်းသွားခဲ့သည်။

လက်ရှိ ဇူလိုင်လ ၁၅ရက်နေ့ ညနေပိုင်းအထိ ဆရာကောင်းသိုက်စိုးနှင့် ပတ်သက်သည့် သတင်းအစအနများ ထပ်မံပေါ်ထွက်လာခြင်း မရှိသည်ကိုတွေ့ရသည်။

ဆရာကောင်းသိုက်စိုးအပါအဝင် ကျောင်း အခြေအနေနှင့် ပတ်သက်ပြီး Kaung For You ၏ထံသို့ မဇ္ဈိမအနေဖြင့် စတင်ဖြစ်ပွားစဉ် နေ့ က တည်းက ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခဲ့ခြင်း မရှိပေ။

နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် ပညာရေးအသိုင်းအဝိုင်းမှ ပြောပြချက်များအရ ဆရာကောင်းသိုက်စိုး၏ သတင်း အစအနပျောက်ဆုံးနေပြီး မည်သည့်သတင်းမှ မကြားရတော့ကြောင်း အတည်ပြုပြောဆိုသည်။

၎င်းဖမ်းဆီးခံရကြောင်း သတင်းကို တင်ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ကျောင်းမှ ဆရာမအပါအဝင် ကျောင်းသားကျောင်းသူ ငါးဦးထက်မနည်းသည် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် kaung For You ကျောင်းတွင် ဖြစ်ပေါ်နေသည့်ပြဿနာများနှင့်ပတ်သက်ပြီး BEWU-SCမှ ဗဟိုအလုပ်အမှုဆောင် ဆရာနောင်ချိုက “လုံခြုံရေးတော့ အထူးဂရုစိုက်ကြပါခင်ဗျား မှတ်တမ်းမှတ်ရာ အချက်အလက်တွေ၊ K4Uနဲ့ ဆက်စပ်မှုအားလုံး ဖျက်ထားပါ လို့ အကြံပြုချင်ပါတယ်” ဟု ဆိုသည်။

ကျောင်းသားကျောင်းသူများ ဖမ်းဆီးခံရခြင်းအပေါ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်တပ်အနေဖြင့် ယခုကဲ့သို့ ပညာသင်ကြားမှုအပေါ်တွင် ဖမ်းဆီးခြင်းသည် အခြေခံလူ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း မနေ့က ကြေညာခဲ့သည်။

ဆရာကောင်းသိုက်စိုး ဦးဆောင်သည့် Kaung For Youကျောင်းသည် ယခုနှစ်ကျောင်းအပ်ရာသီတွင် CDMမိဘပြည်သူများနှင့် တက်ကြွလှုပ် ရှားသူများအကြား ရေပန်းအစားဆုံး ဖက်ဒရယ်ကျောင်းတစ်ခု ဖြစ်သည်။ ကျောင်းအပ်သူ နှစ်သိန်းကျော်ရှိခဲ့သည့်အနက် ၃၀,၀၀၀ကိုသာ လက်ခံခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများကို လက်ခံခဲ့ရာတွင် ကိုယ်ရေးအချက်အလက်များကို ကောက်ယူခဲ့ပြီး ဆရာကောင်းသိုက်စိုး အဖမ်းခံရသည်ဟု သတင်းမထွက်မီကပင် ကျောင်းသားအချို့၏ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြခဲ့ကြသော်လည်း ကျောင်းအနေဖြင့် တစ်စုံတစ်ရာတုံ့ပြန်ခြင်း မပြုခဲ့ပေ။

