Monthly Archives: Jul 2022

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေ ဆုံးမှုရှိ

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၏ နယ်စပ်အနီး မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ဒေသအခြေ စိုက် ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးအနည်းဆုံး သေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၃၀ ခန့်ပါဝင်သော စစ်ကြောင်း နှစ်ကြောင်းဖြင့် မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်လာစဉ် အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ Mobye PDF ၊ Pekhon PDF ၊ KNDF နှင့် URF ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

“သူတို့က လက်နက်ကြီးတွေနဲ့ ထုထုပြီးမှ တက်လာတာပါ။ အခုဘုရားကျောင်းထဲမှာတော့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့) အခြေချနေတယ်” ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် တစ်ဘက်နှင့်တစ်ဘက် မီတာ ၄၀၀ ဝန်းကျင်ခန့်အကွာတွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဖယ်ခုံမြို့ ၊ ခေါင်းအိကျေးရွာသို့ လက်နက်ကြီး ငါးချက် ကျရောက်ကာ လူနေအိမ် နှစ်လုံး ပျက်စီးသွားကြောင်းလည်း KNDF ဖယ်ခုံဇုန်က သတင်းထုတ်ပြန်ထား သည်။

လက်ရှိမှာ ယင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဗြဲ၊ ပွဲကုန်း(၃) ရှိ “ဘုရား၏သန့်ရှင်းသောမယ်တော်” ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

မိုးဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းပုန်းရှိနေကာ စစ်ရေးတင်းမာဆဲဖြစ်သည့်အတွက် ဒေသခံများ သတိထားသွားလာကြရန် ဒေသကာကွယ်ရေး တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။ mizzima

အကြမ်းဖက်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း အာဇာနည်နေ့အထိမ်းအမှတ် သံရုံးများထုတ်ပြန်

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း ကျဆုံးခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်ကြီးတွေကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့အကြောင်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ ကြိုးစားရင်း အသိတရားမဲ့စွာ လုပ်ကြံခံခဲ့ရတဲ့အတွက် ဝမ်းနည်းမိတဲ့အကြောင်း ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့  (၇၅) နှစ်မြောက်  အာဇာနည်နေ့မှာ   မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

အရပ်သား ပြည်သူလူထုကို အမျိုးမျိုးအဖုံဖုံသော အကြမ်းဖက်မှုတွေအပါအဝင် ဒီမိုကရေစီစနစ်အား ယုတ်လျော့စေတဲ့ အကြမ်းဖက်မှု၊ ခြိမ်း ခြောက်မှုနဲ့ ခြောက်လှန့်မှုတွေ အားလုံးကိုလည်း  ကနေဒါနိုင်ငံ အနေနဲ့ ဆန့်ကျင်တဲ့အကြောင်း ကနေဒါသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ  ရန်ကုန်အခြေစိုက် ဗြိတိသျှသံရုံးရဲ့ အကြီးအကဲ  Pete Vowles ကလည်း  အာဇာနည်နေ့မှာ ပိုမိုကောင်းမွန်တဲ့နိုင်ငံအနာဂတ်အ တွက် အသက်စတေးခဲ့ကြသူအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ပြောပါတယ်။  

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်မှစပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အရပ်သား ထောင်ကျော်ကိုလည်း အောက်မေ့သတိရမိကြောင်းနဲ့ ဘယ်လိုလှုံ့ဆော်မှုမျိုး၊ ဘယ်လိုယုံကြည်မှုမျိုးကြောင့်ဖြစ်စေ အရပ်သားတွေကို သတ်ဖြတ်မှုဆိုတာ တရားမျှတမှု မဖြစ်နိုင်သလို၊ လက်ခံနိုင်ဖွယ်ရာလည်း မရှိပါလို့လည်း ဗြိတိသျှသံတမန်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ လွန်ခဲ့သော ၇၅ နှစ်က အခုလိုနေ့မျိုးမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြရတဲ့ အာဇာနည်ပုဂ္ဂိုလ် ကိုးဦးကို မိမိတို့ဂုဏ်ပြုကြောင်း သူတို့ရဲ့ အမွေအနှစ်တွေဟာ မျိုးဆက်သစ်တွေရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုတွေ အ တွက် ခွန်အားအဖြစ် ဆက်လက်တည်တံ့နိုင်စေဖို့ ထုတ်ပြန်ထားပါတယ်။ DVB

