Monthly Archives: Jul 2022

ထီးလင်းမြို့နယ် ၊ ကင်းပန်းရွာအနီးတိုက်ပွဲဖြစ်

မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကင်းပန်းရွာမှာ ညအိပ်စခန်းချတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၁၅ ရက်နေ့က တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၄ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ PEOPLE’s DEFENCE FORCE-HTILIN (YRPA)က ထုတ်ပြန်ပါတယ်။

ကင်းပန်းရွာမှာ ညအိပ်စခန်းချတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀  လောက်ပါတဲ့ စစ်ကြောင်းကို  မနေ့မနက် ၈ နာရီခွဲလောက်မှာ  ကင်းပန်းရွာ‌မြောက်ဘက် လသာတောင်ခြေရင်း၊ အုန်းပင်တိုက်မှာ  ထိပ်တိုက်တွေ့ဆုံကာ နာရီဝက်လောက် တိုက်ပွဲဖြစ်တာလို့ဆိုပါတယ်။

YRPA တပ်ရင်းမှူး ဗိုလ်လရောင်က “ကျနော်တို့က ပြောက်ကျားတိုက်ဖို့ လက်နက်ကြီးပစ်ဖို့ရယ် လက်နက်ငယ်နဲ့ တိုက်ဖို့ရယ်စီစဥ်ထားတာပေါ့။ တိုက်ကွင်းထဲရောက်လာတဲ့အချိန်မှာ မိုင်းကတော့ မခင်းလိုက်ရဘူး။ ဒါပေမဲ့ လက်နက်ငယ်နဲ့ပစ် လက်နက်ကြီးနဲ့ပစ်ပြီးတော့ နာရီဝက်ခန့်အကြာ တိုက်ပွဲတိုက်လိုက်ရတယ်”လို့ပြောပါတယ်။

နောက်ထပ်တိုက်ပွဲ ထပ်မံဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပေမဲ့ တိုက်ကွင်းဆင်ထားရာ ဆည်အနီးက ကျေးရွာတွေက မတိုက်ဖို့တားခဲ့တာကြောင့် တိုက်ပွဲတစ်ပွဲသာ အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

“ဆည်ပေါ် အနီးနေရာမှာ မိုင်းခင်းပြီးတော့ တိုက်ကွင်းဆင်ထားတာပေါ့။ စစ် (-) တွေ မိုင်းကွင်းနား ရောက်ခါနီးမှာ ဆည်ပေါ် ၄ ရွာအုပ်စုက အကြီးအကဲတွေက ဆည်ပေါ်နား ဝဲယာတော့ မစ်ရှင်မဖော်ဖို့ပေါ့ မတိုက်ဖို့တားတော့  ကျနော်တို့က ပြည်သူတွေကိုပဲ ကိုးစားနေရတာ ပြည်သူအားပဲ အားကိုးနေရတာဆိုတော့ သူတို့ရဲ့စကားသံတွေ ပြောစကားတွေကိုလည်း လေးစားတဲ့အနေနဲ့ နောက်တစ်ပွဲမတိုက်ပဲနဲ့ပြန်ဆုတ်လာခဲ့တာ” လို့ PEOPLE’s DEFENCE FORCE-HTILIN (YRPA) တပ်ရင်းမှူး ဗိုလ်လရောင်က ပြောပြပါတယ်။

အဆိုပါကင်းပန်းရွာအနီးကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။  စစ်ကောင်စီတပ်သား ၄ ယောက်လောက် သေဆုံးနိုင်တယ်လို့ YRPA ကပြောပေမဲ့ ထိခိုက်သေဆုံး ဒဏ်ရာရသူ အရေအတွက် အတိအကျ ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ DVB

ထွက်ပြေးသွားသော စစ်ကောင်စီ၏ စစ် ကြောင်းထံမှ ဆက်သွယ်ရေးစက်နှင့် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကော်ဘရာစစ်ကြောင်း၏ လိုက်လံ တိုက် ခိုက် မှုကြောင့် ထိတ်လန့် ကြောက်ရွံ့လျက် ထွက်ပြေးခဲ့သော အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်းများက ကျန်ရစ်ခဲ့သော ဆက်သွယ်ရေးစက်နှင့် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။

