Monthly Archives: Jul 2022

မြဝတီမြို့အနီး BGF ကင်းစခန်း ၁ ခုကို အ မည်မသိလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့  ၂ မိုင်လောက်ဝေးတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်အောက်ခံ  BGF နယ်ခြားစောင့်တပ်ရဲ့ ကင်းစခန်းတစ်ခုကို  အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့က  ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီလောက်မှာ လာရောက်ပစ်ခတ်တိုက်ခိုက်  သိမ်းပိုက်သွားတယ်လို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

BGF တပ်ဖွဲ့ဝင် ၇ ယောက်လောက်ရှိတဲ့  တုံးတံတား (ခ) ပွင့်လင်းအေးမြိုင်စခန်းလို့ လူသိများတဲ့ ကင်းစခန်းကို  အမည်မသိ လက်နက်ကိုင်အဖွဲ့က အင်အား ၄၀ လောက်နဲ့ ရောက်လာပြီး  စတင်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ BGF တပ်သား တယောက် ပွဲချင်းပြီးသေဆုံး၊ ၂ ယောက် အရှင်ဖမ်းဖိကာ၊   ၄ ယောက်ကတော့  BGF တပ်ဖွဲ့သို့ ပြန်လည်ထွက်ပြေးသွားတယ်လို့ သတင်းထွက်နေပြီး  ထိခိုက် သေဆုံးမှုနဲ့ ပတ်သက်ပြီး  အရေအတွက် အတိအကျတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာ  စစ်ကောင်စီလက်အောက်ခံ BGF တပ်ထံကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ် ၄ လက် သိမ်းဆည်းသွားတယ်လို့လည်း ဆိုပါတယ်။

BGF တပ်ဖွဲ့က စစ်ကူတွေကတော့ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်သံတွေကြားနေရသလို စစ်ကောင်စီ လက် နက်ကြီးတပ်ဖွဲ့ကလည် ဒီနေ့ည ၈ နာရီလောက်အထိ  လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့  ကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ DVB

အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတချိန်တည်း၊ တပြိုင်တည်းတိုက်မည်ဟု ဒေါက်တာဇော်ဝေစိုး တပ်လှန့်

အဆုံးသတ်တိုက်ပွဲအတွက် အားလုံးတချိန်တည်း တပြိုင်တည်းတိုက်ပွဲခေါ်မည်ဖြစ်ပြီး တချိန်တည်း တပြိုင်တည်း တိုက်မည်ဟု ဒေါက်တာဇော် ဝေစိုးက တပ်လှန့်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး နှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း​၏ ဇူလိုင် ၂၂ရက် ညပိုင်းတွင် လူမှု့ကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

” အားလုံးအဆင်သင့်တိုက်ပွဲအတွ​က် ပြင်ဆင်ကြလော့” ဟု ဆိုကာ အချက် ခုနှစ်ချက်ဖြင့် ရေးသားဖော်ပြထားသည်။

ပြည်သူများအနေဖြင့် နောက်ဆုံးအထွေထွေသပိတ်ကြီး ဆင်နွှဲရန်ပြင်ဆင်ကြရန်၊ CDM များ NUG ယန္တရား ERO ယန္တရားများတွင်ပါဝင်ကြရန်၊ လက်တွဲထားပြီး ERO ညီအစ်ကိုများ အဆင့်ပြင်ထားကြရန်၊ လက်မတွဲရသေးသော ERO များ အမြန်ဆုံးလက်တွဲကြရန်၊ Non CDM များ အလင်းဝင်ကြပါ။ နောက်ဆုံးအကြိမ်သတိပေးခြင်းပါ ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ စစ်သားရဲသားများ လက်နက်ချအလင်းဝင်ကြရန်၊ ပြည်သူ၊ ERO နှင့် PDF များနှင့် ပူးပေါင်းရန်။ PDF များအသင့်ပြင်ထားကြပါ။ အားလုံးတချိန်တည်း၊ တပြိုင်တည်းတိုက်ပွဲခေါ်ပါမည်။ တချိန်တည်း တပြိုင်တည်း တိုက်ပါမည်ဟု တပ်လှန့်ထားသည်။

