Monthly Archives: Jul 2022

စစ်တပ်ပိုင် Mytel တာဝါတိုင်ကို လက်နက်နှင့် မိုင်းလုပ်ရန် ဖြိုလှဲချ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်ကို လက်နက်နှင့်မိုင်းလုပ်ရန်ယမန်နေ့က ဖြိုလှဲချလိုက်ကြောင်း MG ၆ ပျောက်ကြားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။

“ရေစကြိုမြို့နယ်ထဲက Mytel တိုင်ကို လက်နက်နဲ့ မိုင်းတွေ လုပ်ဖို့ လှဲတာပါ…အရင်ကတော့ပြည်သူ့စိုက်ခင်းတွေရှိလို့ တိုင်မလှဲဘဲ လိုအပ်တာတွေပဲ ဖြုတ်တာခင်ဗျ…အခုကတော့ လက်နက်နဲ့ မိုင်းတွေ ပိုလိုအပ်လာလို့ တောင်သူသိမ်းချိန် စိုက်ခင်းတွေမရှိခင် လှဲလိုက်တာပါ…Mytel တာ၀ါကနေလုပ်ထားတဲ့ မိုင်းသုံးလုံးနဲ့ မိုင်းခွဲပြီးလှဲခဲ့တာဗျ။ ဒီဘက်မှာတော့ စစ်ကောင်စီထောက်တိုင် Mytel တာ၀ါတွေကို အရင်က စက်တွေပစ္စည်းတွေဖြုတ်ပစ်ကြတာ…တိုင်လှဲဖို့ကျ စိုက်ခင်းတွေပျက်စီးမှာမို့ဗျ..အခုရေတက်ချိန်တောင်သူသိမ်းချိန်မှာ လက်နက်ပစ္စည်း ပိုလိုအပ်လာတာနဲ့ တိုင်တွေပါလှဲတာပါ”ဟု MG6 ပျောက်ကျားတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ khit thit

မင်းတုန်းတွင် အမျိုးသား ၂ ဦးအား စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီး

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၄ ရက်နေ့တွေက မကွေးတိုင်း မင်းတုန်းမြို့မှာ ဆေးလာဝယ်သူတယောက်နဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူဟောင်း ပါ လာတဲ့ ဒေသခံတယောက်ကို စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက မင်းတုန်းအနောက်ဘက် ရခိုင်ရိုးမတောင်ပေါ်မှာ PDF တွေရှိတယ်၊ PDF တွေကို ထောက်ပို့လုပ်နေတယ်ဆိုပြီး မင်းတုန်းအ ထွက် ပြောင်နဲ့ သီးပင်ကုန်းကျေးရွာတွေမှာ ဂိတ်ဖွင့်ပြီး ဈေးလာဝယ်သူတွေကို အ၀င်အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၁၂ ရက်နေ့က ဆေးလာဝယ်တဲ့ ယင်းဂေါက်ကျေးရွာက ကိုဂွေကို စစ်ဆေးရာမှာ ထိုးဆေးတချို့၊ ပတ်တီးနဲ့ ပိုးသတ်ဆေးတွေပါလာတာကြောင့် PDF တွေကို ဆေးကုပေးဖို့ ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာလို့ ယင်းကောက်ရွာဒေသခံတယောက်က ပြောပါတယ်။ 

ရိုက်နှက်ဖမ်းဆီးခံရတဲ့ ကိုဂွေကို မင်းတုန်းဆေးရုံမှာ တင်ထားပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဆေးရုံ အသိုက်အဝန်းက သိရပါတယ်။

