Monthly Archives: Jul 2022

ဗန်းမောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲရာနေရာများနှင့်၊ စစ်ကောင်စီ သတင်း ပေး(ဒလန်)များအား တိုက်ခိုက်ခဲ့သည်ဟု Banmauk Revolution က ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ည ၈နာရီခန့်တွင် ဗန်းမောက်မြို့ရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် မြို့နယ်ပညာရေးမှူးရုံးနှင့် ည ၉ နာရီခန့်တွင် စစ်ကောင်စီသတင်းပေး အောင်ညွန့်ဆိုသူ၏အိမ်တို့အား ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗန်းမောက်မြို့ရဲစခန်းအား လက် လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့ (ပလဖ)ပူးပေါင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီသတင်းပေး ဒလန်များအနေဖြင့် စစ်ကောင်စီအလိုကျ CDM များကို ရှာဖွေစုံစမ်းခြင်း၊ အုပ်ချုပ်ရေးယန္တရားကိုအသက်သွင်းခြင်း၊ စစ်ကောင်စီအောက်အမှုထမ်းခြင်းများ ဆက်လက် လုပ်ဆောင် နေမည်ဆိုပါက ယခုထက်ပို၍ ပြင်းထန်သောတိုက်ခိုက်မှုများ ထပ်မံပြုလုပ်သွားမည်” ဟု Banmauk Revolution က အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုများ၌ သေဆုံးထိခိုက်မှုအား မသိရသေးကြောင်းနှင့် စစ်ကောင်စီသတင်းပေးဖြစ်သူ အောင်ညွန့်မှာမူ လွတ်မြောက်သွားပြီး နောက်ရက်တွင် သေနတ်တစ်လက်ဖြင့် သွားလာနေကြောင်း ဖော်ပြထားသည်။ mizzima

ရေတာရှည်၊ စမိုးရဲကင်း ပစ်ခတ်ခံရပြီး စစ် သား ၆ ဦးသေဆုံး၊ တနင်္သာရီတွင် ရဲအချင်း ချင်း ပစ်ခတ်မှု ဒုရဲမှူးကျော်သူဝင်း သေဆုံး၊ ပုလောတွင် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အမြန်လမ်း ၁၅၈ မိုင် စမိုးရဲကင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ ၃ စနိုက်ပါ တပ်ဖွဲ့က အီနာကာ ၄၀ မမ၊ ၇၉ ရှေ့ထွက်မိုင်းများ တာဝေးပစ် ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း မလွှဲတောင် စစ်ဆေးရေး ဂိတ်စခန်းတွင် ဇူလိုင်လ ၁၇ ရက်နေ့က တာဝန်ကျနေသော ရဲတပ်ဖွဲ့ ၂ ဦး အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒုရဲမှူး ကျော်သူဝင်း သေဆုံးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးသူ ဒုရဲမှူး ကျော်သူဝင်း၏ အလောင်းကို ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် မိသားစုဝင်များ ကဇဟာသုဿာန်တွင် မီးသဂြိုလ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် စစ်သားနှင့် ရဲများတပ်စွဲထားပြီး မော်တော်ယာဥ်များထံမှ ဆက်ကြေး ကောက်ခံကာ ဝေစုခွဲချိန်၌ တပ်ဖွဲ့များကြား အချင်းချင်း ပြဿနာဖြစ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း ၁ ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မင်းထိန်းရွာမှ ပဝတ်ကုန်းရွာကို စစ် ကြောင်း ထိုးလာစဥ် မြိတ်ခရိုင် PDF တပ်ရင်း ၁ နှင့် မဟာမိတ် တပ်ပေါင်းစုက နန်းထိုက်အောင် စစ်ရေး အဖြစ် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ khit thit

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပုလောလူငယ်တဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိန္နဲတောင်ရွာမှာ စစ်ကောင်စီက လက်နက်ကြီးများ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဇူလိုင် ၁၉ ရက်နေ့ မနက် ၂ နာရီလောက်က လူငယ်တဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးခဲ့တဲ့လူငယ်မှာ အသက် ၂၀ ဝန်းကျင်အရွယ် မောင်ဇင်ဝိုင်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေမှုမရှိဘဲ ပုလောအခြေစိုက် ခလရ ၂၈၅ စစ်ကောင်စီတပ်ကနေ ပုလော အရှ့ဖျားဒေသများကို လက်နက်ကြီးတွေ အ ကြောင်းမဲ့ ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သေသခံတွေက ဆိုပါတယ်။