ထို့အပြင် ” အဆုံးသတ်တိုက်ပွဲဆင်နွှဲတော့မည်။ လူသူ လက်နက်ပြင်ဆင်ထားပြီးပြီ” ဟု ဆိုထားပြီး တော်လှန်ရေးအသုံးစရိတ်အတွက် တော် လှန်ရေးငွေတိုက်စာချုပ်ဝယ်ကြရန်၊ တော်လှန်ရေးရန်ပုံငွေအစုရှယ်ယာဝယ်ကြရန်၊ တော်လှန်ရေးထောက်ပို့လှုဒါန်းကြရန်၊ ဒေါ်လာ သန်း ၅၀ ခန့်လိုအပ်နေပြီး အဆုံးသတ်တိုက်ပွဲအတွက် ပါဝင်ပေးကြရန် တိုက်တွန်းထားသည်။ mizzima

ဂမ်ဘီယာက မြန်မာကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲခွင့် မရှိ ဆိုသော ကန့်ကွက်ချက်အပါအဝင် စစ်ကောင်စီ၏ ကန့်ကွက်များအား လုံးကို အပြည်ပြည်ဆိုင်ရာ ICJ တရား ရုံးက ပယ်ချ

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJတွင် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု နှင့်ပတ်သက်ပြီး တရားစွဲထားမှုတွင် ဂမ်ဘီယာအနေဖြင့် မြန်မာနိုင်ငံကို တရားစွဲဆိုခွင့်မရှိဟု အကြမ်းဖက်စစ်ကောင်စီက ကန့် ကွက်ထားမှု အပါအဝင် ကန့်ကွက်ချက်များအားလုံးကို ICJ တရားရုံးက ယနေ့ ပယ်ချလိုက်သည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့ နယ်သာလန်နိုင်ငံတွင် မြန်မာအကြမ်းဖက် စစ်ကောင်စီ ၏ ကန့်ကွက်ချက်များနှင့်ပတ်သက်ပြီး ICJ တရားရုံးက အ လုံးစုံ ပယ်ချလိုက်ခြင်းဖြစ်သည်။

“ဂမ်ဘီယာအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသဖြင့် မြန် မာနိုင်ငံတွင် လူမျိုးတုန်း သတ်ဖြတ်မှု ရှိ၊ မရှိ၊ ကျူးလွန်မှု ရှိ၊ မရှိ နှင့်ပတ်သက်ပြီး တရားစွဲဆိုခွင့်ရှိကြောင်း” ICJ တရားရုံး၏ ဆုံးဖြတ်ချက်တစ်ခုတွင်‌ဖော်ပြထားပြီး မြန်မာအကြမ်းဖက် စစ်ကောင်စီ၏ ကန့်ကွက်ချက်များအားလုံးကို ပယ်ချခံလိုက်ရခြင်းဖြစ်သည်။

ICJ တွင် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို NLD အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တရားရင်ဆိုင် ဖြေရှင်းခဲ့ပြီး အကြမ်း ဖက် မင်းအောင်လှိုင် လက်ထက်တွင်မူ မင်းအောင်လှိုင် ခန့်အပ်ထားသော အကြမ်းဖက် ကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ရင် ဆိုင်ဖြေရှင်းလျက်ရှိကြောင်း သိရှိရသည်။ khit thit

ကျိုက်ထိုမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ ဒေသခံ ၄၀၀၀ ကျော် ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကနေ  ၁၂ ရက်နေ့ထိ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ် ဝင်းကံနဲ့ ဇီးပြောင်းကျေးရွာအုပ်စုထဲကို လက်နက်ကြီး အလုံး ၅၀ လောက်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင် ၁၉ ရက်ကလည်း စစ်ကောင်စီတပ်ဟာ သိမ်ဇရပ်အနီး ဓမ္မဒူတဘုန်းကြီးကျောင်း အတွင်းကနေ ဇီးပြောင်းနဲ့ဝင်းကံကျေး ရွာအုပ်စုထဲကို လက်နက်ကြီး ၉ လုံး ထပ်မံ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲက လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတာပါ။