ဇူလိုင် ၁၄ ရက်ကလည်း မင်းတုန်းမြို့ကနေ တောင်ပေါ်စိုက်ခင်းကို ဆိုင်ကယ်နဲ့သွားတဲ့ ကိုရွှေ၀င်းဟာ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စစ်ဆေးရေးဂိတ်ကစစ်တော့ သူ့ပိုက်ဆံအိတ်ထဲမှာ ဟိုတုန်း ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ငွေစက္ကူဟောင်းကို တွေ့လို့ ဖမ်းလိုက်တာ၊ သူ့ကိုလည်း ရိုက်ပြီးဖမ်းသွားတာ၊ အခုထိ အိမ်နဲ့ ပေးမတွေ့ဘူး။ သူတို့က ဈေးလာဝယ်ရင် အထုပ်ကြီးကြီးတွေနဲ့ဆိုရင် အကုန်သိမ်းတာ၊ တခု နှစ်ခုလောက်ပဲ ပေးသယ်တယ်။ ကော်ဖီမစ်လိုဟာတောင် သိမ်းတယ်၊ ဘာမှများများစား စားဝယ်မရဘူး။ အများကြီး၀ယ်ရင် PDF အတွက်ဆိုပြီး သိမ်းဆည်းပြီး ရိုက်တော့တာပဲ၊ မထင်ရင် အဖမ်းပါခံရတယ်။”

မင်းတုန်းမြို့မှာ စစ်ဆေးရေးဂိတ်တွေက မြို့အ၀င်ဂိတ်၊ တောင်ပေါ်ကရွာတွေကိုသွားတဲ့ ပြောင်ရွာမှာ ဂိတ်တခု၊ သီးပင်းကုန်းကျေးရွာမှာ ဂိတ်တခု စစ်ကောင်စီတပ်က ချထားပြီး စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဒါ့အပြင် တောင်ပေါ်ရွာအားလုံးကို PDF ထောက်ပို့လုပ်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ လမှစတင်ကာ ရွာတွေကနေနှင်ထုတ်ပြီး အိမ်တွေကိုပါ ဖျက်သယ်ခိုင်းထားကြောင်း၊ ဒါပေမဲ့ အများစုက လူတွေသာ ရွှေ့ပြောင်းတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မြိတ်တွင် စစ်ကောင်စီထံလက်နက်ချသူများအတွင်း တပ်ပြေး ၁ ဦးပါဝင်နေ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိဟုဆိုကာ စစ်ကောင်စီထံ လက်နက်ချသူ သုံးဦးအနက်တစ်ဦးမှာ လူသတ်မှုကျူးလွန်ထားသည့်တပ်ပြေးတစ်ဦးပါဝင်နေကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။

အဆိုပါ PDF အဖွဲ့ဝင်သုံးဦးသည် သေနတ်နှစ်လက်နှင့် အတူအလင်းဝင်လာသည်ဟု ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဝါဒဖြန့်လူမှုကွန်ရက်တစ်ခုတွင် ဖော်ပြထားသည်။

မြိတ်မြို့၊ နယ်မြေခံတပ်သင်တန်းကျောင်းခန်းမ၌ အဆိုပါသုံးဦးကို စစ်ကောင်စီက အခမ်းအနားဖြင့် လက်ခံပွဲပြုလုပ်ခဲ့ကြောင်း ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

“ အခု စစ်တပ်ကိုသွားပြီးအလင်းဝင်တဲ့အထဲမှာ PDF အဖွဲ့စည်းတစ်ဖွဲ့ကထွက်ပြေးသွားတဲ့ တပ်ပြေး တစ်ဦးပါဝင်နေတယ်။ နောက်ပြီး သူကလူသတ်မှုနဲ့ ပြစ်မှုကျူးလွန်ထားသူ တစ်ဦးဖြစ်နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)၊ တပ်ရင်း(၂)တာဝန်ခံကပြောသည်။

အလင်းဝင်သည်ဟုစစ်ကောင်စီမှ ဝါဒဖြန့်ထားသူများအနက် လူသတ်မှုကျူးလွန်ထားသည့် တပ်ပြေးဖြစ် သူမှာ ဦးချစ်ကောင်း(ခ)ဆန်းနိုင်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

၎င်းသည် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နေသူဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူနှင့်အတူ စစ်ကောင်စီထံ လက်နက်ချခဲ့ကာ ကျန်တစ်ဦးမှာ မည်သူ၊ မည်ဝါဖြစ်ကြောင်း မသိရသေးပေ။

လက်ရှိ စစ်ကောင်စီထံဘက်ပြောင်းသူများထဲတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင်ဖော်ပြထားချက်အရ သိရသည်။ mizzima