ဟုမ္မလင်းတွင် CDM ကျောင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့်  မူလတန်းကျောင်းအုပ်တစ်ဦးကို လက်နက်ကိုင်များက ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးနှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ 

သက္ကယ်တောင်ကျေးရွာ မူလတန်းကျောင်းအုပ် ဦးအောင်ဆန်းဝင်းသည် ဇူလိုင် ၁၇ နံနက် ၁ နာရီ မထိုးမီ ထိုရွာရှိ သူ၏နေအိမ်တွင်ရှိနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ည ၁၂ နာရီခွဲကြီး ဆိုတော့ သေနတ်သံတွေ ကြားတာနဲ့တင် လန့်နေတော့တာ။ အနည်းဆုံး ၆ ယောက်လောက်တော့ ပါတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။ … အိမ်နဲ့နည်းနည်းလှမ်းတဲ့နေရာကို ခေါ်သွားပြီး သတ်ပစ်လိုက်တာ။ မမေးမြန်းဘဲနဲ့ တစ်ခါတည်း သတ်တာ။ ဘာမှလည်း အကျိုးအကြောင်း မမေးတော့ဘူး” ဟု  သူက ပြောသည်။

လက်နက်ကိုင်များက သူ့ကို ဖမ်းဆီးစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်၊ ရိက္ခာပို့သည်ဟု စွပ်စွဲကြကြောင်း သိရသည်။  

သားသမီး ၃ ဦး ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်းသည် ယမန်နှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအချို့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ကြောင်း၊ PDF နှင့်အဆက်အသွယ်ရှိသူ မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ဖမ်းဆီးခံရသည့်သတင်း ထွက်ပြီးနောက်  အမြန်ဆုံးပြန်လွှတ်ပေးရန် ဟုမ္မလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့ကြောင်း၊ ပစ်သတ်ခံရပြီး ရုပ်အလောင်းကို ရေထဲပစ်ချလိုက်သည်ဟူသော သတင်းကြောင့်  ရုပ်အလောင်းရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၃၈ နှစ်အရွယ် မူလတန်းကျောင်းအုပ် ဦးအောင်ဆန်းဝင်းကို လာရောက်ဖမ်းဆီးသူများထဲတွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) အဖွဲ့ဝင်တစ်ဦးပါဝင်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန် သည်။ 

“သူ့သူငယ်ချင်း (ရွှေ)မျောမှာ မျောလုပ်နေတယ်။ မျောလုပ်တာကို ခါးနာလို့ဆိုပြီး အိမ်ခဏပြန်လာတာ။ အိမ်ပြန်ပြီး ညအိပ်တာ။ အဲ့ဒီမှာ ည ၁၂ နာရီလောက်မှာ လာဖမ်းသွားတာ။ (လာဖမ်းတဲ့သူက) လက်ပံသာရွာ စာသင်ကျောင်းရှေ့မှာရှိတဲ့ SNA ဂိတ်မှာထိုင်ရတဲ့ တစ်ယောက်ပေါ့” ဟု အထက်ပါအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

SNA  ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး  စုံစမ်းနေဆဲ ဖြစ်ကြောင်း တုံ့ပြန်သည်။

“ဖမ်းတယ်၊ မဖမ်းဘူးဆိုတာကို ကျွန်တော့်အနေနဲ့ သေချာတော့ မပြောနိုင်သေးဘူး။ အရပ်သတင်းပဲ သိရသေးတယ်။ …စုံစမ်းနေဆဲပါဗျ။ ဘယ်လိုအရပ်သားမျိုးကိုမှ အလဟဿ ဖမ်းဆီးခွင့် မပေးထားပါဘူး” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက Myanmar Now  ကို ပြောသည်။

“အောက်ခြေမှာ အမှန်တကယ် လုပ်သွားတယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ပြန်လည် ဖော်ထုတ်ပြီးတော့မှ မှားတဲ့သူကို အပြစ်ပေးအရေးယူဖို့တော့ရှိပါတယ်ဗျ။ အဲ့ဒါမျိုးကတော့ ကျွန်တော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေ ချမှတ်ထားတာရှိပါတယ်”  