“တိုက်ပွဲမဖြစ်ဘဲနဲ့ ညကတည်းက ပစ်နေတာ။ မနက် ၂ နာရီလောက်မှာ ရွာထဲကို ၃ လုံးကျတယ်။ ၂ လုံးကွဲပြီး ၁ လုံးက ကန်းတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ကလည်း ပုလောအရှေ့ဖျားဒေသ၊ မှော်မိကျေးရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျ ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် ဦးစိန်ဝင်း ဆိုသူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

ပြည်မြို့တွင် အသက်မပြည့်သေးသည့် ၇ တန်းကျောင်းသား ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်မြို့မှာ အသက်မပြည့်သေးတဲ့  ၇ တန်းကျောင်းသား ၅ ယောက်ကို  ဇူလိုင်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ည ၉ နာရီကျော်လောက်မှာ ညဈေးတန်းအဟောင်းမှာ အရင်က ထမင်းဆိုင်ဖွင့်တဲ့အိမ်က ကောင်လေးကို စဖမ်းတာ၊ ရဲနဲ့ ၇၅ တပ်က စစ်ကောင်စီတပ်သားတွေ ကား ၅ စီးနဲ့လာဖမ်းတာ။ အဲဒါပြီးတော့ ပုထိုးကြီးရပ်က ကောင်လေးကို ထပ်ဖမ်းတယ်၊ နောက် ပွင့်လှသိမ်ကုန်း အရှေ့ခြမ်းဘက်က ၃ ယောက် ယောက်ကို ထပ်ဖမ်းတယ်၊  စုစုပေါင်း ၅ ယောက်ကို စစ်တပ်နဲ့ ရဲအင်အားများစွာနဲ့ လာဖမ်းသွားတာ။ အဲဒီကလေးတွေအားလုံးက Kaung for You  ကျောင်းတက်နေသူတွေ၊ ဒလန်သတင်းပေးလို့ သိသွားတာ ထင်တယ်” လို့   ပွင့်လှသိမ်ကုန်း ရပ် ကွက်နေသူ တယောက်က ပြောပါတယ်။

အဖမ်းခံရတဲ့ ကျောင်းသားတွေကို ၇၅ တပ်ထဲမှာ စစ်ဆေးနေပြီး မိဘတွေနဲ့ လတ်တလော တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း စစ်ကောင်စီကျောင်းကို မတက်ချင်တာကြောင့် ဆိုင်ကယ်ကယ်ရီ ဆွဲနေတဲ့ ပြည်မြို့ န၀င်းရပ်ကွက်က အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား တယောက် အပါအဝင် ကျောင်းသူတချို့ကို စစ်ကောာင်စီက ဖမ်းဆီးထားပြီး ကျောင်းပြန်တက်ပါမယ် လက် မှတ်ထိုးသူတွေကိုတော့ ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

မြေမြုပ်မိုင်းများ ထောင်ခြင်းဖြင့် စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှု ကျူးလွန်နေဟု AI အဖွဲ့ ပြော 

မြန်မာ စစ်ကောင်စီတပ်များသည် အာဏာသိမ်းမှုကို ဆန့်ကျင်သော တိုက်ခိုက်ရေးသမားများနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော နယ်မြေများက ကျေးရွာများ ပတ်လည်တွင် “ကြီးမားသော အတိုင်းအတာ” ဖြင့် မြေမြုပ်မိုင်းများ ထောင်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုကို ကျူးလွန်နေကြောင်း လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ရပ်ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။ 

ပြီးခဲ့သည့်နှစ်က အစိုးရကို စစ်တပ်က အင်အားသုံးဖြုတ်ချသည့်နောက်၌ နိုင်ငံတစ်ဝန်း နယ်မြေတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိပ်တိုက်တိုက်ပွဲသစ်များ ပေါ်ပေါက်လာသကဲ့သို့ “ပြည်သူ့ကာကွယ်ရေးတပ်များ” ဒါဇင်များစွာ ဖွဲ့စည်းပေါ်ပေါက်လာကာ စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်လျက် ရှိသည်။ 

ထိုင်းနယ်စပ်အနီးက ကရင်နီပြည်နယ်သို့ ရောက်ရှိချိန်အတွင်း AI မှ သုတေသီများသည် မြေမြုပ်မိုင်းမှ အသက်ရှင်ကျန်ရစ်သူများ၊ ၎င်းတို့ကို ကုသပေးနေသော ဆေးဝန်ထမ်းများနှင့် မိုင်းရှင်းလင်းရေးတွင် ပါဝင်သူများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း ယင်အဖွဲ့က ပြောသည်။ 