လောင်းလုံးတွင် ပျူစောထီးအဖွဲ့ဝင် တဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာမှာ ဇူလိုင် ၁၇ ရက်၊ ည ၈ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင် အမျိုးသားတဦး သေ နတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အသက် ၅၂ နှစ်ရှိ ဦးကျော်စိုးဟာ ကြံ့ခိုင်ရေး ပါတီဝင်လည်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Dawei Defense Team_ DDT တပ်ခွဲ (၃)တို့ကတော့ အဲဒီပစ်ခတ်မှုကို ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ အသီးသီးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဦးကျော်စိုးဟာ စစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် တယောက်ဖြစ်ပြီး ခါးကြားသေနတ်ထိုး သွားလာလေ့ရှိသူ တယောက်ဖြစ်သလို ကျေးရွာအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရာမှာ လမ်းပြပေး သူ တယောက်လည်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိ ပါဘူး။

ညင်းမော်ရွာခံ တဦးကတော့ “သူက သူ့မှာ သေနတ်ရှိတယ်ပြောပြီး အရက်ဆိုင်မှာ သူ့ သူငယ်ချင်းတွေကို ထုတ်ပြဖူးတယ်လို့တော့ ကြားဖူးတယ်။ သေနတ်ခါးကြားထိုးပြီး ရွာထဲ သွားနေတာမျိုးတော့ ကိုယ်တိုင်မတွေ့ဖူးဘူး။ CDM ဝန်ထမ်းတွေ သပိတ်မှာပါတဲ့လူငယ်တွေတော့ သူ့ကို သတိထားပြီး စောင့်ကြည့်ကြတယ်။ စစ်တပ်လာဖမ်းတဲ့အချိန် လမ်းပြလုပ်ပေးတယ်ဆိုတာ တော့ အတိအကျမပြောနိုင်ဘူး” လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ပန္ဒလဲကျေးရွာ၊ ဝဗျောကျေးရွာ၊ ဝေဒီကျေးရွာ၊ ဂေါ့အင်းကျေးရွာနဲ့ ကဒက်ကြီးကျေးရွာတွေမှာ ပျူစောထီးအဖွဲ့ဝင်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု တွေနဲ့ ပတ်သက်သူတွေကို ပစ်ခတ်သတ်ဖြတ်တဲ့ဖြစ်စဥ်တွေရှိခဲ့ပေမယ့် ညင်းမော်ကျေးရွာမှာတော့ အဲဒီလို ဖြစ်စဥ် မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လအတွင်းကတော့ ညင်းမော်ကျေးရွာက အသက် ၅၀ အရွယ် ဒေါ်မိချိုဆိုသူ အမျိုးသမီး တဦးကို စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်း ဆီးခဲ့ပြီး ဘာကြောင့် ဖမ်းဆီးခံရလဲဆိုတာကိုတော့ မသိရပါဘူး။

လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ပိန္နဲတောကျေးရွာမှာလည်း ဇူလိုင် ၁၆ ရက်၊ မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်၊ ပျူစောထီးအ ဖွဲ့ဝင် ဦးထွန်းထွန်းဝင်းဆိုသူ စစ်ကောင်စီသတင်းပေးလုပ်လို့ ဆိုကာ ပစ်သတ်ခံခဲ့ရပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားသူတွေကတော့ ညင်းမော်ကျေးရွာမှာ သပိတ်လှုပ်ရှားမှုတွေ မကြာခဏပြုလုပ်လေ့ရှိပြီး ပစ် ခတ်မှုဖြစ်ပွားတဲ့ ဇူလိုင် ၁၇ ရက်၊ ညနေပိုင်းကလည်း ညင်းမော်ကျေးရွာမှာ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါသေးတယ်။ DVB

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သား ၁ ဉီး CDM ပြုလုပ်

ချင်းပြည်နယ် မတူပီမြို့အခြေစိုက်စစ်ကောင်စီတပ်မှ တပ်သားတစ်ဉီး CDM ပြုလုပ်လာကြောင်း ချင်း ကာကွယ်ရေးတပ်ဖွဲ့(မတူပီ) CDF – Matupi က ဇူလိုင်လ ၁၈ ရက် ယနေ့ ထုတ်ပြန်ထားသည်။