သထုံခရိုင် PDF တာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ ညပိုင်းအချိန်တွေမှာ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတာဟာ ဒေသခံပြည်သူတွေကို ရည်ရွယ်ချက် ရှိရှိ ဒုက္ခပေးနေတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ကျေးရွာတွေထဲ မနေရဲကြတော့ဘဲ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ပုန်းခိုနေထိုင်နေရပါတယ်။

လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့နေရာထိုင်ခင်း အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကေအန်ယူ သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။ DVB

CNG ပြတ်တောက်မှုကြောင့် ရန်ကုန်ဘတ်စ် ကားစီးခရီးသည်များ မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာစုပုံနေ

ရန်ကုန်မြို့တွင် CNG ဓာတ်ငွေ့ပြတ်တောက်ခြင်းက ခရီးသည်တင်လိုင်းကားများကိုပါရိုက်ခတ်သဖြင့် ကားပြေးဆွဲမှုလျော့နည်းသွားကာ မှတ် တိုင်အများအပြားတွင် ခရီးသည်များစုပုံနေခဲ့သည်ကို ယနေ့ (ဇူလိုင် ၂၂ ရက်) က တွေ့မြင်ရသည်။

CNG သုံးလိုင်းကားများမှာ ဓာတ်ငွေ့ဆိုင်များရောင်းချမှုမပြုပေးသည့်အတွက် ပြေးဆွဲနိုင်ခြင်းမရှိရာ ရုံးဆင်းချိန်တွင် ခရီးသည်များ အချိန်ကြာမြင့်စွာစောင့်ဆိုင်းရသော လူအုပ်ကြီးကိုမှတ်တိုင်များတွင်တွေ့ကြရသလို မှတ်တိုင်သို့ဝင်လာသော ရှားရှားပါးပါးကားများပေါ် အလု အယက်ပြေးတက်ကာ ကားကြပ်သည့်ဒဏ်ခံကြရပြန်သည်။

”အခုပဲသမီးကဖုန်းဆက်တယ်။ လိုင်းကားတွေမရှိလို့တဲ့ ညနေ ၄နာရီခွဲရုံးဆင်းချိန်ကတည်းက ဆူးလေကားမှတ်တိုင်မှာကားစောင့်နေတာဘယ်ကားမှမလာကြဘူးတဲ့။လိုင်းကားတွေဂက်စ်ဆိုင်မှာစုပုံတန်းစီနေကြတယ်။ အခုကားမှတ်တိုင်မှာလည်း လူပုံကြီးဖြစ်နေတယ်ဆိုပြီးဖုန်းဆက်လာတယ်”ဟု မိခင်တစ်ဉီးက ညနေ ၆ နာရီခွဲခန့်တွင် မဇ္ဈိမကို ပြောသည်။

သဘာဝဓာတ်ငွေ့ CNG အရောင်းဆိုင်များတွင် ဂတ်စ် ပြတ်လပ်နေသည်မှာ ယမန်နေ့ညကတည်းကဖြစ်ကြောင်းသိရသည်။