SNA သည် ရှမ်းနီတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်တို့တွင် အခြေစိုက်လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ 

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ၏ ထောက်ပို့တပ်သား ကိုမင်းအောင် နှင့် တော်စီရွာဒေသခံ ကိုမောင်ကြိုင်တို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် SNA က စစ်ကောင်စီတပ်နှင့် ပူးတွဲ လုပ်ကိုင်ခဲ့သည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၁ တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၈ ရက်နေ့ ကလည်း HPDF အဖွဲ့ တပ်သား ၂ ဦးကို စစ်တပ်နှင့် SNA တို့ ပူးပေါင်းဖမ်းဆီးခဲ့ ကြောင်း  ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ SNA ဆိုတာ ရှမ်းနီလူမျိုးတွေကို ကာကွယ်ပေးမယ့်တစ်ခုတည်းသောတပ်လို့ဆိုတော့ အပြောနဲ့ အလုပ်နဲ့ ညီရဲ့လားဆိုတာ တစ်ခါလောက် လေးပြန်စဉ်းစားစေချင်တယ်။ အခုဟာက လူတစ်ယောက်ရဲ့ အသက်ဆိုတာ တန်ဖိုးထားရမယ်။ ဒီလိုမျိုးလက်လွတ်စပယ်လုပ်တာကို လက်မခံနိုင်ဘူး။ ဒါက ဖက်ဆစ်စရိုက်ဆန်တဲ့လုပ်ရပ်ပဲ” ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

“ကြာရင် ရှမ်းနီပြည်သူလူထုနဲ့ ကင်းကွာလာလိမ့်မယ်”

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပင်လယ်ဘူးမြို့နယ်တွင် ဇူလိုင်လ ၁၁ မှ စ၍ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ SNA အဖွဲ့ဝင်အချို့ပါဝင်ကြောင်း ဒေသခံများကို ကိုးကားပြီး PDF က ပြောထားသည်။ 

SNA  ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကမူ  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သွားလာလုပ်ဆောင်နေခြင်း မရှိကြောင်း ပြောခဲ့ဖူးသည်။ myanmar now

တော်လှန်းရေးတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရန် ခေါင်လန်ဖူးပြည်သူ့စစ်က မိဘများကို ခြိမ်းခြောက်

ကချင်ပြည်နယ်  ပူတာအိုခရိုင်၊ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးဘက်ပါတဲ့ လူငယ်တွေကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေး၊ လမ်းပြဖမ်းကူတာတွေအပြင် မိဘတွေကို အသက်အန္တရာယ် ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ထဲထိ လာရောက်ကာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ မိဘတဦးက “အိမ်မှာ မင်းတို့သား ဘယ်ရောက်နေတယ်ဆိုတာ သိတယ်။ မင်းတို့ပါးစပ်က နိုင်ငံရေးစကား မထွက်ကြနဲ့။ နိုင်ငံရေးစကားတွေပြောရင် မင်းတို့ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ပူတာအိုမြို့နယ်အတွင်းက ကျေးရွာတွေ ကို တရွာ၀င်တရွာထွက်ကာ ရွာမှာမရှိတဲ့ လူငယ်တွေရဲ့ မိဘတိုင်းကို ခြိမ်းခြောက်ကာ လက်မှတ် ထိုးခိုင်းတယ်လို့ ခြိမ်းခြောက်ခံရတဲ့ မိဘနောက်တဦးက ပြောပါတယ်။

“ဦးလေးတို့ရွာ ၀င်လာတာက မတ်လတုန်းက။ သူတို့က ဘုရားကျောင်းမှာ ဆုတောင်းခြင်း အစီအစဉ်ရှိတယ်ဆိုပြီး ရွာခံတွေကို စုတယ်။ အားပေးစကားတွေ ပြောမယ်ပေါ့။ ဒီလိုနဲ့ သွားလိုက်မိတယ်။ ရောက်သွားတော့ မင်းရဲ့သားအတွက် လက်မှတ်ထိုး‌ပါ။  တောထဲရောက်တဲ့ လူငယ်တွေကို ပြန်ခေါ်၊ CDM ၀င်တဲ့လူငယ်တွေ ပြန်ခေါ်ကြပါ။ စစ်ကောင်စီအဖွဲ့ကို ဘယ်သူမှ မနိုင်ဘူး။ ခေတ်အဆက်ဆက် ဘယ်သူမှ မနိုင်ခဲ့ဘူးဆိုပြီး စည်းရုံး ပြောဆိုတယ်။ လက်မှတ်အတင်းထိုးခိုင်းတယ်။”

