အင်းစိန်ထောင်တွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌတစ်ဦး ရိုက်နှက်ခံရ

ရန်ကုန်မြို့၊ အင်းစိန်ထောင်ရောက် ကျောင်းသားခေါင်းဆောင် ကိုခန့်သူအောင်ကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဥက္ကဋ္ဌ ကိုခန့်သူအောင် ရိုက်နှက်ခံရသည့်အချိန်မှာ ဇူလိုင် ၁၈ နေ့လယ်ပိုင်းတွင် ဖြစ်သည်ဟု သမဂ္ဂပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နေ့လယ်တန်းပိတ်တဲ့ အချိန်မှာ တန်းစီခိုင်းတယ်။ တန်းစီတာ မညီဘူးဆိုပြီး စည်းကမ်းထိန်းက တမင်ဝင်ရိုက်တယ်။ ပြီးတော့ သူ့ကို စောင့်ကြည့်နေတယ်။ စကားပြောတာ သွားတာလာတာလည်း မျက်စိဒေါက်ထောက် ကြည့်ခံနေရတယ်။ စကားနဲ့လည်း ခဏ ခဏ ရန်စနေတယ်” ဟု ထိုသူက ပြောသည်။

ကိုခန့်သူအောင်နှင့် အခြားနိုင်ကျဉ်းများ ရင်ဆိုင်နေရသည့် အခြေအနေကို ထောင်တွင်းမှ သတင်းပေးပို့သဖြင့် သိရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြခဲ့သည့် အသက် ၂၂ နှစ်အရွယ် ကိုခန့်သူအောင်သည် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် ထောင်တွင်းတရားရုံးက မတ် ၃၁ တွင် ထောင်သုံးနှစ် ချမှတ်ခဲ့ပြီးနောက် ပြစ်ဒဏ်ကျ အကျဉ်းသားအများစုထားရာ အင်းစိန်ထောင် အဆောင် ၅ သို့ ပြောင်းရွှေ့ခံရသည်။ 

ထိုသို့ပြောင်းရွှေ့ရာတွင် အကျဉ်းသားပုံစံထိုင်ရန် ငြင်းဆန်ခဲ့၍ နှစ်ကြိမ် ရိုက်နှက်ခံရဖူးသည်။ ပထမအကြိမ် ရိုက်နှက်ခံရမှုတွင် ဒဏ်ရာပိုပြင်းထန်သည်ဟုဆိုသော်လည်း အသေးစိတ်အခြေအနေ မသိရပေ။

၎င်းအပြင် တစ်ဆောင်တည်းနေ အခန်း ၁ နှင့် ၄ တို့ရှိ နိုင်ငံရေးအကျဉ်းသားနှစ်ဦးလည်း ရိုက်နှက်ခံရသည်ဟု သိရသည်။

အခန်း ၁ ရှိ လက်နက်မှုဖြင့် ထောင်ကျနေသော နိုင်ကျဉ်းတစ်ဦးကိုလည်း ညနေတန်းပိတ်ချိန် မညီကြောင်း၊ အသက် ၆၀ ကျော်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် ဥက္ကဋ္ဌဟောင်း ဦးကြည်လင်းဆိုသူကို အခန်းကူးကြောင်း အကြောင်းပြကာ အကျဉ်းဦးစီးဌာနဝန်ထမ်းများက ရိုက်နှက်ခဲ့သည်ဟု သိရကြောင်း သူက ပြောသည်။

ယခု ရိုက်နှက်ခံရသည့်ဖြစ်စဉ်များကို ထောင်အာဏာပိုင်များထံ အသိပေးပြောကြားသော်လည်း တုံ့ပြန်မှုမရှိဟု သမဂ္ဂပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ကိုခန့်သူအောင် အင်းစိန်ထောင် အဆောင် ၅ တွင် ရှိနေစဉ် အခန်း သုံးကြိမ်ပြောင်းခဲ့ရပြီး ထောင်အာဏာပိုင်တို့က အခန်းသူကြီးအဖြစ် ခန့်ထားသော နှစ်ရှည်ထောင်ကျ ရာဇဝတ်အကျဉ်းသားများက ၎င်းကို မကြာခဏရိုက်နှက်လေ့ရှိသည်၊ လူအများအပြားကို ပြွတ်သိပ်ထည့်ထားသည့် အခန်းများတွင် အနံ့အသက်ဆိုးရွားပြီး သန့်ရှင်းမှုနည်းပါးသည့် နေရာများတွင်သာ နေထိုင်ရသည်ဟု သိရကြောင်း သူက ဆိုသည်။