“ဂတ်စ်က မနေ့ညလောက်ထဲက ပြတ်တာပါ။ ရသေးတဲ့ဆိုင်တွေဆိုလည်း တန်းစီနေရတာ။ အခုအချိန်ထိမာရှယ်လော ကလည်း ရှိနေတော့ ညလုံးပေါက်ကလည်း စီလို့မရဘူး။ ဖြစ်နိုင်ရင် ညအိပ်ပြီးသာစောင့်လိုက်ချင်တာ။ ဆီစျေးတွေတက်သွားတော့ လူတွေက ဂတ်စ်ကား အဌားများတယ်။ ကျွန်တော်တို့လည်း ကြပ်တည်းသူအချင်းချင်း နားလည်လို့ စျေးကိုပုံမှန်ပဲတောင်းတယ်။ အခုတော့ ဂတ်စ်ပါ ဖြည့်မရဖြစ်လာပြီဆိုတော့ ဘယ်လိုအလုပ်လုပ်စားရမှန်းတောင်မသိတော့ဘူး။ ဒီထက်ပိုပြီး ကြပ်မယ်၊ ခက်မယ်၊ လူတွေငတ်လာပြီဆိုရင်တော့ တိုင်းပြည်ပျက်ပြီပဲ” ဟု ရန်ကုန်မြို့တွင်း မောင်းနှင်နေသော အဌားယာဉ်မောင်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ ခရီးသည်လိုင်းကား ယာဉ်စီးရေ သုံးထောင်ကျော်ဖြင့် ခရီးသည် တစ်သိန်းတစ်သောင်းကျော်ကို နေ့စဉ်ပို့ဆောင်ပေးနေရသည်။ mizzima

ဂျပန်က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှင်ဇိုအာဘေးရဲ့ ဈာပနပွဲ တက်ရောက်ရန် ဖိတ်ကြား

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနသို့ တက်ရောက်ရန် မြန်မာအကြမ်းဖက် စစ်ကောင်စီအား ဖိတ်ကြားခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဘေး၏ နိုင်ငံတော်ဈာပန အခမ်းအနားနှင့်ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် သံတမန်ဆက်ဆံရေး ရှိသည့် နိုင်ငံပေါင်းများစွာထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အကယ်၍ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနှင့် စျာပနအခမ်းအနားသို့ တက်ရောက်ရန် ဆုံးဖြတ်ပြီး ဂျပန်နိုင်ငံက ခွင့်ပြုခဲ့မည်ဆိုပါက ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တစ်ယောက်အနေနှင့် ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်လာမည်လည်း ဖြစ်သည်။

“စစ်တပ်က မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေချိန်မှာ အခုလို စစ်ကောင်စီကို ဂျပန်နိုင်ငံကို ဖိတ်ခေါ်တာက ဂျပန်ရဲ့ ကိုယ်တိုင်ကြွေးကြော်ထားတဲ့ လူ့အခွင့်အရေးအခြေခံတဲ့ သံတမန်ဆက်ဆံရေးအပေါ် သစ္စာဖောက်လိုက်ခြင်းပါပဲ” ဟု Human Rights Watch ၏ အာရှအစီအစဉ် အရာရှိ Teppei Kasai က ပြောကြားခဲ့သည်။

“ဂျပန်အစိုးရအနေနဲ့ ဖိတ်ကြားထားမှုကို ချက်ချင်း ရုပ်သိမ်းသင့်ပါတယ်၊ အဲ့လိုမဟုတ်ဘူးဆိုရင်တော့ ဒါလုပ်ရပ်ဟာ လူသတ်မှု၊ ညှဉ်းပန်းနှိပ် စက်မှု၊ မတရားချုပ်နှောင်မှုနဲ့ မုဒိမ်းမှု အပါအဝင် မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်ဆိုင်ရာ အစွန်းအထင်းတွေကို ခဝါချပေးရာ ရောက်ပါလိမ့်မယ်” ဟု ၄င်းကဆက်လက်ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်နှင့် ဂျပန်အစိုးရတို့သည် ၂ဝ၁၅ ခုနှစ်တွင် စတင်ခဲ့သော မြန်မာစစ်တပ် ဗိုလ်လောင်းများနှင့် အရာရှိများအား ဂျပန်နိုင်ငံတွင် လေ့ ကျင့်သင်ကြားပေးမှုများ အပါအဝင် အာဏာသိမ်းမှုမတိုင်မီ ကာလကြာမြင့်စွာကတည်းက နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်တွင်လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်သင်တန်းတက်ရောက်ရန် မြန်မာစစ်ဗိုလ်လောင်းနှင့်အ ရာရှိ ၈ ဦးအား ဂျပန်ကလက်ခံခဲ့သည်။ စီးပွားရေးမျက်နှာစာတွင်လည်း ဂျပန်အစိုးရသည် စစ်တပ်ပိုင်မြေပေါ်တွင် တည်ဆောက်နေသည့် အ ငြင်းပွားဖွယ် Y-Complex စီမံကိန်းအပါအဝင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရန် ဂျပန်ပုဂ္ဂလိကကဏ္ဍနှင့် လက်တွဲလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ khit thit

