Monthly Archives: Jul 2022

သထုံမြို့က အောက်ကျင်းရပ်ကွက်အုပ်ချုပ်ရေးရုံး မိုင်းထောင် ဖောက်ခွဲခံရ

မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇူလိုင် ၂၁ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက် မိုင်းထောင် ဖောက်ခွဲခံခဲ့ရတယ်လို့ မြို့ခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိလူ ၂ ဦးက လာရောက် မိုင်းထောင်ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းထောင် ဖောက်ခွဲခံရတာကြောင့် ရုံးအဆောက်အဦ အနောက်ဘက်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြို့အတွင်းမှာ ဗုံးပေါက်ကွဲမဖြစ်တာ ၄ လကျော်လောက်ရှိပြီး အခုမှ ပေါက်ကွဲမှု ပြန်လည်ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး မိုင်းထောင် ဖောက်ခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးခဲ့သလို မြို့အဝင်အထွက်နေရာတွေလည်း ပိတ်ဆို့ရှာဖွေ စစ်ဆေးတာနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဘယ်အဖွဲ့က မိုင်းထောင် ဖောက်ခွဲခဲ့လဲဆိုတာ မသိရသေးပါဘူး။

သထုံမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လဝက၊ စည်ပင်၊ ကညနရုံးအပါအဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ၁၀ ကြိမ်ထက်မနည်း ဖောက်ခွဲခံထားရပါတယ်။ DVB

PDF များအား စိန်ခေါ်ခဲ့သည့် ညောင်ရွှေမြို့က အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးသည် PDF များအားစိန်ခေါ်ခဲ့ရာ ၎င်းအား ပစ်ခတ်ရှင်း လင်းခဲ့ကြောင်း ပြည်သူ့ဘက်တော်သား ပြောက်ကျား တပ်ဖွဲ့ Assassin For Justice(AFJ)က ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်သည်။

ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်တာသည် ရပ်ကွက်သား များပေါ် ငွေကြေးအမျိုးမျိုးတောင်းခံခြင်း၊ အခြားမြို့ရွာများတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသူများအား PDF အဖွဲ့သို့ သွားရောက်သူဟု စွပ်စွဲကာ ငွေကြေးတောင်းယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။

AFJ အဖွဲ့မှ ၎င်းအား စစ်ကောင်စီ ဒေါက်တိုင်မပြုလုပ်ရန် သတိပေးပြောကြားရာတွင် “မင်းတို့မှာတင် Gun ရှိတာ မဟုတ်ဖူး။ ငါ့မှာလည်း ရှိတယ်၊ အချိန်မရွေးလာ ခဲ့” ဟု စိန်ခေါ်ပြီး ပြောဆိုခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ယနေ့ဇူလိုင်လ ၂၁ရက် နံနက် ၈ နာရီခန့်တွင် သတိပေးရုံ သွားရောက်တွေ့ဆုံခဲ့ရာ ၎င်းက ပြန်လည်ရန်မူသောကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးဖော်ပြသည်။

“ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် လူထုကိုဖိနှိပ် အုပ်ချုပ်နေသည့် စစ်ကောင်စီဒေါက်တိုင်အဖြစ် ဆက် လက်မလုပ်ကိုင်ရန်နှင့် လောင်းကစားပြုလုပ်၍ စစ်ကောင်စီထံ ငွေကြေးထောက် ပံ့နေသော လောင်းကစားဒိုင်များကိုလည်း ပြင်းထန်စွာ သတိပေးကြောင်း” AFJ အဖွဲ့က ဖော်ပြသည်။ mizzima

ဖယ်ခုံမြို့နယ် လွယ်မကူးတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီပူး ပေါင်းတပ်ဖွဲ့ တိုက်ခိုက်၊ စစ်သား ၉ ဦး ထိခိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ခြမ်း လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၉ ဦး ထိ ခိုက်သေဆုံးကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ က သတင်းထုတ်ပြန်သည်။

၁ နာရီခန့်တိုက်ပွဲဖြစ်ပွားပြီး ဖယ်ခုံအခြေစိုက် စကခ ၇ မှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခြင်းကြောင့် ကရင်နီတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း၊ ားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာ အနီးဝန်းကျင်တွင် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ စစ်ရှောင်နေကြရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၂ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၃ က ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ khit thit

စလင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသကာ ကွယ်ရေးတပ်များ နှစ်ရက်ဆက် တိုက်ပွဲဖြစ် ပွား

မကွေးတိုင်း စလင်းမြို့နယ်မှာ ဇူလိုက် ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ပွင့်ဖြူပြောက်ကျားအင်အားစု PP-UG က ပြောပါတယ်။