ကော်ဘရာစစ်သည်များက နယ်မြေရှင်းလင်းရေး ဆက်လက်ပြုလုပ်ရာ ဇူလိုင်လ ၁၆ ရက်နေ့ ယနေ့တွင်

ဆက်သွယ်ရေးစက် အကြီး (၁) လုံး

ဆက်သွယ်ရေးစက် အသေး (၁) လုံး

၅.၅၆ကျည် (၄၀၀)ခန့်

စက်လက်ကျည် (၁၀၀)ခန့်

RPGဗုံးသီး (၁)လုံး

RPG ယမ်းတောင့် (၁) တောင့်

၆၀မမ ဗုံးသီး (၃) လုံး

၄၀မမ (၁၅) လုံး

အီနာကာ (၃)လုံး

ဖုန်း (၁)လုံး

ဆိုလာ (၁)ချပ် နှင့် အသုံးအဆောင်ပစ္စည်းများစွာ ကို သိမ်းဆည်းရမိခဲ့ကြောင်း ကော်ဘရာ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ khit thit

မောင်တောမြောက်ပိုင်းသို့ INGO၊ NGO အဖွဲ့များ သွားလာခွင့် ယာယီရပ်ဆိုင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းသို့  INGO၊ NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ယာယီ ရပ်တန့်လိုက်တဲ့အတွက် မြန်မာနိုင်ငံကြက်ခြေအသင်းရဲ့ ဇူလိုင် ၁၆ ရက် ဒီနေ့ ခရီးစဥ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

မောင်တောမြို့နယ် ကြက်ခြေနီရုံး တာဝန်ရှိသူတစ်ဦးက “မနေ့ကပြုလုပ်တဲ့ နယ်လုံအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မောင်တောမြောက်ပိုင်းကို သွားလာခွင့်တွေ မပြုတော့တာပါ။  ဒီနေ့ခရီးစဥ်တွေအားလုံး ဖျက်သိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ မောင်တောမြောက်ပိုင်းမှာ ဒေသခံပြည်သူတွေအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းတွေနဲ့  ရွှေ့လျားဆေးကုသမှုတွေကို ကျေးရွာ ၃၀ ကျော်မှာ ပြုလုပ်ပေးနေတာပါ။

အခုလို UN၊NGO၊INGO အဖွဲ့တွေရဲ့ လုပ်ငန်းတွေ ရပ်တန့် လိုက်တာကြောင့် ဝေးလံခေါင်ဖျားတဲ့ မောင်တောမြောက်ပိုင်းဒေသက ပြည်သူတွေ အခက်အခဲ့များစွာ ကြုံတွေ့လာနိုင်တယ်လို့ ဒေသတွေထံက သိရပါတယ်။

ဒေသခံ တဦးက “မောင်တောမြောက်ပိုင်းက ကျေးရွာတွေက WFP နဲ့ ICRC က ရိက္ခာထောက်ပံ့မှုနဲ့ ၂၀၁၇ ခုနှစ်ကတည်းက ရပ်တည်နေကြတာ။ အခုလို တားဆီးလိုက်တယ် ဆိုတော့ ငတ်လို့ သေကြရုံပါပဲ” လို့ပြောပါတယ်။

ဇူလိုင် ၁၅ ရက်က စစ်တွေမြို့မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာအစည်းအဝေးမှာ မောင်တောမြို့နယ်မြောက်ပိုင်းသို့ UN အဖွဲ့အစည်းတွေ အပါအဝင် NGO၊ INGO အဖွဲ့တွေနဲ့ အစိုးရဝန်ထမ်းတွေပါ ခရီးသွားခွင့် ယာယီ ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သက်ဆိုင်ရာ INGO အဖွဲ့တွေထံက သိရပါတယ်။ DVB