သို့သော် ဇူလိုင်လ ၈ရက်နေ့တွင် အချက် ၁၂ချက်ပါဝင်သည့် ရှင်းလင်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ကျောင်း၏ သတင်းအချက်အလက်များ ပေါက်ကြားမှုသည်၎င်းတို့ကိုယ်တိုင်ကျောင်းတာဝန်ရှိသူများအဖြစ်ဟန်ဆောင်၍ Google Form ကောက်ယူခြင်းနည်းနှင့် ကျောင်း၏ အ တွင်းလူမှတစ်ဆင့် သတင်း အချက်အလက်များရယူခြင်းနည်း နှစ်မျိုးဖြင့် ပူးပေါင်းကြံစည်ခံရခြင်းဖြစ်ကြောင်း သုံးသပ်ပါကြောင်းနှင့် ကျောင်းအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်နောက် KBZ pay account များ၊ ဖုန်း နံပါတ်များ၊ မှတ်ပုံတင်များ၊ ကျူးလွန်သူများ၏ ဓာတ်ပုံများနှင့် နေရပ်လိပ်စာများကို အတိအကျရရှိထားပြီး ဆက်စပ်ပူးပေါင်းကြံစည်သူများအား ဆက်လက်ဖော်ထုတ်အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အမှုဖွင့် တရားစွဲဆို တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကျောင်းသားကျောင်းသူ ငါးဦး ထက်မနည်း ဖမ်းဆီးခံရပြီးချိန်တွင် NUGပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျောင်းကို ပိတ်သိမ်းရန် ညွှန်ကြား လိုက်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၄ရက်နေ့တွင် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက DNAသတင်းဌာနကို ပြောကြားခဲ့သည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် Kaung For You ကျောင်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ဖျက်သိမ်းသွားခဲ့ပြီဖြစ်သည်။ကျောင်းသားများ၏ ကိုယ်ရေးအ ချက်အလက်များကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်ခဲ့ခြင်းသည် လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်ပြီး သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုအနေဖြင့် တာဝန်ခံရန် တာဝန်ရှိကြောင်း NUG ကထုတ်ပြန်ထားသည်။ mizzima

ရန်ကုန်၊ ရေဖြူတို့တွင် ၃ နေရာ တိုက်ခိုက်ခဲ့ဟု နန်းထိုက်အောင်အဖွဲ့ ပြော

ဇူလိုင် ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် စစ်ရေးပစ်မှတ် ၃ ခုကို တိုက်ခိုက်ခဲ့သည်ဟု နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများဖြစ်သည့် ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၂ လမ်းမပေါ်ရှိ ရဲထောက်ပံ့ရေးဌာန၊ သာကေတမြို့နယ် အမှတ် ၁ ရဲစခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတို့ ဖြစ်သည်ဟု နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး၊ သတင်းပြန်ကြားရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောသည်။ 

ယမန်နေ့ (ဇူလိုင် ၁၄) နံနက်က မြောက်ဒဂုံရှိ ရဲထောက်ပံ့ရေးဌာန၊ ရဲကင်းဘန်ကာတစ်ခုကို ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောသည်။ 

“သာကေတကတော့ သေသေချာချာမသိရသေးဘူး။ မြောက်ဒဂုံကတော့ ရဲ ၂ ဦးသေ၊ ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး” ဟု ဆိုသည်။ 

ထို့ပြင် ဇူလိုင် ၁၃ ညပိုင်းက တနင်္သာရီတိုင်း၊ ရေဖြူစရဖရုံးကိုလည်း ဖောက်ခွဲခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

“မြို့ပြပြောက်ကျားတွေကတော့ အချိန်ရှိသရွေ့ လှုပ်ရှားနေတာပါပဲ၊ တစ်ခါတလေ အခက်အခဲတချို့ကြောင့် ငြိမ်နေရတာမျိုးကလွဲရင် အမြဲတမ်း လှုပ်ရှားနေမှာပါ” ဟု ၎င်းက ပြောသည်။ 

၂၀၂၁ စက်တင်ဘာ ၇ မှ ၂၀၂၂ ဧပြီ ၇ အထိ စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည့် “ပျံလွှားအောင်” စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ပြီးနောက် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ နေအိမ်အနီး လုံ ခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နန်းထိုက်အောင်စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအကြာ ဧပြီ ၁၀ တွင် တိုက်ခိုက်ခဲ့သည်။  

စစ်ဆင်ရေးကာလ ၃ လ အတွင်း  ပစ်မှတ် ၉၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀  ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ဆင် ရေးတာဝန်ခံက ပြောသည်။ 

ထိုအချက်အလက်များအပေါ် Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စစ်ရေးပစ်မှတ်များ တိုက် ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။

