နဂါးပွက်တောင်၌ တပ်စွဲထားသည့်စစ်ကောင် စီတပ် စခန်းကိုစွန့်ခွာသွားပြီဖြစ်ကြောင်း သိရ
မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ဒေသ နဂါးပွက်တောင်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှစတင်ကာ အင်အား ၂၀၀ ခန့်ဖြင့်တပ်စွဲထားသည့်စစ်ကောင်စီတပ်မှာ ငါးရက်မြောက်နေ့တွင် စခန်းကို စွန့်ခွာသွားပြီ ဖြစ်ကြောင်းသိရသည်။
ထိုစစ်ကောင်စီတပ်အား ဒေသခံကာကွယ်ရေးတပ်များမှ ငါးရက်တိုင်တိုင် နေ့စဉ်နှင့်အမျှ တာဝေးပစ် လက်လုပ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် စခန်းကိုစွန့်သွားခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်ရင်း ပြန်ဆုတ်သွားတယ်ပြောလို့ရတယ်။ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကလည်း သူတို့ကို ဝိုင်းထားပြီလေ။ ကြာရင် ရိက္ခာပိုင်းရော ကျန်တာရော အဆင်မပြေနိုင်ဘူးဆိုတာ သူတို့သဘောပေါက် သွားတာမျိုးလား သူတို့ဗျူဟာအရလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ” ဟု Laung She Regional People’s Defence Force မှ ပြန်ကြားရေးတာဝန်ခံက မှတ်ချက်ပြုပြောဆိုသည်။
ကာကွယ်ရေးတပ်ဖွဲ့များမှ ရိုက်ကူးထုတ်ပြန်ထားသည့် မှတ်တမ်းရုပ်သံတွင်လည်း ဆော-ဆိပ်ဖြူကား လမ်းအတိုင်း စစ်ကောင်စီတပ်သားများ ခြေလျင်ဆုတ်ခွာနေသည်ကို တွေ့ရသည်။
ထိုသို့ဆုတ်ခွာနေသည့် စစ်ကောင်စီတပ်များအား တာဝေးပစ်လက်လုပ်လက်နက်များဖြင့် လိုက်လံပစ် ခတ်သော်လည်း စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခြင်းမပြုဘဲ ဆုတ်ခွာသွားသည်ဟု ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်သည် နဂါးပွက်တောင်နှင့် မိုင် ၂၀ ခန့်အကွာ ကပစ ၂၁ အနီးရှိ ကန်စွန်းမ တိုက်နယ်ကျေးရွာအထိ ဆုတ်ခွာသွားသည်ဟုလည်း ၎င်းကဆိုသည်။
စစ်ကောင်စီတပ်သားများ အထိုင်ချသွားရာ နဂါးပွက်တောင်စခန်းအား ဒေသကာကွယ်ရေးတပ်များမှ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်း Laung She Regional People’s Defence Force မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။
“သူတို့ပြန်ဆုတ်သွားရင်တောင် တိုက်မိုင်းတို့ နင်းမိုင်းတို့ထောင်ထားတာမျိုးတွေရှိနိုင်တော့ သေသေချာ ချာ ဂရုစိုက်ရှင်းလင်းပြီးမှ နယ်မြေစိုးမိုးဖို့ပြန်လုပ်ရပါတယ်” ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီအထိုင်ချစခန်းမှ စစ်သုံးထမင်းချိုင့်၊ ကျည်ခွံအချို့နှင့် ဒေသခံတပ်ဖွဲ့များပစ်ခတ်သည့် လက် နက်ကြီး ပေါက်ကွဲရာနေရာများတွေ့ရပုံကို ကာကွယ်ရေးတပ်ဖွဲ့များ၏ မှတ်တမ်းပုံများတွင် တွေ့ရသည်။
ဆောမြို့နယ်ကို လောင်းရှည်ဒေသ၊ ကျောက်ထုဒေသနှင့် ဆောဒေသဟု ဒေသသုံးခုခွဲထားပြီး လောင်း ရှည်ဒေသတွင် ကျေးရွာအုပ်စု ၂၅ ခုရှိကာ ရွာပေါင်း ၄၀ ကျော်ရှိသည်။ အဆိုပါ ကျေးရွာအုပ်စုများအနက် ကျေးရွာ ၁၅ အုပ်စုအား ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထိန်း ချုပ်ထားနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ် ရေးယန္တရားများတည်ဆောက်ထားနိုင်ပြီဖြစ်ကြောင်း လောင်းရှည်နယ်ရှိ တော်လှန်ရေးသမားတစ်ဦးထံမှ သိရသည်။ mizzima