ပုသိမ်မြို့တွင် ရွေးကောက်ပွဲအတွက်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ ကောက်ယူနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက်ဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုစာရင်းများ လိုက်လံ ကောက်ခံနေကြောင်း ဒေသခံများထံက သိရသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ရပ်ကျေး စာရေးများက အဆိုပါ အုပ်ချုပ်ရေးမှူးများကို အိမ်ထောင်စုစာရင်းများ ကောက်ခံရန် စေခိုင်းသဖြင့် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ထွေအုပ် ရပ်ကျေးစာရေးတွေက ရပ်ကွက်တွေနဲ့ ရွာတွေကိုဆင်းပြီး ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေကောက် ခိုင်းနေတာပါ။အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေနဲ့ ပျောက်ပျက်သွားတဲ့ လူတွေရှိရင် အသစ်လုပ်ပေးမယ်လို့ပြောတယ်။အသက် ၁၈ နှစ် ပြည့်ပြီး မှတ်ပုံတင်မရှိသေးတဲ့လူတွေကို မှတ်ပုံတင်လုပ်ပေးမယ်လို့လည်း လိုက်ပြောနေတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ် ထောင်စုစာရင်းအား မိတ္တူသုံးစုံဆွဲကာ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့ပေးရန် စေခိုင်းနေကြောင်း ဒေသခံကဆက်လက်​ ပြောသည်။

“ပြည်သူတွေကတော့ သူတို့က အိမ်ထောင်စုစာရင်း ပေးဆိုပေး လိုက်တာပဲ၊သူတို့ကို အသိအမှတ်ပြုလို့တော့မဟုတ်ဘူး စကားနည်းရန်စဲ အ နေနဲ့ပဲ ပေးလိုက်တာပါ။သေချာတာကတော့ စစ်ကောင်စီဟာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ကျော်လွှားနိုင်တဲ့ အဆင့်မရှိတော့ဘူး” ဟု ဒေသခံကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်အားလုံး၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သား အစိုးရထံမှ အာဏာသိမ်းယူကာ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ် စားလှယ်များ၊ NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းများနှင့် NLD ပါတီဝင်များအား ဖမ်းဆီး အကျဥ်းချပြီးနောက် ရွေးကောက်ပွဲ ပြန် လည်ကျင်းပရန် စစ်ကောင်စီက စီစဥ်နေခြင်းဖြစ်သည်။

ထို့အ​​ပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) အား မှတ်ပုံတင် ပယ်ဖျက်ပြီး ပါတီ ခေါင်းဆောင်များကို နိုင်ငံတော် သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု စစ်ကောင် စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက မေလ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြု လုပ်သည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

“NLD ပါတီကို ဖျက်သိမ်းတယ်ဆိုတာလည်း လက်ခံမှာမဟုတ်သလို၊ မင်းအောင်လှိုင် ဦးစီးပြီးလုပ်နေတဲ့ ရွေးကောက်ပွဲကိုလည်း ပြည်သူလူ ထုတရပ်လုံးက လက်ခံမှာမဟုတ်ပါဘူး။သူတို့(စစ်ကောင်စီ)ဘက်က ရွေးကောက်ပွဲလုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့ကတော့ လက်နက်ကိုင်တော်လှန်နေဦးမှာပါ”ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝအသိအမှတ် ပြုမည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ဇူလိုင်လ ၉ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။ mizzima

စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ချက်ချင်းနုတ်ထွက်ရန် သတိပေး၊ တိုင်း၊ ခရိုင်၊ မြို့နယ် ၊ ရပ်ကွက်အဆင့်ဆင့် အရေးယူမည်ဟု လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာနိုင်အောင်ပြောဆို

စစ်ကိုင်းတိုင်းတစ်တိုင်းလုံးရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အားလုံး ချက်ချင်းနုတ်ထွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာ ကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိပေးထားကြောင်း စစ် ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာနိုင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင် စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြရန် သတိပေးခြင်းဖြစ်ပြီး ၁၀ ရက်အတွင်း နုတ်ထွက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မနုတ်ထွက်ပါက ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နှောင့်ယှက် ဖျက်ဆီးသူများဟု မှတ် ယူလျက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူမည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

“တိုင်းအနေနဲ့ ခရိုင်အဆင့်ဆင့်ကို ဆင့်ကဲ့ဆင့်ကဲ ကြေငြာချက်ထုတ်ပြန်ပြီး ခရိုင်အဆင့်ကနေ မြို့နယ်အဆင့် ရပ်ကျေးအဆင့်ဆင့်ကို ထပ်မံ ထုတ်ပြန် ကြေညာပြီး အရေးယူမှုတွေနဲ့ လုပ်ငန်းလုပ်ဆောင်မှာဖြစ်တဲ့အတွက် စစ်ကိုင်း တိုင်းတတိုင်းလုံး လွမ်းခြုံနိုင်ပါလိမ့်မယ်ဗျ” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဒေါက်တာနိုင်အောင်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ခရိုင်များတွင် စစ်တပ်လက်အောက်ခံ မြို့ နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ တာဝန်မှ နုတ်ထွက်ကြရန် သတိပေးချက်များ တောက်လျှောက်ဆိုသလိုထုတ်ပြန်လျက်ရှိနေသည်။ khit thit

