ကတ်သလစ်သာသနာပိုင် ချားလ်စ်မောင်ဘို၏ ဇာတိရွာ လေကြောင်းမှ တိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် နီးစပ်သည့် မြန်မာပြည် ကတ်သလစ် သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိရွာနှင့် အနီးဝန်းကျင်ကို ယနေ့(ဇူလိုင် ၁၈)တွင် စစ်ကောင်စီက ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်သည်။
လက်နက်ကိုင်ခုခံမှုများ အရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို နံနက် ၉ နာရီ ၄၅ ဝန်းကျင်မှ စ၍ ၁၁ နာရီအထိ စစ်ကောင်စီက လေကြောင်းမှ စစ်ဆင်ခဲ့ကြောင်း ဒေသခံအချို့ နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူများထံမှ သိရသည်။
ခရစ်စမတ်နေ့များ၌ ရန်ကုန်တွင် စစ်ခေါင်းဆောင်နှင့်အတူ အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်လေ့ရှိသူ ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ်လ် ချားလ်စ်မောင်ဘို၏ ဇာတိရွာ မုံလှမှာ အာဏာသိမ်းပြီး တစ်နှစ် ကျော်အတွင်း လေကြောင်းမှ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ထိုသတင်ရင်းမြစ်များက ပြောသည်။
ထို့အပြင် အနီးရှိ ပင်စိမ်းခင်း၊ကြည်စု၊ကလုံ၊သရက်တောနှင့် မူးမြစ် အနောက် ဘက်ကမ်း ရေဦးမြို့နယ် အတွင်းရှိ ရွာအချို့ကိုပါ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့ ထံမှသိရသည်။
“(ဘုရား) ကျောင်းတွေပစ်ပြီး ဘရင်ဂျီဘာသာဝင်တွေရော၊ သီလရှင်၊ ဘုန်းကြီးတွေရောအကုန် တောထဲမှာ နေရတာပါ။ ပြေးလာတာပါ။ လောလောဆယ်တော့ ရွာအခြေအနေမသိရသေးဘူး” ဟု မုံလှရွာခံ အမျိုး သမီးတစ်ဦးက ပြောသည်။
အင်အား ၁၂၀ ကျော်ပါသည့် ခြေလျင်စစ်ကြောင်း တစ်ခုမှာလည်း မုံလှနှင့် နှစ်မိုင်ခန့်အကွာ သာဝတ္ထိရွာ သို့ ယမန်နေ့(ဇူလိုင် ၁၇)တွင် ရေဦးမြို့နယ်မှ တစ်ဆင့် ဝင်ရောက်တပ်စွဲနေကြောင်း ဒေသ PDF အဖွဲ့ Armed Revolutionary Force (Khin U) – ARF ခေါင်းဆောင်က ပြောသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ထိုစစ်ကြောင်း ရှေ့ဆက်ထွက်ခွာမည့် သာဝတ္ထိရွာ၏မြောက်ဘက်ပိုင်း လမ်းကြောင်းကို ရှင်းလင်းရန် အနီးရှိ ကျေးရွာများကို ပစ်မှတ်ထားခြင်းဖြစ််နိုင်ကြောင်း ၎င်းက ခန့်မှန်း သည်။
“မုံလှရွာဆိုလို့ရင် ဘုရားဝင်းထဲက ဘုရားကျောင်း တွေပါပစ်ခံရတယ်ကြားတယ်ဗျ။ အုတ်တံတိုင်းနဲ့ ဘာနဲ့ ဆိုတော့ သူတို့က (PDF)အခိုင်အမာနေရာလို့ယူဆလို့လားမသိဘူး။ ဘုရားဝင်းထဲကို ပစ်တယ်ဗျ။ ကံကောင်းတာက ဘုရားဝင်းထဲမှာတစ်ယောက်မှမရှိဘူး”ဟု ARF ခေါင်းဆောင်က ပြောသည်။
ရဟတ်ယာဉ်နှင့် ပစ်ခတ်ခံရသည့် ရွာများတွင် ခရစ်ယာန်ဘုရားကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများ ထိခိုက်ကြောင်း၊ အိမ်ခြေ ၇၀၀ကျော်ရှိသည့် မုံလှရွာတွင် စစ်ကောင်စီရန်ကြောင့် ယမန်နေ့ (ဇူလိုင် ၁၈) ကတည်းက ဒေသခံအားလုံးထွက်ပြေးနေကြ၍ ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းရန်ကို မုံလှရွာအနီးမှ ပင်စိမ်းခင်းရွာသည်လည်း အပြင်းအထန်ခံခဲ့ရကြောင်း ဒေသအခြေစိုက် PDF အဖွဲ့တစ်ခုဖြစ်သည့် ဒေါင်းစစ်သည် ခေါင်းဆောင် တစ်ဦးက ပြောသည်။