စစ်ကောင်စီသည် စပါးကွင်းများအပါအဝင် ကျေးရွာပေါင်း အနည်းဆုံး ၂၀ တွင် မြေမြုပ်မိုင်းများ အသုံးပြုခဲ့၍ အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုများ ဖြစ်ပွားသည့် “ယုံကြည်စိတ်ချရသော သတင်းအချက်အလက်” ကို ရရှိခဲ့ကြောင်း AI အဖွဲ့က ဆိုသည်။ 

ထိုပြင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ယင်းမြေနေရာပေါ်တွင် စစ်ကောင်စီတပ်များက မိုင်းများ ထောင်ခဲ့သည့် ဖြစ်စဉ်အချို့ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု AI အဖွဲ့က ပြောသည်။ 

“ပြည်သူတွေရဲ့ အိမ်ဝင်းခြံတွေမှာ စစ်ကောင်စီစစ်သားတွေက မိုင်းတွေ ထောင်ကြတယ်၊ အိမ်ဝင်ပေါက်တွေ၊ အိမ်သာအပြင်ဘက်တွေမှာပါ မိုင်းထောင်ကြတာ ဖြစ်တယ်”ဟု AI က ပြောသည်။ 

“မှတ်တမ်းတင်နိုင်တဲ့ တစ်ခုသော ဖြစ်ရပ်မှာဆို စစ်ကောင်စီတပ်တွေဟာ အိမ်တစ်အိမ်ရဲ့ လှေကားမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထောင် ချောက်ဆင်တာကို သိရတယ်”ဟု ယင်းက ဆိုသည်။ 

အာဏာသိမ်းမှု ဆန့်ကျင်သောအဖွဲ့များက အချို့ ဧရိယာများတွင် မိုင်းရှင်းလင်းရေးအတွက် ကြိုးစားဆောင်ရွက်ကြသော်လည်း “ပညာရှင်အဆင့် သင်ကြားရခြင်းမရှိဘဲ မည်ကာမတ္တ ပစ္စည်းကရိယာများဖြင့် လက်အားကိုး ရှင်းလင်းနေရခြင်း” ဖြစ်သည်ဟု AI က ဖြည့်စွက်ဖော်ပြ သည်။ 

“ခါးသီးတဲ့ အတွေ့အကြုံကနေ ကျွန်တော်တို့ သိရတာကတော့ အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ပိုပြီး များပြားလာနိုင်တယ်၊ ခုလို လူနေအရပ်တွေမှာ မိုင်းထောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ နေရပ်နဲ့ လယ်မြေတွေဆီ ပြန်ဖို့အရေးမှာ ပိတ်ဆို့ခံထားရတာပဲ ဖြစ်တယ်”ဟု AI ၏ အကြီးတန်း ပဋိပက္ခအကြံပေး Rawya Rageh က ပြောသည်။ 

လူကို တိုက်ခိုက်ရာတွင် သုံးသော မိုင်းထောင်ခြင်း၊ မိုင်းများ စုဆောင်းခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို တားမြစ်သည့် ကုလသမဂ္ဂ သဘောတူညီချက်၌ မြန်မာနိုင်ငံသည် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

မြန်မာစစ်တပ်သည်လည်း ပြည်တွင်း ပဋိပက္ခများ ဆယ်စုနှစ်များစွာအတွင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသည်။  mizzima

မြန်မာနိုင်ငံတွင် တတိယသုံးစွဲသူအများဆုံး Ooredoo ဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော ကာတာ ဆက်သွယ်ရေးကုမ္ပဏီ Ooredoo (ORDS.QA) သည် မြန်မာနိုင်ငံမှ ထွက်ခွာရန် ရှယ်ယာများကို ရောင်းချရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။

အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက သူ၏ ရှယ်ယာများအားလုံးကို ရောင်းချရန် စစ်ကောင်စီ ဆက်သွယ်ရေးလုပ်ငန်းထံ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ ဒိုဟာအခြေစိုက် Ooredoo သည် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် သုံးစွဲသူပေါင်း ၁၅ သန်းနီးပါးရှိသော မြန်မာနိုင်ငံ၏ တတိယအကြီးဆုံး အော်ပရေတာဖြစ်ကြောင်း သိရှိရသည်။