တမူးမြို့ တရားရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ

အိန္ဒိယ- မြန်မာနယ်စပ်၊  စစ်ကိုင်းတိုင်း တမူးမြို့၊ စန္ဒကူးရပ်ကွက်ရှိ တရားရုံးမှာ ဇူလိုင် ၁၆ ရက် ဒီနေ့မနက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။

တမူးမြို့ခံတဦးက “မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အသံကြားလိုက်ရတာ။ တရားရုံးအတွင်း ပေါက်ကွဲမှုဖြစ်သွားခဲ့တာ။ အဆောက်အဦး တချို့ထိခိုက်ပျက်စီးနိုင်ပေမဲ့ သေချာတော့ မသိရသေးဘူး။ ရုံးဝန်းအတွင်းက ဝန်ထမ်းတွေတော့ ထိခိုက်မှုမရှိခဲ့ဘူး”လို့ ပြောပါတယ်။

ဒီနေ့မနက်ပိုင်းက တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ် ပွားနေပြီး တိုက်ပွဲတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

လတ်တလောမှာ တမူးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဘေးလွတ်ရာဒေသတွေမှာ နေထိုင်ကြဖို့ကို လည်းတမူး PDF က အသိပေးထားပါတယ်။ DVB

အင်္ဂဘိုရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ် သား ၁၀ဦး သေဆုံးဟုဆို

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းအမှတ် (၂) လေးဒေါင့်ကန် အနီးတွင် စစ်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား ၁၀ ဦး သေဆုံးကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တပ်ရင်း(၃)က ယနေ့ ဇူလိုင်လ ၁၆ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဇူလိုင်လ ၁၅ရက် နံနက် ၁၀နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း -(၃) နှင့် KNU/KNLA ပူး ပေါင်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံးခဲ့၍ ဒဏ်ရာရသူ ၁၅ဦးအထက်ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီယာဉ်၏ လုံခြုံရေးယူပေးသည့် ရှေ့ပြေး ကင်းပုန်းမှ စစ်ဗိုလ်တစ်ဦးထွက်ပြေးရာ ကားတိုက်သေဆုံးခဲ့ကြောင်း ဇူလိုင်လ ၁၅ရက် နေ့က ထုတ်ပြန်ထားသည်။ mizzima

ရခိုင်မြို့နယ်တချို့တွင် လူသတ်အလောင်းဖျောက်မှုများ တွေ့နေရ

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ယခုလအတွင်း လူသတ်အလောင်းဖျောက်မှုများ ဆက်တိုက်တွေ့လာနေရပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို ပြဆိုနေသည်ဟု ဒေသခံများက ဝေဖန်သည်။ 

ပြည်နယ်မြို့တော် စစ်တွေတွင် ယခုလ ၁၄ ရက်က ဆတ်ရိုးကျတံတားအနီး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မင်းဒရားချိတ်ရွာဟောင်းမှ လှေသမားတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုကျော်လှဌေးဆိုဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း ဆတ်ရိုးကျတံတားအနီးရှိ ဗျိုင်းဖြူကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက ပြောသည်။

“ဓားထိုးဒဏ်ရာနဲ့ သေတာဆုံးတာကတော့ မှန်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဲဒီဘက်မှာ အရက်သေစာသောက်စားပြီး ရန်ဖြစ်ကြတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ 

ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရေး သေဆုံးသူ၏ ညီဖြစ်သူနှင့် ထိုကျေးရွာမှ မသင်္ကာသူတချို့ကို စစ်တွေမြို့ရှိ အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်ဆေးနေသည်ဟုလည်း ဦးလှမောင်သန်းထံမှ သိရသည်။​

ယခုလ ၈ ရက်နှင့် ၉ ရက်နေ့များကလည်း ပေါက်တောနှင့် တောင်ကုတ်မြို့တွင် အမည်မသိရုပ်အလောင်း နှစ်လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ ချောင်းစပ်တွင် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွာခံအချို့ထံမှ သိရသည်။