၂၀၂၁ ခုနှစ်အတွင်းမှာ ဌာနေပြည်သူ့စစ်အဖွဲ့က အသက်အရွယ်ကြီးရင့်တဲ့ လူကြီးပိုင်းတွေကို ပြည်သူ့စစ်သင်တန်း အတင်းတက်ခိုင်းခဲ့သလို ပူတာအိုခရိုင်ထဲက နောင်မွန်မြို့နယ်မှာလည်း တအိမ်တယောက် ပြည်သူ့စစ်သင်တန်း မတက်မနေရဆိုပြီး အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၈ က  ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့အဝင်ရွာဖြစ်တဲ့ အင်တားဂလူကျေးရွာနားမှာ  စစ်ကောင်စီတပ်သား‌တွေက ခရီးသွားတွေကို ခြိမ်း‌ခြောက်ပြီး ငွေကြေးကောက်ခံခဲ့တဲ့အပြင် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ပူတာအိုဘက်ကနေ ဆင်းလာတာပါ။ မနက် ၁၁ နာရီကျော်လောက်မှာ အင်တားဂလူ‌ ရွာနားကို ရောက်တော့ စစ်ကောင်စီစစ်သားတွေက ကားတွေကို လှမ်းတားပြီး ခရီးသည်တွေကို ဆင်းခိုင်းပါတယ်။ ခရီးသည်တယောက် ၁ ‌သောင်းပေးရမယ်လို့ ပြောပါတယ်။ သေနတ်ပြပြီး ခြိမ်းခြောက်တော့ ပေးလိုက်ရတယ်။” 

မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ ခရီးသွားကားတွေကိုလည်း ရပ်ခိုင်းပြီး ပိုက်ဆံတောင်းတဲ့ အကြောင်းကို ပြည်သူတဦးက “မင်းတို့ တိုင်ချင်တဲ့နေရာတိုင်။ ပိုက်ဆံမပေးဘဲ ပေါက်ကရလုပ်ရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ သေနတ်ကိုလည်း မိုးပေါ်ထောင်ပစ်တဲ့ အပြင် ကားဆရာကိုလည်း စကားများရကောင်းလားဆိုပြီး သေနတ်ဒင်နဲ့ ရိုက်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေ ပစ်တဲ့ကျည်ထိလို့ လွင့်စဉ်လာတဲ့ သစ်သားစမှန်တဲ့ ခရီးသွား တယောက်နဲ့ ရိုက်နှက်နှိပ်စက်ခံရသူ ၅ ဦး လောက်ရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ အဲဒီလို ခြိမ်းခြောက်ငွေကြေးကောက်ခံတဲ့ စစ်သားတွေဟာ ပူတာအို တပ်ရင်း ၄၆၊ ၁၃၈ ကနေ ထွက်ပြေးလာတဲ့ တပ်ပြေးတွေလို့ သိရပြီး ဗိုလ်မှူးတဦး ဦးဆောင်နေတာလို့ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ကားလမ်းမကြီးမှာ ၂၀၂၂ ခုနှစ် မေလနောက်ပိုင်း စစ်ကောင်စီ စစ်သားတွေက မတရား ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ DVB

ကတ်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာ လေကြောင်းမှ တိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နီးစပ်သည့် မြန်မာပြည် ကတ်သလစ် သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိရွာနှင့် အနီးဝန်းကျင်ကို ယနေ့(ဇူလိုင် ၁၈)တွင် စစ်ကောင်စီက ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်။

လက်နက်ကိုင်ခုခံမှုများ အရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို နံနက် ၉ နာရီ ၄၅ ဝန်းကျင်မှ စ၍ ၁၁ နာရီအထိ စစ်ကောင်စီက လေကြောင်းမှ စစ်ဆင်ခဲ့ကြောင်း ဒေသခံအချို့ နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူများထံမှ သိရသည်။