ညောင်လေးပင်ခရိုင်တွင် စစ်ဘေးရှောင်များ အစားအစာနှင့် ဆေးဝါး အကူအညီလိုအပ်နေ

ကေအန်ယူ- တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလုံလောက်မှုမရှိတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေဟာ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ စစ်ကောင်စီတပ်တွေရဲ့ နှောင့်ယှက်တားဆီးတာ၊ ပိတ်ပင်ဖမ်းဆီးတာတွေကြောင့် စစ်ဘေးရှောင်တွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတစ်ဦးက” စစ်ဘေးရှောင်တွေဟာ မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာအပြင် စစ်ကောင်စီရဲ့ နှောင့်ယှက်ပိတ်ပင်မှုတွေကြောင့် အစားအသောက်လုံလောက်မှုမရှိတာ၊ ဆေးဝါးလုံလောက်မှုမရှိတာ လက်ရှိကြုံတွေနေရတယ်။ နောက် ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တယ်”လို့ ဆိုပါတယ်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်ပ်နယ်မြေ၊ ကျောက်ကြီးမြို့နယ် မုန်းမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံပြည်သူ ၁၆၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေရပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက စတင်ပြီး လူထုတွေကို နှိပ်စက်တာတွေကြောင့် ကေအန်ယူအနေနဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတိုက်ခိုက်ရာမှာ  မြေပြင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်း ပစ်ခတ်တာတွေကြောင့် လူထုတွေထွက်ပြေးတိမ်းရှောင်နေရတာလို့  ကေအန်ယူ ဗဟိုကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ကေအန်ယူ၊ ဗဟိုကော်မတီဝင်၊ ပဒိုစောသမိန်ထွန်းက”သူတို့(စစ်ကောင်စီ)လူတွေ စခန်းတွေက လူထုကိုနှိပ်စက်တယ်။ စစ်ဖြစ်ပြီးဆိုရင် အဲဒီပုံစံပဲလေ။ ပြဿနာအစကို ပြန်ကြည့်လိုက်ရင် သူတို့ဘက်ကပဲ စတာ”လို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက် မနက် ၇ နာရီကျော်လောက်က ကညင်ကျိုးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ် ခတ်တာကြောင့် ထိုးဝါးစိုက်ကျေးရွာအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်နေတဲ့ ဒေသခံပြည်တွေရဲ့  နေအိမ်တွေအတွင်းက ဆန် ၊ ကြက် ၊ ၀က်၊ နွားတွေကို ခိုးယူသွားခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက် မနက် ၇ နာရီလောက်က ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ ၊ တောကြောင်ပေါက်ရွာကို  စစ်ကောင်စီတပ်တွေဝင်ရောက် လာပြီး ဒေသခံကျေးရွာသား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက ဖမ်းဆီးခံ ပြည်သူ ၃၀ ကို လူသားဒိုင်းအနေနဲ့အသုံးပြုပြီး ကေအန်ယူ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီက စစ်ကြောင်းတွေ ထပ်တိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။DVB