ဤအတောအတွင်း စစ်ကောင်စီက ခုခံသူများနှင့် ဆက်စပ်သည်ဟု ၎င်းတို့သံသယရှိသူကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များ သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခြင်း နည်းလမ်းများဖြင့် တုံ့ပြန်လျက်ရှိသည်။ myanmar now

မြိတ်မြို့က တက္ကသိုလ်ဆရာ ဆရာမများအပါ အဝင် CDM ပညာရေးဝန်ထမ်းများ ဖမ်းဆီးခံရ

တနင်္ဿာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ CDM ပညာရေးဝန်ထမ်းတွေကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင် ၁၄ ရက် ညမှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ CDM ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ မြိတ်ကွန်ပျူတာက္ကသိုလ်က မော်ကွန်းထိန်း ဒေါ်သီသီဆွေ၊ မြိတ်နည်းပညာတက္ကသိုလ်က ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းက ဆရာ ဦးအာကာမောင်နဲ့ မြိတ်မြို့ အ.ထ.က (၁) က ကျောင်းဆရာမ မနီလာတို့ဖြစ်ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလို လာရောက်ဖမ်းဆီးတဲ့အချိန်မှာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး အရပ်ဝတ်စုံအပြင် စစ်ဝတ်စုံ ဝတ်ဆင်ထားသူတွေက စစ်ကားသုံးစီးနဲ့ ရောက် လာတာဖြစ်ကာ ဖမ်းဆီးသွားတဲ့ ကားပေါ်မှာ ပညာရေးဝန်ထမ်း ဆရာမ လေးယောက်နဲ့ ဆရာတယောက်ကို တွေ့လိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့အတွက် နေပြည်တော်ကို အမှုတွဲတင်ပြီး တရားစွဲဆိုသွားမှာဖြစ်တယ်လို့ လာရောက်ဖမ်းဆီးတဲ့ စစ်သားတွေက ပြောသွားကြောင်း ဖမ်းဆီးခံရတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ နီးစပ်တဲ့သူတယောက်က ပြောပါတယ်။

ဒီဗွီဘီသတင်းဌာနရဲ့ စုံစမ်းချက်တွေအရ ဖမ်းဆီးသွားတဲ့ ပညာရေးဝန်ထမ်း လေးယောက်ကိုတော့ အတည်ပြုနိုင်ပြီး နောက်ထပ်တယောက်ကတော့ ဘယ်သူဖြစ်တယ်ဆိုတာကို စုံစမ်းနေတုန်း ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးထားတဲ့ ပညာရေးဝန်ထမ်းတွေကို မြိတ်မြို့ လေတပ်ဝင်းထဲက စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကျောင်းတွေမှာ ကျောင်းမတက်လိုတဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အွန်လိုင်းကနေတဆင့် စာသင်ကြားပေးနေတဲ့ Kaung For You Education ဖက်ဒရယ်ကျောင်း ဆရာ၊ ဆရာမတွေရော ကျောင်းသားတွေပါ အခုရက်ပိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ  ဖမ်းဆီးခံနေရပါတယ်။

ဒါကြောင့် NUG အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက Kaung For You Education ဖက်ဒရယ်ကျောင်းကို ပိတ်သိမ်းသွားမှာဖြစ်ပြီး လက်ရှိဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းပြီး စစ်ဆေးနေတယ်လို့ ပြောကြားထားပါတယ်။ DVB

မန္တလေးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိ

မန္တလေးမြို့တွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုတချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း Kings Cobra Guerrilla Force -MDY အဖွဲ့ခေါင်းဆောင် ဗိုလ်မြွေပွေးထံက သိရသည်။