အော်ရီဒူးကုမ္ပဏီကို ဝယ်ယူရန် အလားအလာရှိသူများတွင် Young Investment Group၊ စင်ကာပူအခြေစိုက် အော်ပရေတာ Campana Group နှင့် SkyNet တို့ ပါဝင်ကြောင်း၊ Skynet သည်ရွှေသံလွင်ကုမ္ပဏီကပိုင်ဆိုင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံမှ ထွက်ခွာလျက်ရှိပြီး အော်ရီဒူးကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံခဲ့သော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည်။

အော်ရီဒူးဘက်ကမူ အဆိုပါသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဟု ရိုက်တာသတင်း၏ အဆိုအရ သိရှိရသည်။ khit thit

ဆောမြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ယမန်နေ့ (ဇူလိုင် ၁၈) ချုံခိုတိုက်ခိုက်မှုတစ်ခုတွင် စစ်ကောင်စီတပ်မှ ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသည်ဟု လောင်းရှည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဆိပ်ဖြူမြို့နယ်မှ ဆောမြို့နယ်အတွင်း ခြေလျင်ဝင်ရောက်လာသည့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဆောမြို့နှင့် မိုင် ၄၀ ကျော်အကွာတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု လောင်းရှည်-PDF အဖွဲ့က ပြောသည်။

ဆင်ထားသည့် မိုင်းများထဲမှ ၄ လုံး ပေါက်ကွဲသည်ဟု လောင်းရှည်-PDF အဖွဲ့မှ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်တင်စိုးက ဆိုသည်။

“မိုင်းကွင်းထဲ ဝင်လာတဲ့အချိန်မှာ ဆွဲလိုက်တာ မြင်နေရတာပေါ့နော်၊ လဲကျသွားတာကိုရော ဒဏ်ရာရနေလို့ အော်နေတဲ့လူတွေရော” ဟု ပြောသည်။

မိုင်းခွဲပြီးနောက် လောင်းရှည်-PDF အဖွဲ့က လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မိနစ်အနည်းငယ်ကြာ အပြန်အလှန်ပစ်ခတ်ကြပြီးနောက် PDF အဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဗိုလ်တင်စိုးက ပြောသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ) များမှ ဖြစ်နိုင်သည်ဟု လောင်းရှည်-PDF က ခန့်မှန်းသည်။

ဆော-ဆိပ်ဖြူလမ်းပိုင်းတစ်ခုလုံးကို လောင်းရှည်-PDF က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဂိတ်စခန်းများချကာ စစ်ဆေးနေသည့်အတွက် နယ်မြေစိုးမိုးရန် လာရောက်သည့် စစ်ကြောင်းဖြစ်နိုင်သည်ဟု ဗိုလ်တင်စိုးက သုံးသပ်သည်။

“ဆောအထိတော့ ဆက်တက်မယ် မထင်ဘူး၊ ဒီလမ်းကြောင်းကို လာစိုးမိုးတာလို့ ထင်တယ်၊ လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းထိုးနေမဲ့ပုံပဲ” ဟု ဗိုလ်တင်စိုးက ပြောသည်။

ယနေ့တွင် စစ်ကောင်စီတပ်မှာ ဆော-ဆိပ်ဖြူလမ်းပိုင်းရှိ နဂါးပွက်တောင်အနီး စစ်ကြောင်းထိုးနေပြီး အဆိုပါတောင်အနီးရှိ ကျေးရွာများ သတိထားကြရန်နှင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို ခရီးသည်များ အသုံးမပြုကြရန် လောင်းရှည်-PDF က တိုက်တွန်းထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာရာတွင် ထိုအထဲတွင် ချင်း- မကွေးနယ်စပ် မြို့နယ်များဖြစ်သည့် လောင်းရှည်၊ ဆော၊ ကျောက်ထုစသည့် မြို့များလည်း ပါဝင်သည်။

ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ဗျူဟာတစ်ခု၊ တပ်ရင်းနှစ်ခု ရှိသည့် မတူပီမြို့နယ်နှင့် အခြားမြို့နယ်များကို ရိက္ခာ၊ ခဲယမ်းများပို့ရာတွင် အ ထက်ပါ ချင်း-မကွေးနယ်စပ်မြို့များကို မဖြစ်မနေဖြတ်သန်းနေရသလို ဒေသခံ PDF များကလည်း အဆက်မပြတ်တိုက်ခိုက်နေသည်။