မိုးမိတ်တွင် စစ်ကောင်စီနှင့် KIA, PDF ပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ၊ စစ်သား ၃ ဦးသေ၊ ၈ နှစ်အရွယ် ကလေးငယ် လက်နက်ကြီး ထိမှန်သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် သရက်ချိုကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်တပ်ဘက်မှ သုံးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယမန်နေ့မနက် အစောပိုင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၃ နာရီဝန်းကျင်၌ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လယ်ကွက်ထဲရှိနေသူ သားအမိ နှစ်ဦးကို ထိမှန်ခဲ့ရာ၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားသည်။

မိုးမိတ်မြို့ခံတစ်ဦးက “ည ဇူလိုင် ၂၀ ရက်ကတည်းက လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။ သဲနီကျေးရွာဘက်မှာ အသံတွေ ကြားနေရတယ်။ မနက်ပိုင်းလည်း အဲဒီကျေးရွာဘက် လက်နက်ကြီးသံတွေ ကြားနေတယ်။ အဲဒီကျေးရွာက မြို့နဲ့မဝေးတော့ မီးခိုးငွေ့တွေ တက်နေတာ မြင်နေရတယ်” ဟု ပြောသည်။

ကလေးငယ် ပွဲချင်းပြီး သေဆုံးသွားကာ မိခင်ဖြစ်သူသည် လက်တွင် ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ပထမအပတ်မှစ၍ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် စစ်ကောင်စီတပ်တို့ မိုးမိတ်မြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် KIA, PDF ပူးပေါင်းတပ်ဖွဲ့နှင့်လည်း စစ်တပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်နေကြသည်။

မိုးမိတ်မြို့နယ်ထဲတွင် စစ်ကောင်စီတပ်၊ SSPP, KIA, PDF အပြင် တအာဝ်းတပ်မတော်(TNLA)တို့ သွားလာလှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။ mizzima

ကလေးတွင် စစ်တပ်က စစ်ကြောင်းထိုးလာမှု စစ်သား ၁၅ ဦး သေဆုံးပြီးနောက် ပြန်လည် ဆုတ်ခွာ၊ စစ်တပ်က ကင်မွန်းခြုံရွာကို ၂ ကြိမ် မီးရှို့ဖျက် ဆီး၊ ရေဦးတွင် ငွေတောင်းနေသည့် စစ်တပ်ဂိတ်ကို မိုင်းခွဲမှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာမှုကို ပြည်သူ့ကာကွယ်ရေးတပ်များက စု ပေါင်း ခုခံတိုက်ခိုက်ခဲ့ပြီးနောက် စစ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ စစ်တပ် ပြန်လည် ဆုတ်ခွာသွားကြောင်း PDF ကလေးက သတင်းထုတ် ပြန်သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ အင်အား ၁၀၀ ခန့်ဖြင့် စစ်တပ်က ကလေး-ကလေးဝအကြား ကျောက္ကာကျေးရွာမှတဆင့် မြစ်သာမြစ်ကိုကူးဖြတ်ကာ အရှေ့ဘက်တောင်ကြောများအတိုင်း တောင်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်မှ စတင်၍ ကင်မွန်းခြုံရွာ၏အရှေ့ဘက် ဘုရားတောင်ကုန်းအနီးတွင် PDF (Kalay) တပ် ရင်း (၁) ၊ (၂) ၊ (၅) ၊ (၆) ၊ (၇) ၊ ပ.က.ဖ (ကလေး) ၊ CNDF – Vakok ၊ CDF – KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲများက အသင့်စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်နေ့တာလုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တိုက်ပွဲအတွင်း PDF (Kalay) မိုင်းတပ်ဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုများအပါအဝင် ပူးပေါင်းတပ်ဖွဲ့များ၏ တစ်နေ့တာလုံးပစ်ခတ်တိုက် ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ၊တိုက်ပွဲအတွင်း မြစ်သာမြစ်အ နောက်ဘက်ကမ်း ကံပုလဲရွာဘက်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများက လက်နက်ကြီးပစ်ကူဖြင့် ရမ်းသန်းပစ်ခတ်နေခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်ဖွဲများသည် မွန်းလွဲ ၄ နာရီခန့်တွင် ကင်မွန်းခြုံရွာအတွင်းသို ဝင်ရောက်ပြီး နေအိမ်များကို စတင်မီးရှိဖျက်စီးခဲ့သဖြင့် နေ အိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ည ၉ နာရီခန့်တွင် ကလေးမြိုအရှေ့ဘက် ပြင်သာရွာမှ စက်လှေ ၂ စင်းဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ် ရာရရှိသူများကို လာရောက်တင်‌ဆောင်သွားကြောင်း၊ ယနေ့ နံနက် ၉ နာရီခန့်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲများ ကင်မွန်းခြုံရွာမှ က လေးမြို့ဘက်သို့ ဦးတည်၍ စတင်ဆုတ်ခွာသွားကြောင်း၊ ထိုနောက် ကင်မွန်းခြုံရွာအနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲများ မြှုပ်နှံခဲ့သော မြေမြှုပ်နင်းမိုင်းများအား သွားရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး PDF (Kalay) တပ်ဖွဲဝင် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကင်းမွန်ခြုံကျေးရွာကို ယမန်နေ့နှင့်ယနေ့ စစ်တပ်က မီးရှို့သွားခဲ့ပြီးနောက် ကျေးရွာပြည်သူများမှာ မိုးထဲလေထဲ ရာသီဥတု ပြင်းထန်နေချိန် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ တောထဲတောင်ထဲတွင် စားဝတ်နေရေး ဒုက္ခများ ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။