ခရစ်စမတ်နေ့များ၌ ရန်ကုန်တွင် စစ်ခေါင်းဆောင်နှင့်အတူ အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်လေ့ရှိသူ ကက်သလစ် ဂိုဏ်းချုပ်  ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိရွာ မုံလှမှာ အာဏာသိမ်းပြီး တစ်နှစ် ကျော်အတွင်း လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ထိုသတင်ရင်းမြစ်များက ပြောသည်။

ထို့အပြင် အနီးရှိ ပင်စိမ်းခင်း၊ကြည်စု၊ကလုံ၊သရက်တောနှင့် မူးမြစ် အနောက် ဘက်ကမ်း ရေဦးမြို့နယ် အတွင်းရှိ ရွာအချို့ကိုပါ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ ထံမှသိရသည်။

“(ဘုရား) ကျောင်းတွေပစ်ပြီး ဘရင်ဂျီဘာသာဝင်တွေရော၊ သီလရှင်၊ ဘုန်းကြီးတွေရောအကုန် တောထဲမှာ နေရတာပါ။ ပြေးလာတာပါ။ လောလောဆယ်တော့ ရွာအခြေအနေမသိရသေးဘူး” ဟု မုံလှရွာခံ အမျိုး သမီးတစ်ဦးက ပြောသည်။

အင်အား ၁၂၀ ကျော်ပါသည့် ခြေလျင်စစ်ကြောင်း တစ်ခုမှာလည်း မုံလှနှင့် နှစ်မိုင်ခန့်အကွာ သာဝတ္ထိရွာ သို့ ယမန်နေ့(ဇူလိုင် ၁၇)တွင် ရေဦးမြို့နယ်မှ တစ်ဆင့် ဝင်ရောက်တပ်စွဲနေကြောင်း ဒေသ PDF အဖွဲ့  Armed Revolutionary Force (Khin U) – ARF  ခေါင်းဆောင်က ပြောသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ထိုစစ်ကြောင်း ရှေ့ဆက်ထွက်ခွာမည့် သာဝတ္ထိရွာ၏မြောက်ဘက်ပိုင်း လမ်းကြောင်းကို ရှင်းလင်းရန် အနီးရှိ ကျေးရွာများကို ပစ်မှတ်ထားခြင်းဖြစ််နိုင်ကြောင်း ၎င်းက ခန့်မှန်း သည်။

“မုံလှရွာဆိုလို့ရင် ဘုရားဝင်းထဲက ဘုရားကျောင်း တွေပါပစ်ခံရတယ်ကြားတယ်ဗျ။ အုတ်တံတိုင်းနဲ့ ဘာနဲ့ ဆိုတော့ သူတို့က (PDF)အခိုင်အမာနေရာလို့ယူဆလို့လားမသိဘူး။ ဘုရားဝင်းထဲကို ပစ်တယ်ဗျ။ ကံကောင်းတာက ဘုရားဝင်းထဲမှာတစ်ယောက်မှမရှိဘူး”ဟု ARF ခေါင်းဆောင်က ပြောသည်။

ရဟတ်ယာဉ်နှင့် ပစ်ခတ်ခံရသည့် ရွာများတွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ ထိခိုက်ကြောင်း၊ အိမ်ခြေ ၇၀၀ကျော်ရှိသည့် မုံလှရွာတွင် စစ်ကောင်စီရန်ကြောင့် ယမန်နေ့ (ဇူလိုင် ၁၈) ကတည်းက ဒေသခံအားလုံးထွက်ပြေးနေကြ၍ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း  အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကို မုံလှရွာအနီးမှ ပင်စိမ်းခင်းရွာသည်လည်း အပြင်းအထန်ခံခဲ့ရကြောင်း ဒေသအခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းစစ်သည် ခေါင်းဆောင် တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က စစ်ဘေးရှောင်တွေနဲ့ ပင်စိမ်းခင်းရွာထဲ လုံး(ရောထွေး)သလိုဖြစ်နေတော့ ရွာထဲကို ပက်ပက်စက်စက်ကိုပစ်တာ။ ဒီဘက်မှာဆို ပြည်သူတွေရော ဘာတွေရော သေပြီလို့တွက်တာ။ တော်သေး တယ်၊ ကျနော်တို့ဆီတော့ မထိသေးဘူး။ အခြားနေရာကတော့ မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။

ထိုဒေသအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲငြိမ်သက်နေချိန်တွင် ရုတ်တရက် လေကြောင်းမှ ပစ်ခတ်ခံရခြင်း ဖြစ်၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများ စားဝတ်နေရေး ဒုက္ခတွေ့နေကြကြောင်း ARF ခေါင်းဆောင်က ပြောသည်။

“နမခ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်) က (ရဟတ်ယဉ်)တက်ကတည်းက သတင်းရတယ်ဗျ။ တိုက်ပွဲဖြစ်တာလည်းမရှိတော့ ကျနော်တို့ဆီရောက်လာမယ်လို့ မထင်ဘူး”ဟု ၎င်းက ပြောသည်။

“အဓိကက စစ်ဘေးရှောင်တွ ဒုက္ခရောက်တာပေါ့ဗျာ။သူတို့ပြေးတဲ့နေရာတွေ လိုက်ပစ်နေတာဆိုတော့၊ အကုန်လုံးထွက်ပြေးနေရတာဗျ၊ပြည်သူ အထိအခိုက်ကတော့ ဘာမှကိုမသိရသေးဘူး၊ရဟတ်ယဉ်က ပစ်နေတော့ အပြင်တောင်ထွက်လိုမရသေးဘူး”ဟု ထိုသူက နံနက် ၁၁ နာရီခန့်တွင် ပြောသည်။

ရဟတ်ယာဉ်များ ပြန်လည်ထွက်ခွားသွားသည့် ၁၁ နာရီဝန်းကျင်တွင် သာဝတ္ထိရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်၍ စစ်ကြောင်း ပြန်လည်ထွက်ခွာသွား ကြောင်း၊ လုံခြုံရေးအခြေအနေအရ မည်သည့် အရပ်သို့ ဦးတည်သည်ကို အတိအကျ မပြောနိုင်သေး ကြောင်း ARF ခေါင်းဆောင်က ပြောသည်။

ဒေသတွင်း ဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေအရ အသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ခုခံမှုများကို နှိမ်နင်းနေသည့် စစ်ကောင်စီ လက်ချက်ဖြင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးမှု ၉၀ ရာခိုင် နှုန်းကျော်ရှိသည့် ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ကြောင်း အရပ်ဘက် အချက်အလက် ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ ဇွန်လဆန်း စာရင်းအရသိရသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလတွင် ကယားပြည်နယ်မှ ဘုရားရှိခိုးကျောင်းများ တိုက်ခိုက်ခဲ့စဉ်က ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာများကို ပစ်မှတ်မထားရန်၊ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန် ကာဒီနယ် ချားလ်စ်မောင်ဘိုက ကြေညာဖူးသည်။

သို့သော် ထိုလုပ်ရပ်များကို လူသိရှင်ကြား တောင်းပန်ခြင်း၊ ကျူးလွန်သူတို့ကို အရေးယူခြင်း မပြုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုနှစ် ခရစ္စမတ်နေ့တွင် အတူတွဲ၍ လူလုံးပြပြီးနောက်၊ စစ်တပ်၏ လုပ်ရပ်များအပေါ် နှုတ်ဆိတ်နေသဖြင့် လူအများ၏ ဝေဖန်ကန့်ကွက်မှုကို ကာဒီနယ် ချားလ်စ်မောင် ဘို ရင်ဆိုင်နေရသည်။ myanmar now

ရေး-ချောင်းတောင် မြစ်ကူးတံတားရှိ စစ်ကောင်စီလုံခြုံရေးအဖွဲ့ ဗုံးခွဲခံရ

မွန်ပြည်နယ်  ရေးမြို့  ရေး- ချောင်းတောင်မြစ်ကူးတံတားပေါ်မှာ လုံခြုံယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇူလိုင် ၁၉ ရက် မနက် ၉ နာရီခွဲလောက် ဗုံးနဲ့ ဖောက်ခွဲတိုက်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ပြီး သေနတ်သံကြားတာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ကြပြီး ဈေးဆိုင်တချို့ ပိတ်သိမ်းကြကာ အသွားအလာ သိပ်မလုပ်ရဲကြဘူးလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်အချက်ပေါင်း ဒါဇင်နဲ့ချီ ပြန်လှန်ပစ်ခတ်ခဲ့သလို ရေးမြစ်အ တွင်းကိုလည်း သေနတ်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။

