မြန်မာသို့ လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်း ချရန် ကမ္ဘောဒီးယားကမ်းလှမ်း

စစ်ခေါင်းဆောင်က စိုက်ပျိုးရေးအခြေခံထုတ်ကုန်များ တိုးတက်ရေး တဖွဖွပြောရင်း ပြည်ပပို့ကုန်များ ပိတ်ပင်နေချိန် မြန်မာနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့ရန် ကမ္ဘောဒီးယားနိုင်ငံက ကမ်းလှမ်းလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြန်မာသံအမတ် ဦးသစ်လင်းအုန်းနှင့် တွေ့ဆုံစဉ် ကမ္ဘောဒီးယား စီးပွားကူးသန်းဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းကမ်းခြင်းဖြစ်ကြောင်း ဖနွမ်ပင်အခြေစိုက် Khmer Times သတင်းဌာနက ယခုလ ၁၆ ရက်တွင် ရေးသားသည်။
မြန်မာနိုင်ငံသို့ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး၊ ကန်စွန်းဥ စသည့် လယ်ယာထွက်ပစ္စည်းများ တင်ပို့နိုင်ရေး ထည့်သွင်းစဉ်းစားရန် ကမ္ဘောဒီးယားနိုင်ငံက တောင်းဆိုပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့်ပါ အဆက်အသွယ် ကျဲလာချိန် အနည်းဆုံးနိုင်ငံတစ်ခုခြားနေသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက လယ်ယာထွက်ပစ္စည်း တင်ပို့ရောင်းချရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရောက်လေရာအရပ်တိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာပေါင်အာရင်းသန်သန် ဟောပြောလေ့ရှိသည်။
ယခုလဆန်းပိုင်းက ဧရာဝတီတိုင်းကို ရောက်ရှိစဉ် သီးနှံမျိုးစုံစိုက်ရသည့်နိုင်ငံဖြစ်ကြောင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်ထွက်ရှိရေး ကြိုးပမ်းကြရန် တိုက်တွန်းပြောဆိုခဲ့သည်။ ထို့ပြင် မိရိုးဖလာမှ ဖောက်ထွက်ရ မည်ဖြစ်သည်ဟုလည်း ဆိုသည်။
လက်တွေ့၌ပင် အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေပြီး စီးပွားရေးအလားအလာ မခန့်မှန်းနိုင်တော့ကြောင်း ကမ္ဘာ့ဘဏ် က ပြီးခဲ့သည့် ဇွန်လအတွင်း ထုတ်ပြန်သည်။
ထိုသို့ မြန်မာ့စီးပွားရေး အခြေအနေဆိုးရွားနေသော်လည်း အာဏာသိမ်းခေါင်းဆောင်ကမူ စီးပွားရေးမောင်းနှင်ကားကို မဖြစ်မနေဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး ပြည်တွင်းထုတ်ကုန်များကို အားပေးရမည်ဖြစ်ကြောင်းလည်း မကြာခဏပြောဆိုလျက်ရှိသည်။
ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်လိုငွေ များစွာရှိခဲ့သော်လည်း ၎င်း၏လက်ထက်တွင် ကုန်သွယ်မှု လိုငွေ ထိန်းချုပ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ဝံ့ကြွားလေ့ရှိသည်။
နိုင်ငံခြားသုံးငွေရှားပါးလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ဇိမ်ခံပစ္စည်း များသာမက ပြည်ပမှ မရှိမဖြစ်ဝယ်ယူ တင်သွင်းရသော လူသုံးကုန်ပစ္စည်းများကို ထိန်းချုပ်သဖြင့် သွင်းကုန်လုပ်ငန်း ရပ်ဆိုင်းကာ မှောင်ခိုလုပ်ငန်းကြီးထွားလာသည်ဟု လုပ်ငန်းရှင်တို့က ဆိုထားသည်။
လွန်ခဲ့သည့် မေလအတွင်းက ပို့ကုန်စာရင်းလက်ကျန် အကြောင်းပြကာ ကုမ္ပဏီ ၁၅၈ ခုနှင့် ဒါရိုက်တာ အဖွဲ့ဝင် ၄၀၀ ကျော်ကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့သည်။ လွန်ခဲ့သော သုံးနှစ်ကျော်က ပို့ကုန်စာရင်းဖြင့် အကြောင်းရာနှိပ်ကွပ်ခြင်းဖြစ်သည်။
ကုန်စည်စီးဆင်းမှု နှောင့်နှေးနေချိန် စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲများကြောင့် နယ်စပ်ကုန်သွယ် ရေးသည်ပင် ကမောက်ကမ အခြေ အနေများနှင့် ကြုံတွေ့နေရသည်။
တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ရာတွင် ယွမ်နှင့် ဘတ်ငွေအသုံးပြု တိုက်ရိုက်ပေး ချေရန် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် မတ်လအတွင်း စစ်ကောင်စီက ညွှန်ကြားခဲ့ သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ပြန်အသုံးပြုရန် သတ်မှတ်ပြန်သည်။myanmar now