“သက်ကြီးရွယ်အိုတွေရော၊ ကလေးတွေရော အမျိုးသမီးတွေရော အရမ်းဒုက္ခရောက်ပါတယ်။ ရာသီဥတုက နေပူရင် လည်းတအားပူတယ်။ မိုးရွာရင်လည်း လေရော မိုးရော ဆိုတော့ စစ်ဘေးရှောင်တွေ အရမ်းဒုက္ခရောက်ကြတယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၂၁ ရက်နေ့မွန်းလွဲ ၁ နာရီအချိန် BLACK ARMY -DPY PDFက အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ဆေးရေးဂိတ်ပြုလုပ် ငွေညှစ်တောင်းခံလျက်ရှိ‌သည့် ရေဦးမြို့ အထက အမှတ်-၁ ပညာရေးမှူးရုံးအနီးကို မိုင်းဖောက်ခွဲခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း-၂၁ ၏ တပ်စုအသစ် ငှက်ဖြူညီနောင် အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ khit thit

ကိုယ့်အစီအစဉ်နှင့်ကိုယ် ဒေါ်လာဝယ်ပြီး ဆေးတင်သွင်းမည့် ကုမ္ပဏီများကို သွင်းကုန်လိုင် စင် ချပေးမည်ဟုဆို

ကိုယ်ပိုင်အစီအစဉ်နဲ့ ပြင်ပကနေ ဒေါ်လာဝယ်ယူပြီး ငွေပေးချေနိုင်မယ့် ဆေးနဲ့ဆေးဝါးပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေကို သွင်းကုန်လိုင်စင်ထုတ်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ကြေညာပါတယ်။

အရင်က စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတဲ့ အိမ်သုံးဆေးဝါး အပါအဝင် သွင်းကုန်သမားတွေကို  တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းထားနဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့်  ဒေါ်လာရောင်းချပေးနေတာပါ။

အခုအခါ  ဆေးဝါးပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေကို  ပြင်ပကနေ ဒေါ်လာငွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဝယ်ယူခိုင်းပြီး သွင်းကုန်တင်သွင်းကြဖို့  ဆေးနဲ့ဆေးဝါးပစ္စည်းတင်သွင်းသူတွေကို တရားဝင် ကြေညာချက်ထုတ်ပြန် အသိပေးလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ပြည်ပကနေ ဆေးနဲ့ဆေးပစ္စည်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှုကို သင်္ကြန်ပြီးနောက်ပိုင်း  ကန့်သတ်ခဲ့တာကြောင့် ပြည်တွင်းမှာ ဆေးဝါးနဲ့ဆေးပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ 

