ဟုမ္မလင်းတွင် CDM ကျောင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရ 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့်  မူလတန်းကျောင်းအုပ်တစ်ဦးကို လက်နက်ကိုင်များက ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးနှင့် ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ 

သက္ကယ်တောင်ကျေးရွာ မူလတန်းကျောင်းအုပ် ဦးအောင်ဆန်းဝင်းသည် ဇူလိုင် ၁၇ နံနက် ၁ နာရီ မထိုးမီ ထိုရွာရှိ သူ၏နေအိမ်တွင်ရှိနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ည ၁၂ နာရီခွဲကြီး ဆိုတော့ သေနတ်သံတွေ ကြားတာနဲ့တင် လန့်နေတော့တာ။ အနည်းဆုံး ၆ ယောက်လောက်တော့ ပါတယ်။ ဘယ်သူတွေလဲတော့ မသိဘူး။ … အိမ်နဲ့နည်းနည်းလှမ်းတဲ့နေရာကို ခေါ်သွားပြီး သတ်ပစ်လိုက်တာ။ မမေးမြန်းဘဲနဲ့ တစ်ခါတည်း သတ်တာ။ ဘာမှလည်း အကျိုးအကြောင်း မမေးတော့ဘူး” ဟု  သူက ပြောသည်။

လက်နက်ကိုင်များက သူ့ကို ဖမ်းဆီးစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်၊ ရိက္ခာပို့သည်ဟု စွပ်စွဲကြကြောင်း သိရသည်။  

သားသမီး ၃ ဦး ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်းသည် ယမန်နှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအချို့တွင် ပါဝင်ခဲ့ဖူးသူဖြစ်ကြောင်း၊ PDF နှင့်အဆက်အသွယ်ရှိသူ မဟုတ်ကြောင်း သူက ဆက်ပြောသည်။

ဖမ်းဆီးခံရသည့်သတင်း ထွက်ပြီးနောက်  အမြန်ဆုံးပြန်လွှတ်ပေးရန် ဟုမ္မလင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်တောင်းဆိုခဲ့ကြောင်း၊ ပစ်သတ်ခံရပြီး ရုပ်အလောင်းကို ရေထဲပစ်ချလိုက်သည်ဟူသော သတင်းကြောင့်  ရုပ်အလောင်းရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၃၈ နှစ်အရွယ် မူလတန်းကျောင်းအုပ် ဦးအောင်ဆန်းဝင်းကို လာရောက်ဖမ်းဆီးသူများထဲတွင် ရှမ်းနီအမျိုးသားတပ်မတော် (SNA) အဖွဲ့ဝင်တစ်ဦးပါဝင်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန် သည်။ 

“သူ့သူငယ်ချင်း (ရွှေ)မျောမှာ မျောလုပ်နေတယ်။ မျောလုပ်တာကို ခါးနာလို့ဆိုပြီး အိမ်ခဏပြန်လာတာ။ အိမ်ပြန်ပြီး ညအိပ်တာ။ အဲ့ဒီမှာ ည ၁၂ နာရီလောက်မှာ လာဖမ်းသွားတာ။ (လာဖမ်းတဲ့သူက) လက်ပံသာရွာ စာသင်ကျောင်းရှေ့မှာရှိတဲ့ SNA ဂိတ်မှာထိုင်ရတဲ့ တစ်ယောက်ပေါ့” ဟု အထက်ပါအဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုသည်။

SNA  ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး  စုံစမ်းနေဆဲ ဖြစ်ကြောင်း တုံ့ပြန်သည်။

“ဖမ်းတယ်၊ မဖမ်းဘူးဆိုတာကို ကျွန်တော့်အနေနဲ့ သေချာတော့ မပြောနိုင်သေးဘူး။ အရပ်သတင်းပဲ သိရသေးတယ်။ …စုံစမ်းနေဆဲပါဗျ။ ဘယ်လိုအရပ်သားမျိုးကိုမှ အလဟဿ ဖမ်းဆီးခွင့် မပေးထားပါဘူး” ဟု ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက Myanmar Now  ကို ပြောသည်။

“အောက်ခြေမှာ အမှန်တကယ် လုပ်သွားတယ်ဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ပြန်လည် ဖော်ထုတ်ပြီးတော့မှ မှားတဲ့သူကို အပြစ်ပေးအရေးယူဖို့တော့ရှိပါတယ်ဗျ။ အဲ့ဒါမျိုးကတော့ ကျွန်တော်တို့မှာ စည်းမျဉ်း၊ စည်းကမ်းဥပဒေတွေ ချမှတ်ထားတာရှိပါတယ်”  

SNA သည် ရှမ်းနီတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်တို့တွင် အခြေစိုက်လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။ 

ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) ၏ ထောက်ပို့တပ်သား ကိုမင်းအောင် နှင့် တော်စီရွာဒေသခံ ကိုမောင်ကြိုင်တို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွင် SNA က စစ်ကောင်စီတပ်နှင့် ပူးတွဲ လုပ်ကိုင်ခဲ့သည်ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁၁ တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၈ ရက်နေ့ ကလည်း HPDF အဖွဲ့ တပ်သား ၂ ဦးကို စစ်တပ်နှင့် SNA တို့ ပူးပေါင်းဖမ်းဆီးခဲ့ ကြောင်း  ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“ SNA ဆိုတာ ရှမ်းနီလူမျိုးတွေကို ကာကွယ်ပေးမယ့်တစ်ခုတည်းသောတပ်လို့ဆိုတော့ အပြောနဲ့ အလုပ်နဲ့ ညီရဲ့လားဆိုတာ တစ်ခါလောက် လေးပြန်စဉ်းစားစေချင်တယ်။ အခုဟာက လူတစ်ယောက်ရဲ့ အသက်ဆိုတာ တန်ဖိုးထားရမယ်။ ဒီလိုမျိုးလက်လွတ်စပယ်လုပ်တာကို လက်မခံနိုင်ဘူး။ ဒါက ဖက်ဆစ်စရိုက်ဆန်တဲ့လုပ်ရပ်ပဲ” ဟု ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။ 

“ကြာရင် ရှမ်းနီပြည်သူလူထုနဲ့ ကင်းကွာလာလိမ့်မယ်”

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပင်လယ်ဘူးမြို့နယ်တွင် ဇူလိုင်လ ၁၁ မှ စ၍ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ SNA အဖွဲ့ဝင်အချို့ပါဝင်ကြောင်း ဒေသခံများကို ကိုးကားပြီး PDF က ပြောထားသည်။ 

SNA  ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကမူ  စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သွားလာလုပ်ဆောင်နေခြင်း မရှိကြောင်း ပြောခဲ့ဖူးသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s