“ကျွန်တော်တို့က စစ်ဘေးရှောင်တွေနဲ့ ပင်စိမ်းခင်းရွာထဲ လုံး(ရောထွေး)သလိုဖြစ်နေတော့ ရွာထဲကို ပက်ပက်စက်စက်ကိုပစ်တာ။ ဒီဘက်မှာဆို ပြည်သူတွေရော ဘာတွေရော သေပြီလို့တွက်တာ။ တော်သေး တယ်၊ ကျနော်တို့ဆီတော့ မထိသေးဘူး။ အခြားနေရာကတော့ မကြားရသေးဘူး”ဟု ၎င်းက ပြောသည်။
ထိုဒေသအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲငြိမ်သက်နေချိန်တွင် ရုတ်တရက် လေကြောင်းမှ ပစ်ခတ်ခံရခြင်း ဖြစ်၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများ စားဝတ်နေရေး ဒုက္ခတွေ့နေကြကြောင်း ARF ခေါင်းဆောင်က ပြောသည်။
“နမခ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်) က (ရဟတ်ယဉ်)တက်ကတည်းက သတင်းရတယ်ဗျ။ တိုက်ပွဲဖြစ်တာလည်းမရှိတော့ ကျနော်တို့ဆီရောက်လာမယ်လို့ မထင်ဘူး”ဟု ၎င်းက ပြောသည်။
“အဓိကက စစ်ဘေးရှောင်တွ ဒုက္ခရောက်တာပေါ့ဗျာ။သူတို့ပြေးတဲ့နေရာတွေ လိုက်ပစ်နေတာဆိုတော့၊ အကုန်လုံးထွက်ပြေးနေရတာဗျ၊ပြည်သူ အထိအခိုက်ကတော့ ဘာမှကိုမသိရသေးဘူး၊ရဟတ်ယဉ်က ပစ်နေတော့ အပြင်တောင်ထွက်လိုမရသေးဘူး”ဟု ထိုသူက နံနက် ၁၁ နာရီခန့်တွင် ပြောသည်။
ရဟတ်ယာဉ်များ ပြန်လည်ထွက်ခွားသွားသည့် ၁၁ နာရီဝန်းကျင်တွင် သာဝတ္ထိရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်၍ စစ်ကြောင်း ပြန်လည်ထွက်ခွာသွား ကြောင်း၊ လုံခြုံရေးအခြေအနေအရ မည်သည့် အရပ်သို့ ဦးတည်သည်ကို အတိအကျ မပြောနိုင်သေး ကြောင်း ARF ခေါင်းဆောင်က ပြောသည်။
ဒေသတွင်း ဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေအရ အသေးစိတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ခုခံမှုများကို နှိမ်နင်းနေသည့် စစ်ကောင်စီ လက်ချက်ဖြင့် အိုးအိမ်ပျက်ဆီးဆုံးရှုံးမှု ၉၀ ရာခိုင် နှုန်းကျော်ရှိသည့် ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ကြောင်း အရပ်ဘက် အချက်အလက် ကောက်ယူရေးအဖွဲ့ Data for Myanmar ၏ ဇွန်လဆန်း စာရင်းအရသိရသည်။
စစ်ကောင်စီက ၂၀၂၁ ခုနှစ် မေလတွင် ကယားပြည်နယ်မှ ဘုရားရှိခိုးကျောင်းများ တိုက်ခိုက်ခဲ့စဉ်က ဘာသာရေးနှင့် သက်ဆိုင်သည့် နေရာများကို ပစ်မှတ်မထားရန်၊ ခိုလှုံနေကြသည့် ပြည်သူများကို လေးစားတန်ဖိုးထားရန် ကာဒီနယ် ချားလ်စ်မောင်ဘိုက ကြေညာဖူးသည်။
သို့သော် ထိုလုပ်ရပ်များကို လူသိရှင်ကြား တောင်းပန်ခြင်း၊ ကျူးလွန်သူတို့ကို အရေးယူခြင်း မပြုသည့် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ထိုနှစ် ခရစ္စမတ်နေ့တွင် အတူတွဲ၍ လူလုံးပြပြီးနောက်၊ စစ်တပ်၏ လုပ်ရပ်များအပေါ် နှုတ်ဆိတ်နေသဖြင့် လူအများ၏ ဝေဖန်ကန့်ကွက်မှုကို ကာဒီနယ် ချားလ်စ်မောင် ဘို ရင်ဆိုင်နေရသည်။ myanmar now