စလင်းမြို့နယ် အနောက်ဘက် ခင်ပလူရွာနားမှာ ဇူလိုင်လ ၂၀ မနက် ၅ နာရီလောက်မှာ ကျေးလက်လမ်းကနေထွက်လာတဲ့ စစ်ကောင်စီ ဖောကား ၂ စီးကို PP-UGနဲ့ စလင်းတောင်ပိုင်း SL-PDF တို့ပူးပေါင်းပြီး လက်နက်ကြီးနဲ့  ၃ ချက် ပစ်ခတ်ခဲ့တယ်လို့ PP-UG ရဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်အိုးဝေ က ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ဘက်က ပစ်လိုက်တာ ထိတော့ထိတယ်။ ဖောကားတစ်စီးနောက်ကို ပြန်ဆုတ်သွားတယ်။ စစ်(…)တွေ ဘယ်လောက်ထိခိုက်သေ ဆုံးတယ်ဆိုတာကိုတော့ အတိကျမသိရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်တယောက်ကတော့ လက်ကိုကျည်ဆန်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်။” 

ဒါ့အပြင် ခင်ပလူလမ်းကြောမှာပဲ ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ခြေလျင် စစ်ကြောင်းထိုးလာတဲ့ အင်အား ၃၅၀ လောက်ပါ စစ်ကောင်စီကြောင်းကို ဗဒေသာမိုင်း ၄ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးသူ များပြီး အရေတွက် ဘယ်လောက်သေတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဗိုလ်အိုးဝေ ကပြောပါတယ်။

“စစ်(…)တွေက ကျနော်တို့တပ်ဖွဲ့တွေရှိတဲ့နေရာတွေကို အင်အား အလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ စခန်းစွန့်ပြီး ဘေးကင်းတဲ့ နေရာတွေကို ဆုတ်ခွာခဲ့ရတယ်။ အခုလက်ရှိအခြေနေမှာတော့ ဘေးကင်လုံခြုံတဲ့နေရာက မဟာမိတ်တွေဆီကို ရောက်နေပြီ။” 

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ခင်ပလူ၊ ဘာလ၊ ငလိုင်တွင်း ကျေးရွာတွေ အပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်။ 

လက်ရှိ အဲဒီရွာတွေကို စစ်ကောင်စီတပ်ဖွဲ့က ပိုက်စိတ်တိုက် မွှေနေပြီး ဒေသခံတွေကို ဖမ်းဆီးကား စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

PP-UG အနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိနေသလို ကျေးရွာ ၅ ရွာက ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေအတွက်လည်း သက်ဆိုင်ရာအဖွဲ့စည်းတွေက ချိတ်ဆက် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။ DVB

မန္တလေးတွင် အောင်ဘာလေထီရောင်းသောဆိုင် ဗုံးပစ်ခံရ

မန္တလေးမြို့၊ အောင်တော်မူဘုရားအနီးတွင် စစ်ကောင်စီမှထုတ်ဝေသော အောင်ဘာလေထီ ရောင်းချနေသည့် ထီဆိုင်တစ်ဆိုင် ယနေ့ ဇူလိုင် ၂၁ ရက် ညနေပိုင်း၌ ဗုံးပစ်ခံရကြောင်း ဒေသခံများထံက သိရသည်။

ဗုံးပစ်ခံရသည့်ထီဆိုင်သည် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက် ၆၃ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ ထီဆိုင်နှင့် သင်္ကန်းတိုက် တွဲဖွင့်ထားသော မျိုးဆန်း အောင်တော်မူဆိုင်ခွဲ ဖြစ်ကြောင်းဆိုသည်။

ဇူလိုင် ၂၁ ရက် ညနေ ၄ နာရီခွဲအချိန်တွင် အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးဖြင့်ပစ်ပေါက်သွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ဗုံးပစ်ခံရမှုကြောင့် ဆိုင်ရှင်ဖြစ်သူ၏ ယာဘက်ခြေထောက် ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ဆိုင်လည်း ပျက်စီးမှုအနည်းအကျဉ်းရှိခဲ့ကြောင်းသိရသည်။

မည်သည့်အဖွဲ့အစည်းက မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့သည်ကို လတ်တလောမသိရသေးသော်လည်း စစ်ကောင်စီအတွက် အခွန်ဝင်ငွေရှာပေးနေသော အောင်ဘာလေထီများကို ဆက်လက်ရောင်းချခြင်းမပြုရန် မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့ကြသေးသည်။ mizzima