“အရပ်ဘက်ပရဟိတကားမသုံးရဲလို့ ခိုးကြောင်ခိုးဝှက်နဲ့ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ဆေးရုံကို သယ်ဆောင်ပြီး အရေးပေါ်ကုသနေဟုသိရတယ် “ဟု ဗိုလ်မြွေးပွေးက ဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ရက်နေ့ညပိုင်းက မန္တလေးမြို့အောင်မြေသာစံမြို့နယ်တရားရုံးနှင့် အိန္ဒိယသံရုံးရှေ့ရှိ ဂိတ်တဲတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အောင်မြေသာစံမြို့နယ်တရားရုံး အစောင့်ကျနေသည့် စစ်သားနှစ်ဦးနှင့် အိန္ဒိယသံရုံးရှေ့တွင် အစောင့်ကျသည့် စစ်သားလေးဦး စုစုပေါင်း ခြောက်ဦး ထိခိုက်ခဲ့ကြောင်း ဗိုလ်မြွေပွေးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုကို Mother Son Mandalay Force၊ Myanmar Revolution Ranger force နှင့် Kings Cobra Guerilla Force- MDY စသည့် မြို့ပြ ပြောက်ကျား အဖွဲ့ သုံးဖွဲ့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်မှ ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း မြို့ပြပြောက်ကျား အဖွဲ့သားများ အထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ရက်နေ့ညပိုင်းက မန္တလေးမြို့တွင် ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး ၈၆ လမ်း ဒေါနခြံရပ်ကွက်အတွင်းရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် ဗုံးထုခံခဲ့ရသလို မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင်လည်း ပေါက်ကွဲခဲ့ကာ အထိခိုက်အကျဆုံးကို မသိရသေးပေ။ mizzima

ရွေးကောက်ပွဲအမှုနှင့်ပတ်သက်၍ အပြစ်မရှိဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထွက်ဆို

၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စွဲဆိုထားတဲ့ အမှုကို ဇူလိုင် ၁၅ ရက်က  နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းပြုစုတဲ့ နေရာမှာ မလျော်သြဇာလွှမ်းမိုးခဲ့ခြင်းမရှိသလို လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် သူ့မှာ အပြစ်မရှိကြောင်း  ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီရွေးကောက်ပွဲအမှုနဲ့ပတ်သက်လို့ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program) အရ ပြီးခဲ့တဲ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦး ၀င်းမြင့်ကို စစ်ဆေးခဲ့ပြီး သမ္မတကလည်း သူ့အနေနဲ့ မလျော်သြဇာသုံးပြီး ညွှန်ကြားခဲ့တာ ကျုးလွန်ခဲ့တာ မရှိဘူးလို့ ထွက်ဆိုထားပါတယ်။

နောက်အပတ်ရုံးချိန်းမှာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူ ကိုစစ်ဆေးသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီး စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီမဲရှုံးသွားပြီးနောက်မှာ မဲစာရင်းမှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစသိမ်းကတည်းက  နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုး ရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို အပြစ်မရှိဘဲ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းကျမှာ  ပြည်ထောင်စုရွေးကောက် ပွဲကော် မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲကာ ရာဇတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။DVB

စစ်ကိုင်း၊ ရန်ကုန်၊ အောင်လံ၊ မန္တလေး၊ ပခုက္ကူနှင့် တနင်္သာရီတို့တွင် ရဲတပ်ကြပ် ၊ ပျူစောထီး ၊ စစ် တပ် သတင်းပေးဟု သတ်မှတ်ခံရသူ များ၊ ရာအိမ်မှူးနှင့် ကြံ့ဖွတ်ပါတီဝင်များ ပစ် ခတ်ခံရပြီး ၁၀ ဦးသေဆုံး

စစ်ကိုင်း၊ ရန်ကုန်၊ မန္တလေး၊ အောင်လံ၊ မကွေးနှင့် တနင်္သာရီတို့တွင် ရဲတပ် ကြပ်၊ ပျူစောထီးအဖွဲ့ဝင်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၊ ရာအိမ်မှူးနှင့် ကြံ့ဖွတ်ပါတီဝင်များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် ပျူစောထီး ၂ ဦး ပစ်သတ်ခံရ