မတူပီမြို့အခြေစိုက် ခ.မ.ရ(၃၀၄)မှတပ်သားဖြစ်သူ ဖြိုးဝေဉီး (၁၂/တတ(နိုင်) ၁၂၄၇၁၁၅ (ကိုယ်ပိုင်အမှတ် တ/၅၁၀၀၉၂ သည် ပြီးခဲ့သော ဇွန်လ ၁၀ ရက်နေ့က CDM ပြုလုပ်လာခဲ့ကြောင်း ဆိုသည်။

“ပြည်သူကို သတ်ဖြတ်တဲ့ စစ်တပ်မှာ မနေချင်တော့လို့ လူကိုလူလိုမဆက်ဆံဘဲ စာနာမှုမရှိတဲ့အတွက် အခုလို CDM ပြုလုပ်လာခဲ့တာလို့ သူကပြောတယ်” CDF – Matupi တာဝန်ရှိသူတစ်ဉီးမှပြောသည်။

အဆိုပါ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှာ လက်နက်ယူဆောင်လာနိုင်ခြင်းမရှိသော်လည်း နွေးထွေးစွာကြိုဆိုပြီး CDF – Matupi မှ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရ သည်။

ဇူလိုင်လ ၁၅ ရက်နေ့ကလည်း မတူပီမြို့အခြေစိုက် ခ.လ.ရ (၁၄၀)တွင် စစ်ဗျူဟာ ထောက်လှမ်းရေး တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးသန်းနိုင်ဝင်း အား CDF – Matupi မှ ရှင်းလင်းခဲ့ကြောင်း ကြေညာ ချက်ထုတ်ပြန်ထားသည်။ mizzima

Tiger King ပြောက်ကျားတပ်ဖွဲ့ မောင်းပြန် သေနတ်လိုအပ်၊ ကူညီလှူဒါန်းပေးရန် မေတ္တာ ရပ်ခံ

ဝက်လက်မြို့နယ် Tiger King ပြောက်ကျားတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်နဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ မောင်းပြန် သေနတ် မရှိတာကြောင့် လက်လုပ် သေနတ်တွေနဲ့ တိုက်ပွဲဝင်နေရပြီး မောင်းပြန်သေနတ် လိုအပ်နေတယ်လို့ သိရပါတယ်။

“မောင်းပြန်သေနတ် လိုအပ်တယ်။ တပ်ရင်းတခုမှာ လူ ၄၀၀ ရှိရင် အနည်းဆုံး မောင်းပြန်သေနတ် ၂၀၀ လောက် လိုပါတယ်။ အဝေးပစ်ကို စကေးကျပစ်နိုင်မယ့် လက်နက်ကြီးမျိုး လိုအပ်ပါတယ်။ ပြီးတော့ Mi35 ရဟတ်ယာဉ်တို့၊ ဂျက်ဖိုက်တာတို့ လာလို့ရှိရင် ပစ်လို့ရမယ်။ လက် နက်ကြီး RPG မှန်သမျှ လိုတယ်။ ဒုံးလည်း လိုတယ်။ ဒုံးဝယ်ဖို့အတွက် ရန်ပုံငွေ အဲဒီလောက်ကြီးထိ မလုံလောက်ပါဘူးဗျ” လို့ Tiger King ပြောက်ကျားတပ်ဖွဲ့က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

လတ်တလောမှာ လက်လုပ်တူမီး ကိုးလုံးကျည်သေနတ်တွေနဲ့ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်အောင် ကြိုးစားနေပြီး ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Tiger King ပြောက်ကျားတပ်ဖွဲ့) မှ လက်နက်ကြီးတွေကို အရင်ထက် ပိုမိုထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

