ကလေးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြစ်အရှေ့ဘက် ကင်းမွန်ခြုံရွာ၏ အရှေ့ဘက် ဘုရားတောင်ကုန်း အနီးတွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၅ ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း People’s Defence Force (Kalay)က ဇူလိုင် ၂၂ ရက်စွဲဖြင့် သတင်းထုတ် ပြန်သည်။
စစ်ကောင်စီတပ်ကို ဇူလိုင်လ ၂၁ ရက်၊ နံနက် ၈ နာရီခန့်မှ စတင်၍ ကလေးပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
”တိုက်ပွဲက ညနေ ၆ နာရီမှ ပြီးတယ်။ ခွေးတွေ(စစ်ကောင်စီတပ်သား)ကတော့ အကျများပြီး လက်နက်ကြီးပစ်ကူတောင်းခံခဲ့ရတယ်။ နှောညောင်ပင်ရွာက စစ်ခွေးနဲ့ပျူတွေက ပစ်ကူပေးခဲ့ပေမယ့်လည်း ထိခိုက်ကျဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားတယ်။ သွားရာလမ်းကနေ အင်းကျော်ကျေးရွာကို ပတ်ရမ်းပြီးပြည်သူလူထု နေအိမ်တွေကို မီးရှို့ ဖျက်ဆီးသွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေကတော့ ဘေးကင်းစွာရှိနေပါပြီ။ တိုက်ပွဲ တစ်ပွဲပြီးတာနဲ့ နောက်ထပ် ထပ်တိုက်ဖို့ ကျည်ဆန် တွေလိုအပ်နေပါတယ်” ဟု ကလေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ အင်အား ၁၀၀ ခန့်ဖြင့် ကလေး-ကလေးဝအကြား ကျောက္ကာကျေးရွာမှတဆင့် မြစ်သာမြစ်ကိုဖြတ်ကူး၍ အရှေ့ဘက်တောင်ကြောများအတိုင်း တောင်ဘက်သို့ ဦးတည်စစ်ကြောင်း ထိုးလာခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း မြစ်သာမြစ်အနောက်လက်ကမ်း ကံပုလဲရွာဘက်မှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် လက်နက်ကြီးပစ်ကူဖြင့် တနေကုန် ရမ်းသန်း ပစ်ခတ်ခဲ့သည်။ ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲ ၄ နာရီခန့်တွင် ကင်မွန်းခြုံရွာ အတွင်းသို့ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ခုနစ် လုံး မီးလောင်ပျက်စီးခဲ့သည်။ ည ၉ နာရီခန့်တွင် ကလေးမြို့အရှေ့ဘက် ပြင်သာရွာမှ စက်လှေ နှစ် စင်းဖြင့် စစ်ကောင်စီ တပ်သားအလောင်းများနှင့် ဒဏ်ရာရရှိသူများကို လာရောက် တင်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့People’s Defence Force (Kalay)က တရားဝင်ထုတ်ပြန်ထားသည့် ထုတ် ပြန်ချက်များကို လိုက်နာရန်၊ အထူးသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကင်းကင်းရှင်းရှင်းနေထိုင်ကြရန်နှင့် ၎င်းတို့အနီးအနားမှ ရှောင် ရှားကြရန်၊ စစ်ကောင်စီထုတ် ကုန်ပစ္စည်းများအား ရောင်းချသုံးစွဲခြင်းမပြုရန် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပြောကြား ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ဇူလိုင်လ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ကင်မွန်းခြုံရွာမှ ကလေးမြို့ဘက်သို့ဦးတည်၍ ဆုတ်ခွာခဲ့သည်။ ထို့နောက် ကင်မွန်းခြုံရွာ အနီးဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မြှုပ်နှံခဲ့သည့် မြေမြှုပ်မိုင်းများအား သွားရောက်ရှင်းလင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး PDF (Kalay) တပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုစစ်ဆင်ရေးကို PDF ( Kalay) တပ်ရင်း (၁)၊ (၂)၊ (၅)၊ (၆)၊ (၇)၊ ပ.က.ဖ (ကလေး)၊ CNDF (Vakok)၊ CDF- KKG နှင့် RKDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ mizzima