===================================

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် လယ်မှီးရွာမှ ပျူစောထီး အဖွဲ့ဝင် သန်းစိန်နှင့် ကျော်စိန်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် စစ်ဆေးမေးမြန်းရန် သွားရောက် ဖမ်းဆီးစဥ် ဓားဖြင့် ပြန် လည် ခုခံခဲ့သောကြောင့် ကာကွယ်ရေး အဖွဲ့များက ရှင်းလင်းခဲ့ကြောင်း Tigyaing Revolution-TR ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီး ရှင်းလင်းခံရသူ ၂ ဦးသည် ထီးချိုင့်မြို့နယ် ရွာသစ်ကုန်း ရပ်ကွက်မှ ပျူစောထီး ဇော်ဝင်းကို၊ အမှတ် ၃ ရပ်ကွက် စစ်တပ် အမာခံ ကြံ့ခိုင်ရေး ခေါင်းဆောင် မာဒင်(ရှေ့နေ)နှင့် စံပြရပ်ကွက် ကြံ့ခိုင်ရေး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စိုးစိုးတို့၏ အဖွဲ့ဝင်ဖြစ်များဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးဖုန်းထဲတွင် စစ်တပ်ထံသို့ တော်လှန်ရေးအဖွဲ့များအကြောင်း တိုင် တန်းထားသော အချက်အလက်များ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၊ ၂ ရပ်ကွက် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ

=========================================

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ၂ ရပ်ကွက်၊ ဦးအောင်ပွင့်လမ်းတွင် ဇူလိုင်လ ၁၅ ရက် နံနက် ၇ နာရီဝန်းကျင်အချိန် ရာအိမ်မှူး ခင်မောင်လတ်ကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

သေဆုံးသူ ရာအိမ်မှူး ခင်မောင်လတ်သည် နဖူး၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၃ ချက်ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“သူ့မိန်းမကလည်း ၂ ပေါ်တော်မူ ရပ်ကွက်ရုံးက စာရေးမပဲ။ လင်ရော မယားရော ဒလန်လိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက‌ ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ ၁ဦး ပစ်သတ်ခံရ

========================================

ယနေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက် နယ်မြေ ၅ ၊ ၃ လမ်းတွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ သန်းလွင်ကို နေအိမ်တွင် ရှိနေစဥ် အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

မန္တလေးတိုင်း ကူမဲမြို့တွင် ရဲတပ်ကြပ် ၁ ဦး ပစ်သတ်ခံရ

=================================

မန္တလေးတိုင်း ကူမဲမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ထိန်း ရဲတပ်ကြပ် လှမိုးခိုင်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

သေဆုံးသူ ရဲတပ်ကြပ် လှမိုးခိုင်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ(K.D.D.F)၊ BARMAHTE PEOPLE DEFENSE FORCEနှင့် URBAN GUERRILLA FORCE – KUME တို့က ပူးပေါင်းမဟာမိတ် တပ်ဖွဲ့တို့က ဆိုင်ကယ်ဖြင့် လိုက်လံ ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

=======================================

မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ လောင်းကစားဝိုင်းများမှ စစ်တပ်အတွက် ငွေကြေး ကောက်ခံပေးနေသော ပျူစောထီးအဖွဲ့ဝင် သန်းဇော်ဦးကို Young Force (UG)က ဇူလိုင်လ ၁၄ ရက်နေ့တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ သန်းဇော်ဦးသည် အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်မှ ပြန်လာစဥ် Young Force (UG) အဖွဲ့ ကဖမ်းဆီးခဲ့ပြီး ကြိုးတုပ်နေစဥ် ထွက် ပြေးသောကြောင့် ပစ်ခတ်ခဲ့ရပြီး သန်းဇော်ဦးသည် တစ်နေ့ ၅၀၀၀ ကျပ် ဖြင့် စစ်တပ် စစ်ဆေးရေးဂိတ်တွင် ပိုက်ဆံ ကောက်ခံနေသူဖြစ်ကာ ဦးခေါင်း၊ ကျောနှင့် ရင်ဘတ် တို့ကို ကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း လောင်းလုံးတွင် ကြံ့ဖွတ်ပါတီဝင် ၁ ဦး ပစ်သတ်ခံရ