“အခု ရေး ချောင်းတောင် မြစ်ကူးတံတားမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ကို ရေးဘီးလူးအဖွဲ့ သားတွေက ဝင်ရောက်စီးနင်းပစ်ခတ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်” လို့ ရေးဘီးလူးအဖွဲ့မှ ပြောပါတယ်။

ဖြစ်စဉ်အပြီးမှာ ချောင်းတောင်ကျေးရွာက ဒေသခံ ၁ ဒါဇင်နီးပါးလောက်ကို စစ်ကောင်စီတပ်ဘက်မှ ထိန်းသိမ်းထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာတော့ လူတွေအသွားအလာ မလုပ်ရဲကြဘဲ တံတားကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က လုံခြုံရေးယူနေတဲ့သူတွေရဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့  မသိရသေးဘူး။ ဒီတံတားမှာ  လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသဆိုင်ရာ PDF တွေရဲ့ မကြာခဏ ဗုံးဖောက်ခွဲတာ ခံရလေ့ရှိတယ်။” 

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်နဲ့ ဒေသဆိုင်ရာ PDF တွေဘက်ကပါ  ထိခိုက်သေဆုံး ဒဏ်ရာရအခြေနေတွေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

မြန်မာသို့ လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်း ချရန် ကမ္ဘောဒီးယားကမ်းလှမ်း

စစ်ခေါင်းဆောင်က စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ တိုးတက်ရေး တဖွဖွပြောရင်း ပြည်ပပို့ကုန်များ ပိတ်ပင်နေချိန် မြန်မာနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံက ကမ်းလှမ်းလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် တွေ့ဆုံစဉ် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းကမ်းခြင်းဖြစ်ကြောင်း ဖနွမ်ပင်အခြေစိုက် Khmer Times သတင်းဌာနက ယခုလ ၁၆ ရက်တွင် ရေးသားသည်။

မြန်မာနိုင်ငံသို့ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး၊ ကန်စွန်းဥ စသည့် လယ်ယာထွက်ပစ္စည်းများ တင်ပို့နိုင်ရေး ထည့်သွင်းစဉ်းစားရန် ကမ္ဘောဒီးယားနိုင်ငံက တောင်းဆိုပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။​

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့်ပါ အဆက်အသွယ် ကျဲလာချိန် အနည်းဆုံးနိုင်ငံတစ်ခုခြားနေသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်းချရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရောက်လေရာအရပ်တိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာပေါင်အာရင်းသန်သန် ဟောပြောလေ့ရှိသည်။ 

ယခုလဆန်းပိုင်းက ဧရာဝတီတိုင်းကို ရောက်ရှိစဉ် သီးနှံမျိုးစုံစိုက်ရသည့်နိုင်ငံဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ထွက်ရှိရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင် မိရိုးဖလာမှ ဖောက်ထွက်ရ မည်ဖြစ်သည်ဟုလည်း ဆိုသည်။

လက်တွေ့၌ပင် အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေပြီး စီးပွားရေးအလားအလာ မခန့်မှန်းနိုင်တော့ကြောင်း ကမ္ဘာ့ဘဏ် က ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ်ပြန်သည်။

ထိုသို့ မြန်မာ့စီးပွားရေး အခြေအနေဆိုးရွားနေသော်လည်း အာဏာသိမ်းခေါင်းဆောင်ကမူ စီးပွားရေးမောင်းနှင်ကားကို မဖြစ်မနေဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်တွင်းထုတ်ကုန်များကို အားပေးရမည်ဖြစ်ကြောင်းလည်း မကြာခဏပြောဆိုလျက်ရှိသည်။

ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်လိုငွေ များစွာရှိခဲ့သော်လည်း ၎င်း၏လက်ထက်တွင် ကုန်သွယ်မှု လိုငွေ ထိန်းချုပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ဝံ့ကြွားလေ့ရှိသည်။​