အလားတူပင် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ သဲခုံကျေးရွာမြစ်ကမ်းစပ်တွင်လည်း ဇူလိုင် ၈ ရက်က ကြိုးဖြင့် တုပ်နှောင်ထားသည့် ရုပ်အလောင်းတစ်လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။ ယင်းနေ့မှာပင် သဲခုံရွာအနီး ပြိုင်းတောင်ကျေးရွာနှင့် ချိုင်ပြင်ကျေးရွာအကြားတွင်လည်း အလောင်းတစ်လောင်း တွေ့ရှိသည်ဟု ဒေသခံတို့က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းအနီး စစ်တွေဟိုတယ်အနောက်ဘက် ရှုခင်းသာလမ်းဘေးတွင်လည်း ပြီးခဲ့သည့်လများအတွင်း သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။ 

“ဒီနှစ်အစောပိုင်းကနေ ဒီလအထိ စစ်တွေမှာ လူသေအလောင်းတွေ့ရှိခဲ့တာ လေးလောင်းရှိပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ကျွန် တော်တို့ မသိရဘူး” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအပြင် အလောင်းဖျောက်သတ်ဖြတ်မှုများပါ ရှိလာသ ဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် စိန်ခေါ်မှုဖြစ်လာကြောင်း စစ်တွေမြို့ခံတို့က ဆိုသည်။ 

စစ်ကောင်စီ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု အားနည်းချက်ကြောင့် ယခုကဲ့သို့ အမှုအခင်းများ ပေါ် ပေါက်လာသည်ဟု ထင်မြင်ကြောင်း ရခိုင်အခြေစိုက်လူမှုအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

“ရာဇဝတ်မှုကျူးလွန်တဲ့ အမှုကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ တရားဥပေဒေပိုင်းကနေပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတယ်ဆိုတဲ့အပိုင်းတွေကိုလည်း တွေ့ရပါတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

ဒုစရိုက်မှု ပေါများလာခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဒေသတွင်း လူ့အခွင့်အရေးစောင့်ကြည့်သူတစ်ဦးဖြစ်သူ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။ 

“အစိုးရက နှစ်ရပ်ပုံစံဖြစ်နေတယ်။ ရဲတွေကလည်း ညဆိုရင် အပြင်ကိုထွက်လို့ ကင်းလှည့်ပြီးတော့ လုံခြုံရေးလုပ်တာတွေ မရှိ။ အဲဒါကြောင့် ခိုးဆိုးလုယက်မှုတွေ ရှိနေတာ” 

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတို့အကြား အားပြိုင်မှုရှိနေပြီး ပြီးခဲ့သည့်လပိုင်းက နှစ်ဖက်စစ်ရေးအခြေအနေ တင်း မာကာ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ၎င်းတို့ကိုယ်ပိုင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီကလည်း ဟန့်တား နှောင့်ယှက်မှုများ ရှိခဲ့သည်။​

“လက်ရှိအစိုးရမှာ တာဝန်အရှိဆုံးလို့ ပြောလို့ရမယ်။ တစ်ဖက်မှာကလည်း အုပ်ချုပ်ရေးပုံသဏ္ဍာန် နှစ်ခုရှိနေတဲ့အနေအထားမျိုး အခြေအနေမှာ ပြည်သူလူထုတွေအတွက်ကျတော့ ရပ်တည်နေထိုင်ရတဲ့ ပုံစံက အခက်အခဲရှိနိုင်ပါတယ်” ဟု လူမှုအဖွဲ့အစည်းမှ အမျိုးသမီးက ပြော သည်။ myanmar now

လောင်းလုံး၊ တမူး၊ ခင်ဦး၊ ပဲခူး၊ သထုံ၊ မြစ် ငယ်နှင့် ဝမ်းတွင်းတို့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပျူစောထီး နှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ် ခတ် တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး

မန္တလေး၊ မွန်၊ တနင်္သာရီနှင့် စစ်ကိုင်းတိုင်း တို့တွင် တရားသူကြီးချုပ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ များ ကို အမည်မသိ သေနတ်သမားများနှင့် ကာကွယ်ရေး တပ်ဖွဲ့များက ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လောင်းလုံးတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