အခုအခါ ကျပ်ငွေတန်ဖိုးထိုးကျပြီး ဒေါ်လာစျေး ထပ်မံမြင့်တက်လာတာကြောင့် မူလကတည်းက မြင့်တက်နေတဲ့ ဆေးနဲ့ဆေးပစ္စည်းတွေဟာ ပိုမိုမြင့်တက်လာပါတယ်။

ဒါ့အပြင် ဆေးဆိုင်အချို့မှာ ဆေးဝါးပစ္စည်း ရှားပါး ပြတ်တောက်မှု ဖြစ်ပေါ်ပြီး၊ အကန့်အသတ်နဲ့သာ ရောင်းချပေးမှုတွေ လည်းရှိနေပါတယ်။

အရင်က ဆေးနဲ့ဆေးပစ္စည်း တင်သွင်းခွင့်လိုင်စင် ရရှိဖို့  စီးပွားကူးကူးသန်းဝန်ကြီးဌာနကိုသာ တင်ပြရပေမဲ့  ပြီးခဲ့တဲ့ဧပြီလကစတင်ပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို သွင်းကုန်လိုင်စင်တွေတင်ပြပြီးမှသာ လိုင်စင်ခွင့်ပြုပေးတာ ဖြစ်ပါတယ်။

လိုင်စင်ချထားမှု ကြန့်ကြာတဲ့အပြင် ကုမ္ပဏီတွေ လိုအပ်သလောက် ဒေါ်လာငွေကို ထုတ်ရောင်းချပေးနိုင်မှုလည်း မရှိဘူးလို့  သွင်းကုန်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

အခုအခါ အဲဒီကော်မတီကို တင်ပြထားတဲ့ သွင်းကုန်လိုင်စင်တွေထဲကမှ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြင်ပကနေ ဒေါ်လာဝယ်ယူပြီး  တင်သွင်းနိုင်တဲ့ကုမ္ပဏီတွေကို လိုင်စင်ခွင့်ပြုပေးလိုက်တာပါ။

လက်ရှိမှာ စစ်ကောင်စီဟာ ကုမ္ပဏီတွေရဲ့  နိုင်ငံခြားငွေ မှန်သမျှကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ လဲလှယ်သိမ်းယူတာအပြင် တစ်ဦးချင်း အကောင့်ထဲက ဒေါ်လာတွေကိုပါ လဲလှယ်သိမ်းယူ နေတာပါ။

လက်ရှိမှာလည်း စစ်ကော်စီရဲ့ ဒေါ်လာထိန်းချုပ်ရေး ညွှန်ကြားချက် အဆင့်ဆင့်တွေကြောင့် ပြင်ပ နိုင်ငံခြားငွေစျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းက တစ်ဒေါ်လာ ကို ၂၄၀၀ကျပ်အထိ မြင့်တက်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း တစ်ဒေါ်လာကို ၂၅၀၀ကျပ် ဝန်းကျင်ထိ မြင့်တက်ခဲ့ပေမဲ့  ဒေါ်လာဝယ်ရောင်းသမားတွေကို လိုက်လံ ဖမ်းဆီး၊စစ်ဆေးမှုတွေ ရှိလာတာကြောင့် အနည်းငယ် ပြန်လည်ကျရိပ်ပြလာတာပါ။

အခုထုတ်ပြန်ချက်အရ သွင်းကုန်သမားတွေကို ဒေါ်လာ မရောင်းပေးတော့ဘဲ ပြင်ပ ဒေါ်လာတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ယူတင်သွင်းခိုင်းမယ်ဆိုရင် ဒေါ်လာစျေး အမြင့်ဆုံးတက်လာနိုင်တယ်လို့  စျေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ DVB

« Older Entries