“မောင်းပြန်သေနတ် တလက်မှမရှိတာကြောင့် တတ်နိုင်တဲ့ ပြည်သူတွေအနေနဲ့ ကူညီပေးစေချင်ပါတယ်။ ကျနော်တို့ တပ်ရင်းမှာ မောင်းပြန်တလက်မှ မရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ရိုက်ဖြစ်စေ၊ ကလစ်ပြီးတော့ ဖြစ်စေ၊ လှူနိုင်တဲ့လူကလှူ ကူနိုင်တဲ့လူကကူ ပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။ ကျနော်တို့ မောင်းပြန်တော်တော်ကြီးလိုအပ်နေပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ လုံးဝအဆင်မပြေပါဘူး။ မောင်းပြန်ဖားခုံဆွဲတာနဲ့ ကိုးလုံးကျည် လက်လုပ်တူမီး ထုတာနဲ့က ဘယ်လိုမှယှဉ်တို့ မရပါဘူး။ ကျနော်တို့ PDF တွေ၊ ပြည်သူ့အချစ်တော်တွေ ကျတာဆုံးတာ ကွယ်ပျောက်သွားတာ မမြင်ချင်ရင် တတ်နိုင်တဲ့ ပြည်သူတွေ တတ်နိုင်သမျှ လှူပြီးတော့ မတတ်နိုင်တဲ့ ပြည်သူတွေ ကြိုးစားအားဖြည့်ကူညီပေးကြပါအုံးလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ” လို့ Tiger King ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်မှာ ယခင် ဆန္ဒပြစဉ်အချိန်တွေက တညအိပ်လောက်ပဲ  စစ်ကြောင်းဝင်ခဲ့ပေမဲ့ အခု တခါဝင်ရင် အနည်း ဆုံး ၃ ကြိမ်လောက် ဝင်ရောက်နေပြီး တကြိမ်မှာ တပတ်လောက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ 

ဒါ့ပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာလူနေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာအတွင်းက ဆန်၊ ဆီ၊ ဆား၊ ရိက္ခာခြောက်တွေအပြင် ပြည်သူတွေရဲ့ ဖိနပ်တွေပါ ခိုးယူလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မောင်တောမြောက်ပိုင်းတွင် စစ်ကားတစ်စီး မိုင်းဆွဲခံထားရပြီး ပစ်ခတ်သံများ ထွက်ပေါ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတရိမ်း(မြို)ကျေးရွာနှင့် မြဝတီကျေးရွာအနီးတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ စစ်တပ်က ကားတစ်စီးမိုင်းဆွဲခံရ၍ ပျက်စီးသွားကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

မြဝတီကျေးရွာအနီးတွင် မြန်မာ စစ်တပ်ကားစီးကိုမိုင်းဆွဲခံရသည့် အပျက်အစီးများကိုမြင်တွေ့ရကြောင်း ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း မင်္ဂလာညွန်တောင် ထိပ်တွင် ရှိသည့် မြန်မာ စစ်တပ်က လက်နက်ကြီးများဖြင့် ၄ ကြိမ်တိတိ ပစ် ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြဝတီကျေးရွာတစ်ဦးက”နှစ်ဖက် ပစ်ခတ်သံတွေကြားရတယ်။ ရွာနား လမ်းမပေါ်က ကားတစ်စီးလည်း မိုင်းဆွဲခံထားရတာတွေ့တယ်။ ရွာသားတွေကတော့ ပစ်ခတ်သံ ထွက်လာကတည်းက ရွာအပြင်မထွက်ဘဲ စာသင်ကျောင်းမှာ နေကြတယ်။ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ လေးကြိမ်ကြိမ်တိတိ ပစ်တယ်”ဟုပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ မောင်တောမြို့နယ်၊ တရိမ်း(မြို)ကျေးရွာ တောင် ဖက် တစ်မိုင်ခန့်တွင် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည် တရိမ်း(မြို) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ပြောသည်။

“ပထမကတော့ လက်နက်ငယ်ပစ်ခတ်သံ အချက် ၁၀ ကျော်လောက်ကြားတယ်။ အဲဒါပြီးတော့ လက်နက်ကြီးသံတစ်ချက် ကြားလိုက်ပါတယ်။ တိုက်ပွဲဖြစ်၊ မဖြစ်ကို ကျနော်တို့လည်း မပြောတတ်ဘူး။ အပြင်ကိုလည်း တစ်ယောက်မှ မထွက်ရဲကြဘူး။ သတင်းအတိအကျလည်း မရဘူး”ဟု ပြောသည်။