================================

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာ အုပ်စု ပိန္နဲတောရွာတွင် နေထိုင်သော ပျူစောထီးအဖွဲ့ဝင် ထွန်းထွန်းဝင်းကို ဇူလိုင် ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အမည်မသိ သေနတ် သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးသူ ထွန်းထွန်းဝင်းသည် အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ပေးထားသော ပျူစောထီး အဖွဲ့ဝင်တစ်ဦးပြီး စစ်တပ်က ကျေးရွာများကို ဆင်းလာချိန်တွင် CDM ဆရာ၊ ဆရာမများအား လိုက်လံဖမ်းဆီးရာ၌ ၎င်းကိုယ်တိုင် လမ်းပြပေးကာ လောင်းကစားဝိုင်း များကိုလည်းငွေကြေးယူ၍ ပြုလုပ်ခွင့်ပေးထားသူ ဖြစ်ကြောင်း သိရသည်။

တမူးမြို့တွင် ပျူစာထီး အဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

=================================

စစ်ကိုင်းတိုင်း တမူးမြို့တွင် ပျူစောထီး အဖွဲ့ဝင်၂ ဦးကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ABSDF တမူးမြို့ တပ်ရင်း ၅ က ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပွဲချင်းပြီး သေဆုံးခဲ့​ပြီး ABSDF – Battalion 5 မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်တပ် သတင်းပေးဟု သတ်မှတ် ခံရသူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

===========================================

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကျေး ရွာအတွင်း ခေါ်ဆောင်ပြီး ထောက်ပံ့မှု ပြုလုပ်နေသော စစ်တပ် သတင်းပေးဟု သတ်မှတ် ခံရသူ ၂ ဦးကို ဇူလိုင်လ ၁၅ ရက်နေ့တွင် N.L.G.R.F အဖွဲ့မှ ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၂ ဦးသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ အတွက် လိုအပ်ချက်များကို အလုပ်အကျွေးပြုနေသော စကစ လက်ပါးစေများ ဖြစ်သည့် အတွက် N.L.G.R.F အဖွဲ့မှ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Narapati Local Guerrilla Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

မိတ္ထီလာတွင် ပျူစောထီး အဖွဲ့ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

=================================

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကျင်ရွာတွင် နေထိုင်သော ပျူစောထီးအဖွဲ့ဝင် ဂျော်ကာကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဝမ်းတွင်းမြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးအင်အားစု (WTRF) တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံး ဂျော်ကာ၏ သားနှင့်သားမက်တို့သည် စစ်သားများ ဖြစ်ပြီး ၎င်းတို့ကို အားကိုးကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ခြင်း စစ်သားများနှင့် ရော ၍ရပ်ရွာနေ ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို သယ်ယူခြင်း ကျေးရွာအတွင်းရှိ ပျူစောထီး ၁၀ ဦးကို အစည်းဝေးများ ပြုလုပ်ပြီး ရပ်ရွာရှိ ပြည်သူများကို မဟုတ်မမှန်သတင်းများ လွှင့်ကာ ခြိမ်းခြောက်ခြင်းများပြုလုပ်သောကြောင့် WTRF အဖွဲ့က အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ပြင်ဆင်ခြင်း မရှိသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သထုံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

======================================

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး လှတင်ကို ဇူလိုငါလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် သထုံ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ လှတင်သည် NLD ရပ်ကျေး ဥက္ကဌ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် စစ်တပ်နှင့် ပူးပေါင်းကာ စစ်တပ်ကို သတင်းပေး လုပ်ဆောင်လျက်ရှိကြောင်း၊ NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူ လူငယ်များကို လိုက်လံ ထောက်လှမ်း ဖမ်းစီးမှုများ လုပ်ဆောင်နေသောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သထုံ ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