ယင်းမာပင်မြို့နယ်၊ ကံစုတောပြင်ရှိ ပြည်သူ ပိုင် နေအိမ်များကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူများလည်း ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘွန့်ဘွေးရွာ အနောက် မြောက်ဘက် ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် စစ်တပ်က မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များသည် ဘန့်ဘွေးရွာမှ ပျူစောထီးအဖွဲ့နှင့် စစ်တပ်က ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး ပြည်သူ တချို့ဖမ်းဆီးထားခံရပြီး အရေအတွက် အတည်မပြု နိုင်သေး​ကြောင်း သိရသည်။

“မီးရှို့တာက မွန်းလွဲ ၁ နာရီလောက်က စပြီးရှို့တာဘန့်ဘွေးရွာကနေ ထွက်ရှို့တာ သူတို့ လာကတည်းက ဒေသခံတွေက ထွက်ပြေးကြတယ်။ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်။ အဲလူတွေကို ဘန်ဘွေးရွာထဲ ခေါ်သွားတယ်လို့တော့ ကြား ရတဲ့ အတည်တော့ မပြုနိုင်သေးဘူး။ သူတို့က ကင်းပုန်းတွေ ချန်ထားခဲ့နိုင်တယ် ထင်လို့ ကျွန်တော်တို့ ပြန်မဝင်ရဲ သေးဘူး။ မီးလောင်တဲ့ နေအိမ်အရေအတွက်လည်း အတိအကျ ကျွန်တော်တို့ မပြောနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ကလည်း ဘွန့်ဘွေးရွာမမြောက်ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၉ လုံးနှင့် စစ်ဘေးရှောင်တဲ ၃ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဘန်ဘွေးရွာတွင် စစ်တပ်က တပ်စွဲနေထိုင်လျက်ရှိကြောင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းမှ လာသည့် လိုင်းကားများကို စစ် ဆေးမှုများ ပြုလုပ်ပြီး ဆက်ကြေး ကောက်ခံမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။khit thit

အာဏာသိမ်းပြီးချိန်ကစပြီး ယခုနှစ်ဇွန်လကုန်ထိ တမူးတွင် အရပ်သား ၁၉ ဦးထက်မနည်း အသတ်ခံရ

စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ၆ ဦးထက်မနည်း ဖမ်းဆီးခံရကာ အိမ်ခြေ ၁၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ပြောပါတယ်။

“ကျနော်တို့ ကူကီး‌ကျောင်းသားလူငယ်အဖွဲ့အစည်းက ကောက်ထားတဲ့ စာရင်းတွေပါဗျ။ အခု တွက်ချက်ထားတဲ့ အခြေအနေထက် မြေပြင်အခြေအနေမှာ ပိုများနိုင်ပါတယ်။ တိုက်ပွဲပေါင်း ၅၀ ကျော် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် ကျဆုံးခဲ့ကာ ဒေသခံကာ ကွယ်ရေးတပ်သား ၆‌ ဦးလည်း ကျဆုံးခဲ့ပါသေးတယ်” လို့ ကူကီးကျောင်းသားအသင်းက တာဝန်ရှိသူက ပြောပါတယ်။

ရန်လင်းဖိုင်ကျေးရွာက ဒေသခံတဦး “ကျနော်တို့ရွာက အိမ်တွေဆို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတာ၊ ရွာက အိမ်ခြေ ၄ လုံး မီးရှို့ခံရတယ်၊ ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်၊ ရွာကိုမီးရှို့တယ်” လို့ ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ တမူးမြို့နယ်ကို သာလွန်အင်အားသုံးကာ ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ် ဖြတ်ကာ လူနေအိမ်တေါကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်တွေဟာ တမူးမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၅ လဝန်းကျင်ရှိနေပြီလည်း ဖြစ်ပါတယ်။

တမူးမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။ DVB

ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အသစ်အရ မြန်မာ့လူဦးရေ သန်း ၂၀ နီးပါး ဆင်းရဲသွား

ယနေ့ (ဇူလိုင် ၂၁) ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်အရ ဆင်းရဲနွမ်းပါးသူဦးရေ ၄၀ ရာခိုင်နှုန်းရှိသွားပြီဖြစ်ရာ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေသန်း ၅၀ ကျော်ရှိ မြန်မာနိုင်ငံတွင် လူသန်း ၂၀ နီးပါး ဆင်းရဲသွားသည်။ 

လူတစ်ဦး တစ်နေ့ဝင်ငွေ အမေရိကန်တစ်ဒေါ်လာ (၁ ဒသမ ၉ ဒေါ်လာ) အောက် ရောက်ရှိပါက ဆင်းရဲနွမ်းပါးသူဟု ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတ်မှတ်ထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် တစ်နေ့ဝင်ငွေ ကျပ် ၂၀၀၀ ခန့်ပင် မပြည့်သူ သန်း ၂၀ နီးပါးရှိနေသည်။ 

စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီး တစ်နှစ်ခွဲအကြာတွင် မြန်မာနိုင်ငံ၏ အနေအထားမှာ လွန်ခဲ့သော ၁၅ နှစ်ကျော် နအဖအစိုးရလက်ထက်အခြေအနေကို ပြန်ရောက်သွားသည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအဟောင်းများအရ နအဖအစိုးရလက်ထက် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ၄၈ ရာခိုင်နှုန်းရှိခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ အဆိုးရွားဆုံးစီးပွားရေးအခြေအနေကို ရင်ဆိုင်ခဲ့ရပြီး ခုနှစ်တွင်လည်း အခြားနိုင်ငံများထက် နောက်ကျကျန်နေဦးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် Mariam Sherman က ဆိုသည်။​

“ဒီအခြေအနေက ဆက်သွားနေဦးမယ်” 

ပဋိပက္ခများအကြား စားနပ်ရိက္ခာနှင့် ဆင်းရဲမွဲတေမှုကို တွန်းလှန်လျက် ဝင်ငွေကျဆင်းနေသော မြန်မာပြည်သူများ၏ ခံနိုင်ရည်ရှိမှုကို စမ်းသပ် မြန်မာပြည်သူများ၏ ခံနိုင်ရည်ကို စမ်းသပ်အနေအထားဖြစ်သည်ဟုလည်း ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်က ပြောသည်။​

ငွေကြေးဖောင်းပွမှုက စီးပွားရေးလုပ်ငန်းအားလုံးကို အနှောင့်အယှက်ဖြစ်စေခဲ့ကာ စားသုံးဈေးဆနှုန်း (CPI) အရ ငွေကြေးဖောင်းပွမှုမှာ ပြီးခဲ့သည့်မတ်လ၌ပင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ပြီးခဲ့သည့်နှစ်တွင် ၁၈ ရာခိုင်းနှုန်းအထိ ကျုံ့ဝင်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ လာမည့်စက်တင်ဘာလတွင် ဘဏ္ဍာနှစ် ကုန်ဆုံးမည်ဖြစ်သည်။​

မြန်မာ့စီးပွားရေးအခြေအနေမှာ ယခုနှစ်အစပိုင်းကတည်းက အတောမသတ်သော ရိုက်ခတ်မှုများ ရင်ဆိုင်ခဲ့သည်ဟုလည်း ယနေ့ထုတ်ပြန်သော စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဖွင့်ဆိုထားသည်။​

၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ချိန်တွင် အာဏာရှင်အုပ်စိုးမှု အဆုံးသတ်ပြီဆိုသော ယူဆချက်ဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ကမ္ဘာ့ဘဏ်ကဲ့သို့ ဖွံ့ဖြိုးမှုအကူအညီပေးရေးအဖွဲ့အစည်းများ မြန်မာနိုင်ငံ ဝင်ရောက်ခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ခဲ့သော ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းများရှိသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသော မြန်မာနိုင်ငံတွင် မရေရာမှုများ ဆက်လက်မြင့်မားနေခြင်းကြောင့် ပြီးခဲ့သည့်လဆန်းပိုင်းက ထုတ်ပြန်ချက်တွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးအခြေအနေကို ခန့်မှန်းခဲ့ခြင်း မရှိပေ။​ myanmar now

မြိုင်မြို့နယ်တွင် ဌေးအောင်ကျေးရွာကို မီးရှို့ဖျက်ဆီး၍ ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ဌေးအောင်ကျေးရွာကိုမီးရှို့၍ ထွက်ခွါလာသော အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ရွှေသံတောင် -နွယ်တန်းခင် အနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိနိုင်ပြီး အသေးစိတ် မသိရှိရသေးကြောင်း Royal Eagle တပ်ဖွဲ့ သတင်းနှင့်ပြန် ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကျနော်တို့က အချိန်တော်တော်ကြာ စောင့်ဆိုင်းပြီးမှ ရန်သူအငိုက်ကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ် ၊ တိုက်ပွဲကြာချိန် ကတော့ မိနစ် ၃ဝ ခန့် ရှိတယ် ၊ စစ်ကောင်စီတပ်ဘက်မှာတော့ အထိအခိုက် အသေအဆုံးကတော့ ရှိနိုင်တယ် လက်ရှိမှာတော့ အသေးစိတ် မသိရသေးဘူး” ဟု Royal Eagl တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲတွင် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၁) ၊ ပုလဲမြို့နယ် ပ.က.ဖ နှင့် မြိုင်မြို့နယ် အတွင်းရှိ မဟာမိတ် တပ်ပေါင်းစု များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

« Older Entries