နှစ်ဖက်ပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးမှုနှင့်ပတ်သက်၍ မည့်သည့်အဖွဲ့နှင့် ပစ် ခတ်မှုဖြစ်ပွါးသည်ကို မသိရသေးဘဲ အဆိုပါ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည့်နေရာတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ကတည်းက စစ်ရေးတင်းမာမှုများရှိခဲ့ကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ အနီးပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်၊ ရက္ခိုင့်တပ်တော် AA၊ ARSA လက်နက်ကိုင်အဖွဲ့တို့ လှုပ်ရှားမှုရှိကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွါးမှုကို အသေးစိတ် သိရှိနိုင်ဖို့ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ယင်းပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံကျေးရွာသားများအနေဖြင့် ထွက် ပြေး တိမ်းရှောင်ခြင်း မရှိသေးသော်လည်း တော၊ တောင် သို့ အလုပ်လုပ်ရန် မသွားရဲကြတော့ဘဲ ဖြစ်နေကြကြောင်း သိရှိရသည်။

ယင်းအပြင်ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီး ကျေးရွာသို့ ယနေ့ ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်သားများ ရောက်ရှိလာ၍ ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အင်အား ၃၀ ခန့်ရှိသည့်စစ်ကောင်စီတပ်သားများသည် ပြားချောင်းကြီးကျေးရွာသို့ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရောက်ရှိလာကြပြီး ၁၀ နာရီကျော် ဝန်း ကျင်တွင် ပြန်လည်ထွက်ခွာသွားကြသည်ဟု ကျေးရွာသားများက ပြောဆိုသည်။ khit thit

မိုးကုတ်မြို့တွင် ပြည်သူတဦးကို စစ်တပ်က ပစ်သတ်

မန္တလေးတိုင်း မိုးကုတ်မြို့နေ ပြည်သူတဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၁၃ ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးချိန် ဖုန်းထဲ ဒေါ်အောင်ဆန်းစုကြည်ပုံပါတာကြောင့် နေရာတင်ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပစ်သတ်ခံရသူက မိုးကုတ်အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်က ကျောက်သွေးဆရာဖြစ်ပြီး စစ်တပ်က တအိမ်တက်ဆင်းလိုက်လံစစ် ဆေးချိန်မှာ ပစ်သတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

“ကျောက်သွေးဆရာဖုန်းထဲမှာ အမေစုပုံတွေ့လို့ဆိုပြီး ပစ်သတ်သွားတာ။ အမေးအမြန်းလည်းမရှိဘူး၊ ပိုက်ဆံလည်း သိန်း ၂၀၀ ကျော်ယူသွားတယ်၊ သတင်းကိုတော့ ဖျောက်ထားတယ်၊ ပိုက်ဆံလည်း မယူသွားဘူး၊ လူကိုလဲ ပြန်လွှတ်တယ်ဆိုပြီး သတင်းတွေလွှင့်နေတော့ ဒီလူကဖြင့် အသတ်ခံရပြီးပြီ ဆိုပြီး ပြောနေကြတယ်” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အောင်သစ်လွင်ရပ်ကွက်ထဲကို ဇူလိုင် ၁၃ ရက်နေ့က ဝင်ရောက်စစ်ဆေးချိန် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးဖမ်းဆီးခံရ ပြီး အမျိုးသား ၂ ဦးကတော့  ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့မှာ စစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်ထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပြီး ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လတ်တ လော ဝင်ရောက်စစ်ဆေးမှုနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်နေသလို သတင်းတင်သူတွေကိုလည်း ပုဒ်မတပ် ဖမ်းဆီးနေတာကြောင့် သတင်းတွေ မတင်ရဲမပြောရဲကြတော့ဘဲ သတင်းစီးဆင်းမှု ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

« Older Entries