“တန်းစီတာ မညီဘူးဆိုပြီး အဲဒီလို ခဏ ခဏ လုပ်ခံရတယ်။ ထောင်သူကြီးကလည်း ရာဇဝတ်သားတွေကိုထားတာ အခန်း တစ်ခါခါရွှေ့ရတိုင်းမှာ သူ့ကို အိမ်သာနားမှာရှိတဲ့ နေရာတွေထားတယ်” ဟု သူက ဆက်ပြောသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ရန်ကုန်စီးပွားရေးတက္ကသိုလ်-ရွာသာကြီးနယ်မြေ ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ ကိုခန့်သူအောင်၊ ဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး၊ အဖွဲ့ဝင် ကိုဖြိုးကျော်နိုင်၊ အဖွဲ့ဝင်ဟောင်း ကိုမင်းဟိန်းခန့်တို့ ယမန်နှစ် ဧပြီ ၁၃ ညနေက တာမွေမြို့နယ်၊ ကျောက်မြောင်းဈေးရှေ့တွင် အဖမ်းခံခဲ့ရသည်။

အင်းစိန်ထောင်အာဏာပိုင်တို့သည် နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားကာ နည်းမျိုးစုံဖြင့် ဖိနှိပ်၊ ဆေးကုသခွင့် လုံလောက်စွာမပေးသဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

ယင်းသို့ အခက်အခဲများကို ဖြေရှင်းပေးရန် တောင်းဆိုသည့် အင်းစိန်ထောင်အတွင်း ဆန္ဒပြပွဲများ ပေါ်ပေါက်ဖူးရာ စစ်ကောင်စီက ရက်စက်စွာ ဖြိုခွင်းခဲ့သည်။

ဇူလိုင်လအတွင်း အင်းစိန်ထောင်တွင် အာဇာနည်နေ့အထိမ်းအမှတ် ဂါရဝပြုရန် ခွင့်တောင်းခဲ့သည့် နိုင်ငံရေးအကျဉ်းသား လူငယ်နှစ်ဦး အပြင်းအထန် ရိုက်နှက်ခံရပြီး တစ်ဦး တိုက်ပိတ်ခံရကာ တစ်ဦး ဆေးကုသနေရသလို မန္တလေး အိုးဘိုထောင်တွင် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်ပြုလုပ်သော နိုင်ကျဉ်းတချို့ ရိုက်နှက်ခံရသည်။

စစ်ကောင်စီက ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးပြီး ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“စစ်အုပ်စု က မတရားတဲ့ဥပဒေတွေနဲ့ အကျဉ်းထောင်တွေကို သုံးချပြီး သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို မတရားသဖြင့် နှိပ်စက်နေတာကို တွေ့ရပါတယ်။ အကျဉ်းထောင်ကို ဖိနှိပ်ရေးကရိယာအဖြစ် သုံးနေတာပါ” ဟု ဦးဘိုကြည်က ပြောသည်။

“ခေတ်အဆက်ဆက်မှာ ဒီနည်းလမ်းကို သုံးပြီး သူတို့ကို မတော်လှန်ရဲအောင် ကျင့်သုံးနေခဲ့တာပါ၊ သို့သော်လည်း ဒီနေ့ထိ သူတို့ကို တော်လှန်နေတဲ့ မျိုးဆက်တွေ က ဆက်ရှိနေသလို အခုလည်း တော်လှန်နေဆဲပါ”

ဆန့်ကျင်သူဟု ယူဆရသူတို့ကို စစ်ကောင်စီက နေ့စဉ် ဖမ်းဆီးနေရာ ၁၁၇၅၉ ဦးထက်မနည်း ဆက်လက် ထိန်းသိမ်းခံနေရသည်ဟု လက် လှမ်းမီသမျှ ပြုစုထားသည့် မှတ်တမ်းအရ သိရကြောင်း AAPP က ဇူလိုင် ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s