======================================

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာမှာ နေထိုင်သော ကြံ့ဖွတ်ပါတီဝင် မောင်ဝင်းကို ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက အမည်မသိ သေနတ်သမားများက သဘော့ဆိပ်ဈေးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကြံ့ဖွတ်ပါတီဝင် မောင်ဝင်းသည် ၎င်းကျေးရွာမှ ဈေးလာရောင်းပြီး သတင်းယူကာ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်ကို သတင်းပေးသောကြောင့် ပစ်ခတ် ခံရခြင်း ဖြစ်သည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

အောင်လံတွင် စစ်တပ်သတင်းပေး ၃ ဦး ရှင်းလင်းခံရ

==============================

အောင်လံမြို့နယ်၊ ငလောက်ကျေးရွာနေ မျိုးမင်းဦး၊ မျိုးလွင်နှင့် မင်းထက်တို့သည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို အကြမ်းဖက်စစ်တပ်ထံ ပေးပို့ခြင်း၊ ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်းများတွင် ပါဝင်နေကြောင်း သက်သေများ စစ်ဆေးတွေ့ရှိသဖြင့် ဇူလိုင်လ ၈ ရက်နေ့တွင် အောင်လံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။ khit thit

တမူးခရိုင်အတွင်း စစ်ကောင်စီဒေါက်တိုင်များ ရပ်တန်းက ရပ်ရန် CIA – Tamu သတိပေး

စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း စစ်ကောင်စီအား အထောက်အကူပြုနေသည့် ဒေါက်တိုင်များ ရပ်တန်းက ရပ်ကြရန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (တမူး) Central Intelligence Agency Tamu မှ ဇူလိုင် ၁၅ရက် ယနေ့တွင်ထုတ်ပြန်သည်။

“ကျနော်တို့ သတင်းအချက်အလက်တွေကို ဖရဲသီး များနဲ့ ပြည်သူများက ပေးထားတာတွေကို စိစစ်ပြီး ပြုစုထားတာပါ၊ သတိပေးချက်ကို မလိုက်နာခဲ့ရင်တော့ သုတ်သင်ရှင်းလင်းသွားမှာပါ” ဟု CIA – Tamu ဒါရိုက်တာ သျှောင်ကြီးဗွေ မှ ပြောသည်။

ပညာရေးဝန်ထမ်း ၊ အထွေထွေဦးစီးဌာန ဝန်ထမ်းနှင့် ပျူစောထီးဖွဲ့ရန် လုပ်ဆောင်နေမှုများအား သတိပေးခြင်းဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ရရှိလာမည့် အကျိုးဆက်သည် ၎င်းတို့တာဝန်သာ ဖြစ်ကြောင်းဆိုသည်။

တမူးခရိုင်အတွင်း စစ်ကောင်စီပညာရေးအား အထောက်အကူပြုနေကြသည့် Non CDM ဆရာ/ဆရာမ များ၏ အမည်စာရင်းများ ရရှိပြီးသည့်အတွက် ၎င်းတို့အနေဖြင့် အရေးယူခြင်းမခံရမီ အမြန်ဆုံးနုတ်ထွက်ကြရန် သတိပေးထားသည်။

လာမည့် ၂၀၂၃ ခုနှစ် တရားမဝင် ရွေးကောက်ပွဲအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းနေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ဓာတ်ပုံနှင့် တကွ အချက်အလက်များ ရရှိပြီးသည့်အတွက် ၎င်းတို့၏ လုပ်ရပ်များအား ရပ်တန်းကရပ်ရန် ဆိုထားသည်။