မြစ်ငယ်တွင် Non CDM မီးရထားဝန်ထမ်း လုံခြုံရေး ဇာခြည်နိုင်ခတ်ခံရပြီး သေဆုံး

==========================================

မန္တလေးတိုင်း၊ မြစ်ငယ်မှ Non CDM မီးရထားလုံခြုံရေး ဝန်ထမ်း ဇာခြည်နိုင် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ဇာခြည်နိုင်(ခ) ဖက်တီး သွေးတွေ အိုင်ပြီး သေနေတယ်။ စစ်သားတွေတော့ အများကြီးပဲ။ မြစ်ငယ်မြို့မှာ အိမ်တွေ ဖျက်တုန်းက သူပါခဲ့တာ။ မြစ်ငယ် စျေး တောင်ဘက်နား ဒိုဘီကုန်း အတက်နား၊ ကျောင်းအရှေ့မှာ ဒီနေ့ မနက် ၈ နာရီခွဲ လောက်က အသတ်ခံရတာ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

ပဲခူးတွင် ရာအိမ်မှူး ဘိုကျော် ဓားခုတ်ခံရပြီး သေဆုံး

=============================

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ပဲခူးတိုင်း၊ပဲခူးမြို့၊ ပြည်တော်သာရပ်ကွက် ၊ရာအိမ်မှူးဘိုကျော်ကို ရန်ငြိုးရှိသူတစ်ဦးက ဓားဖြင့် အိမ်ပေါ် တက်ခုတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဓားဖြင့်ခုတ်သူကို ဖမ်းမိခြင်းမရှိဘဲ ဓားခုတ်သူ၏ မိသားစုဝင်အားလုံးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

“နိုင်ငံရေးမဟုတ်ဘူး။ ရန်ငြိုးနဲ့တက်ခုတ်တာ။ ခုတ်တဲ့သူ မိသားစု ကလေးတွေပါ ဖမ်းထားတယ်ပြောတယ်” ဟု ပဲခူးမြို့ခံ အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောသည်။ khit thit

SSPP တပ်စခန်းတွေကို ဆုတ်ပေးရေးကိစ္စ ၇ရက်တွင်းအကြောင်းပြန်ဖို့ စစ်ကောင်စီဆို

ရှမ်းပြည်တောင်ပိုင်းမိုင်းရှူးဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၏ တပ်စခန်း သုံးခု ဖယ်ရှားရေးနှင့်ပတ်သက်ပြီး ခုနှစ်ရက်အ တွင်း အကြောင်းပြန်ရန် စစ်ကောင်စီက တောင်းဆိုလိုက်ကြောင်း SSPP ၏ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးစိုင်းဖုန်းဟန်ထံမှသိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့ အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဦးစီးဌာနတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ် ချုပ်​ကြီး​ရာပြည့် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် SSPP ဘက်မှ ဒုဥက္ကဌစဝ်ခွန်ဆိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပြီးနောက် ထိုကဲ့သို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ဘက်က ဒုဥက္ကဌ (၁)၊(၂ ) စဝ်ခေးတိုင်းနဲ့စဝ်ခွန်ဆိုင်ဦးဆောင်တယ်၊ဟိုဘက်ကဗိုလ်ချုပ်ရာပြည့်နဲ့တိုင်းမှူးတွေ၊နေပြည်တော်ကအ ရာရှိတွေပါတယ်၊အဓိကကတော့ မိုင်းရှူးကတပ်စခန်းကိုဆုတ်ဖို့မဆုတ်ဖို့ကိစ္စဆွေးနွေးတာပေါ့၊သူတို့ကတော့ ခုနှစ်ရက်တွင်းဆုတ်နိုင် မဆုတ်နိုင် အကြောင်းပြန်ခိုင်းတယ် ” ဟု ဗိုလ်မှူးစိုင်းဖုန်းကပြောသည်။

စစ်ကောင်စီက မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP တပ်စခန်း သုံးခုကို ဇွန်လ အစောပိုင်းကတည်းက ဆုတ်ခွာပေးရန်စာပို့ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားဆုတ်ရန် တောင်းဆိုခဲ့သော်လည်း SSPP ဘက်မှဆုတ်ခွာပေးခဲ့ခြင်းမရှိဘဲ ဇွန်လ နောက်ဆုံးပတ်တွင် မိုးမိတ်မြို့နယ်၌ စစ်ကောင် စီတပ်များနှင့် SSPP တို့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လက်ရှိတွင်မူ တပ်စခန်းဆုတ်မည်မဆုတ်မည်ကို ဗဟိုရ်ကော်မတီကဆုံးဖြတ်မည်ဖြစ်သဖြင့် အခြေအနေကိုမသိရသေးကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်ကပြောဆိုသည်။ mizzima

« Older Entries