ယင်းမာပင် ပြည်သူ ၇၀ ကျော်ကို စစ်ကောာင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ (ဒေသခေါ် ပျူစောထီးရွာ) မှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသခံပြည်သူ ၇၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး နေအိမ်တွေကို ဖျက်ဆီးကာ ပြည်သူပိုင်ပစ္စည်းတွေ ယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၆ ရက်နေက ဘန့်ဘွေးရွာမ(ဒေသခေါ် ပျူစောထီးရွာ) ရဲ့ တောင်ဘက် ပေပင် တောရဘုန်းကြီးကျောင်းမှာ ရှောင်တိမ်းနေတဲ့ အမျိုး သား ၃၀ ကျော်နဲ့ အမျိုးသမီး ၄၀ ကျော်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
သူတို့ကို ဘန့်ဘွေးရွာဦးကျောင်းနဲ့ စာသင်ကျောင်းထဲတို့မှာ တိုက်ပိတ်ထားပြီး မသန်စွမ်း ၂ ဦးနဲ့ အဘိုး အဘွားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲက ဒေသခံလူငယ် မောင်သုတ(အမည်လွှဲ) ကိုတော့ ငွေကျပ် ၅ သိန်းနဲ့ ရွေးထုတ်ခဲ့တာကြောင့် ပြန်လွတ်လာပြီး ကျန်ရှိတဲ့ ပြည်သူ ၇၀ ကျော်ကတော့ ဒီနေ့အထိ မလွတ်မြောက်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဇူလိုင် ၁၇ ရက်ကလည်း အနီးနားရှိ ပြည်သူတွေရဲ့ နေအိမ်တွေအတွင်း ဝင်ရောက်မွှေနှောက်ယူဆောင်တာ တွေရှိခဲ့သလို ဇူလိုင် ၁၈ ရက်နေ့ကလည်း လက်ပန်ကျေးရွာက နေအိမ် ၃၀ လောက်နဲ့ ထန်းဇင်ကျေးရွာက နေအိမ် ၃ လုံးတို့ကို ဖျက်ဆီးခဲ့ကြပြီး နေအိမ်တွေအတွင်းရှိ ပစ္စည်းတွေနဲ့ မွေးမြူထားတဲ့ ကြက်၊ ဝက်တွေကို သတ်ဖြတ်ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရန်ကိုကြောက်တာကြောင့် နေအိမ်တွေကိုစွန့်ခွာပြီး ဘုန်းကြီးကျောင်းမှာ နေထိုင်ကြတဲ့ ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဇူလိုင် ၁၆ ရက်နေ့ကတည်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့ထိ ပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ DVB