နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ် ပစ် ခတ်ခံရ၍ ၃ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင် ၊နတ်တလင်းမြို့နယ်ရှိ ကျေးရွာတရွာတွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ် အရှေ့ဘက် ကြက်မနက်ကျေးရွာတွင် စခန်းချလျက်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ၂၃ရက်နေ့ နံနက်၁နာရီတွင် နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၈၀၁ )တပ်ခွဲ (၂)( Phoenix D F(Nattalin PDF))က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“နတ်တလင်းအရှေ့ဘက်မှာ သူတို့(စစ်ကောင်စီတပ်ဖွဲ့)က စစ်ကြောင်းထိုးလာတာ။ အရင်လည်းထိုးတယ်။ ဆက်တိုက်ထိုးတယ် အင်းအားတော့ မများဘူး ၂၀ ၊၃၀ပဲရှိတယ် ဆက်တိုက်ထိုးနေတာပဲရှိတယ် အရင်တစ်ခေါက်ကလည်း သူတို့ထိုးပြီးတော့ ရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာ ရှိတယ်။ အခုအရင်က ဟိုဘက်က ပျဉ်းမခေါင်ဆိုတဲ့ ရွာမှာနေရင်းနဲ့မှ ကြက်မနက် ဆိုတဲ့ရွာဘက်ကို ပြောင်းပြီးတော့ စခန်းချတယ် အဲ့ဒါကို ကျနော်တို့က အလစ်အငိုက်ဝင်ပစ်တာ”ဟု နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမကိုပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ကြက်မနက်ရွာက ရွာခံတစ်ဦးထံမှ ဖုန်းသိမ်းယူခြင်းနှင့် နေ အိမ်ရှိ ငွေသား ၁၂သိန်းကို သိမ်းယူသွားခဲ့သေးသည်ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုမှာ မိနစ်၂၀ကြာ ဖြစ်ပွားခဲ့ပြီး နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
နတ်တလင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အနီးကပ်နေထိုင်ခြင်း၊ ၎င်းတို့သွားရာ စစ်ကြောင်းနှင့် အတူတကွသွားလာခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။ mizzima