ဇူလိုင် ၁၇ ရက်က ပခုက္ကူမြို့မှ ထွက်လာသည့် အစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းမှာ ယမန်နေ့ညက ကျောက်ထုမြို့သို့‌ ရောက်ရှိပြီး ကျောက်ထုအမြောက်တပ်နှင့် လေယာဉ်ကွင်း၌ နေရာယူထားပြီး မင်းတပ်မြို့ကို ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေသည်။

ယနေ့မွန်းလွဲတွင် မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်တစ်စီး ပျံသန်းနေပြီး မင်းတပ်-ကျောက်ထု လမ်းပိုင်းရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ထောက်လှမ်းနေသည့်အတွက် ဒေသခံများ ဂရုစိုက်နေထိုင်ကြရန် ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF-မင်းတပ်က တိုက်တွန်းထားသည်။ myanmar now

မြဝတီမြို့တွင်း ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် ဦးအောင်ဇေယျလမ်းနဲ့ ဗိုလ်ချုပ်လမ်းတောင့်မှာ ဇူလိုင် ၁၉ ရက် မနေ့ည ၉ နာရီ ၅၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကို အသံကျယ်လောင်စွာကြားရတာကြောင့် မြဝတီမြို့နေပြည်သူတွေ စိုးရိမ်နေကြတယ်လို့  မြို့ခံတဦးက ပြောပါတယ်။

မနေ့ညပိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ  မြဝတီမြို့မရဲစခန်းနဲ့ ကိုက် ၁၀၀ လောက် သာဝေးတဲ့ နေရာမှာရှိပြီး ဘယ်အဖွဲ့ရဲ့လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။ 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုမကြာခဏ ဖြစ်ပွါးပေမဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ပါဘူး။ DVB

နွားထိုးကြီး-တောင်သာလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် အိမ်စီးကား ၂ စီး မိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် နွားထိုးကြီးမြို့ဘက်မှ တောင်သာမြို့နယ်ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ် သားများလိုက်ပါလာသည့် အိမ်စီးကား မှန်လုံနှစ်စီးကို နွားထိုးကြီး PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“နွားထိုးဘက်ကနေ အိမ်စီးကားနှစ်စီးထွက်လာတာ သတင်းရလို့ ရန်ကင်း-သာစည်တံတားနားမှာ မိုင်းဆွဲ ခဲ့တာပါ။ တစ်စီး ထိတယ်ဗျ။ ကားပေါ်ကစခတွေ ကြောက်ပြီး ရမ်းသန်းပစ်ခတ်လို့ နထိုးအဖွဲ့က အချက် ၅၀ ကျော်လောက် ပြန်ပစ်ခတ်ခဲ့တယ်။ တစ်စီးက တောင်သာဘက်ကို ဝင်လာတယ်။ ည ၁၁ နာရီ ကျော် လောက်မှာ နွားထိုးက လိုက်ထရပ်ကားတစ်စီးနဲ့ မိုင်းဆွဲခံရတဲ့နေရာမှာ မိုင်းထိတဲ့သူတွေကို လာကောက် သွားတယ်” ဟု NPDF မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါကားနှစ်စီးအနက် တစ်စီးသာ တောင်သာမြို့ဘက်သို့ရောက်ရှိနေပြီး နောက်တစ်စီးမှာမူ တောင် သာမြို့ကိုလည်းမရောက် နွားထိုးကြီးမြို့ဘက်သို့လည်း ပြန်လှည့်လာခြင်းမရှိကြောင်း NPDF တာဝန်ခံက ဆက်ရှင်းပြသည်။

နွားထိုးကြီး-တောင်သာနယ်စပ် ရန်ကင်း-သာစည်တံတားအနီးတွင် ဇူလိုင်လ ၁၇ ရက်နေ့ ည ၁၀ နာရီခန့် ကလည်း ဒေသကာကွယ်ရေးအဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးထိမှန်ပြီး စစ်သားငါးဦး သေဆုံးကာ အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ ၁၇ ရက် နံနက် ၁၁ နာရီခန့်ကလည်း မြင်းခြံဘက်မှ နွားထိုးကြီးဘက်သို့ မောင်းနှင် လာသော စစ်သား ၁၀ ဦးခန့်လိုက်ပါလာသည့် စစ်ကားတစ်စီးကို နွားထိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းရှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ mizzima

« Older Entries