နိုင်ငံခြားသုံးငွေရှားပါးလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ဇိမ်ခံပစ္စည်း များသာမက ပြည်ပမှ မရှိမဖြစ်ဝယ်ယူ တင်သွင်းရသော လူသုံးကုန်ပစ္စည်းများကို ထိန်းချုပ်သဖြင့် သွင်းကုန်လုပ်ငန်း ရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်ဟု လုပ်ငန်းရှင်တို့က ဆိုထားသည်။​ 

လွန်ခဲ့သည့် မေလအတွင်းက ပို့ကုန်စာရင်းလက်ကျန် အကြောင်းပြကာ ကုမ္ပဏီ ၁၅၈ ခုနှင့် ဒါရိုက်တာ အဖွဲ့ဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ကျော်က ပို့ကုန်စာရင်းဖြင့် အကြောင်းရာနှိပ်ကွပ်ခြင်းဖြစ်သည်။​

ကုန်စည်စီးဆင်းမှု နှောင့်နှေးနေချိန် စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲများကြောင့် နယ်စပ်ကုန်သွယ် ရေးသည်ပင် ကမောက်ကမ အခြေ အနေများနှင့် ကြုံတွေ့နေရသည်။​ 

တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ရာတွင် ယွမ်နှင့် ဘတ်ငွေအသုံးပြု တိုက်ရိုက်ပေး ချေရန် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် မတ်လအတွင်း စစ်ကောင်စီက ညွှန်ကြားခဲ့ သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ပြန်အသုံးပြုရန် သတ်မှတ်ပြန်သည်။​myanmar now

မင်းတပ်-မတူပီကားလမ်း ဖြတ်သန်းသွားလာခြင်းမလုပ်ရန် CDF-မင်းတပ် တားမြစ်

ချင်းပြည်နယ်အတွင်းမှာ ဇူလိုင် ၁၉ ရက်ကစလို့ မင်းတပ်-မတူ ပီကားလမ်းကို မိဘပြည်သူတွေ အနေနဲ့ ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ CDF-မင်းတပ်က တားမြစ်လိုက်ပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ-၁၀၁က ထွက်လာတဲ့ ကားစီးရေ ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ ယာဥ်တန်းဟာ ကျောက်ထုမြို့ကို ရောက်နေပြီလို့ သိရပြီး မင်း-တပ်မတူပီးကားလမ်းဘက်ကို တက်လာနိုင်တာကြောင့် ပိတ်လိုက်တာလို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပြီး  နှစ်ဘက် မိုင်းထောင် မိုင်းခွဲတာတွေ ရှိလာနိုင်လို့ ပြည်သူလူထုကိုထိခိုက်မှာစိုးလို့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို တားမြစ်ပိတ်ပင်လိုက်တာလို့ ကိုယောမာန်က ပြောပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စစ်ကား ၁၀၅ စီးလောက်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၇ ရက်မနက်ပိုင်းမှာ ပေါက်မြို့ကို ဖြတ်ပြီး ယောဒေသဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ SPGF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်နဂါးလေးက ပြောပါတယ်။

“ကားပေါ်မှာတော့ လက်နက်ကြီးတွေပါပုံရတယ်။ မိုးကာကြီးတွေ အုပ်ထားတယ်။ အင်အားက တော့ ယာဥ်မောင်း ၁၀၀ ကျော်လောက်နဲ့ အ နောက်ခန်းထဲမှာတော့ စစ်သား ၅၀ လောက်ပါတယ်။”

စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ဟာ ကျောက်ထုကနေ တပြင်းအထိ လမ်းဘေးဝဲယာ ကျေးရွာတွေမှာ လုံခြုံရေးယူထားတယ်လို့ ယောဒေသကာကွယ်ရေးတပ်ပေါင်းစု YRPA ရဲ့ အတွင်းရေးမှူး ဗိုလ်မင်းကျော်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်ကို ထိန်းချုပ်ဖို့ ခက်ခဲလာတဲ့အတွက် စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး အခုအကြိမ်နဲ့ဆိုရင် စစ်ကားအများအပြားနဲ့ စစ်ကြောင်ထိုးတာ ၄ ကြိမ်ရှိပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ DVB

« Older Entries