ထို့အပြင် တမူးခရိုင် ခမိတ်ကျေးရွာတွင် စစ်ကောင်စီဒေါက်တိုင် ပျူစောထီး အဖွဲ့ ဖွဲ့စည်းရန် ကြိုးပမ်းနေမှုများအား ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ပြင်းထန်းစွာ သတိပေးလိုက်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ CIA – Tamu အနေဖြင့် ထောက်လှမ်းရေး ကွန်ရက်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် အချို့မြို့နယ်များတွင် အဖွဲ့ ခွဲများ တည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ရက် ယနေ့တွင် တော်လှန်ရေးကာလအတွင်း လိုအပ်လျက်ရှိသည့် သတင်းထောက်လှမ်းခြင်း ၊ သတင်းဖလှယ်ခြင်း ၊ စစ်မြေပြင်သတင်းထောက်လှမ်းခြင်း ၊ စစ်ကောင်စီ သူလျှို / ဒလန်များ ထောက်လှမ်းဖော်ထုတ်နိုင်ရန်အတွက် CIA – Yamethin အား တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ်၍ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူများသိရှိစေရန် တင်ပြသွားမည်ဖြစ်ကြောင်း နှင့် ပြည်သူများမှလည်း CIA – Yamethin လူမှုကွန်ရက်စာမျက်နှာမှ ဆက်သွယ်၍ သတင်း အချက်အလက်များ ပေးပို့နိုင်ကြောင်း CIA – Tamu ဒါရိုက်တာ သျှောင်ကြီးဗွေ နှင့် CIA – Yamethin တာဝန်ခံ ဒါရိုက်တာ နဂါးနက်တို့မှ ထုတ်ပြန် ကြေညာထားသည်။ mizzima

အဝေးပြေးကားလက်မှတ်ခ‌များ ထပ်မံမြင့်တက်

မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေ အနည်းငယ်ကျဆင်းလာပေမဲ့ အခုရက်သတ္တပတ်အတွင်း   နေပြည်တော်- ရန်ကုန် အဝေးပြေးကားလက်မှတ်ခ‌တွေ  ကျပ်ငွေ ၁၀၀၀ လောက်အထိ ထပ်မံမြင့်တက်လာပါတယ်။

နေပြည်တော်ဝန်ကြီးဌာနတခုမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း တစ်ဦးက” အရင်က ရန်ကုန်ကို အပတ်တိုင်းနီးပါး ပြန်ဖြစ်တယ်။ အဲ့ဒီတုန်းက နေပြည်တော်-ရန်ကုန် လက်မှတ်တစောင်ကို ၇၀၀၀/၈၀၀၀ ပဲရှိတယ်။ အခုတော့ ၁၇၀၀၀ ၊ အဲ့တာတောင် ရိုးရိုးကားပဲရတယ်။ VIP ဆို  နှစ်သောင်းကျော်၊ အခုတစ်ထောင်က ထပ်တက်သွားသေးတယ်။ ဆီဈေးနဲ့ မကိုက်လို့တော့ ပြောကြတာပဲ” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်၊ ဇူလိုင်လဆန်းလောက်မှာ စက်သုံးဆီဈေးဟာ 92 တစ်လီတာကို ကျပ် ၂၂၀၀ ဝန်းကျင်ရှိခဲ့ပြီး အခုရက်ပိုင်းမှာတော့ ၁၈၀၀ ဝန်းကျင်သာရှိတော့တာပါ။ ဒါဟာ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်စက်သုံးဆီဈေး ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

လယ်ဝေးမြို့နယ်က စက်သုံးဆီဆိုင်ဝန်ထမ်းတဦးက “အခုရက်ပိုင်းတော့ နည်းနည်းကျလာတယ်။ 92 ဆို တနေ့ကို  ၁၀၀ လောက် ကျတယ်။ 95 နဲ့ ပရီမီယံလည်း ကျတာပဲ။ ဒါပေပမဲ့ လိုသလောက်တော့ ဝယ်လို့ မရသေးဘူး။” လို့ ပြောပါတယ်။

အဝေးပြေးကားလက်မှတ်ခတွေဟာ ကိုဗစ်-၁၉ ရောဂါပိုးစတင်တွေ့ရှိတဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတက်လာတာဖြစ်ပြီး အဆိုပါအချိန်တုန်းက  ခရီးသည်တယောက်ကို  ခုံနှစ်လုံးနှုန်းနဲ့ စီးနင်းလိုက်ပါရတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ခရီးသည်တယောက်ကို  ခုံတလုံးစီ ပြန်လည်သတ်မှတ်ခဲ့ပေမဲ့ စက်သုံး‌ဆီဈေးမြင့်တက်မှုနဲ့အတူ ကားလက်မှတ်ခ‌တွေလည်း မြင့်တက်ခဲ့တာဖြစ်ပါတယ် DVB

« Older Entries