ပခုက္ကူ-မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် PDF ပူးပေါင်းတပ်စစ်ကြောင်းက စစ်ဆေး
မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် PDF ပူးပေါင်းတပ်က စစ်ဆေးကြောင်း Earthquake People’s Defense Forceက သတင်းထုတ်ပြန်သည်။
ယနေ့ ၂၄ ရက်နေ့ နံနက်ပိုင်း ပခုက္ကူ- မြိုင်လမ်း နယ်မြေလုံခြုံရေးအတွက် Reaper Column စစ်ကြောင်းအဖွဲ့က လမ်းပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ စစ်ဆေးရခြင်းမှာ ပြည်သူလူထုများ လမ်းခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန် ဖြစ်ကြောင်း သိရှိရသည်။
ပခုက္ကူတွင် Reaper Column စစ်ကြောင်းအဖွဲ့ကို ပခုက္ကူ မြို့နယ်အခြေစိုက်အဖွဲ့များဖြစ်သည့် ပခုက္ကူ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ (P.U.G.F) ၊ Pakokku North Defense (PKU N PDF) နှင့် Earthquake People’s Defense Force တို့က ဇူလိုင်လ ၂၁ ရက်နေ့ အစည်းအဝေးဆုံးဖြတ် ချက်အရ ပခုက္ကူမြို့နယ်သီးသန့်စစ်ကြောင်းဖွဲ့စည်းရန် သဘောတူညီမူရရှိခဲ့ပြီး ဘုံသဘောတူညီချက်များအဖြစ်
(၁) နွေဦးတော်လှန်ရေးခုခံစစ်ကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန်၊
(၂) မိမိတို့ဘက်မှ ပြန်လည်ထိုးစစ် စတင်နိုင်ရန်၊
(၃) ယခင်ထက် ပိုမိုတိကျသော စစ်ဆင်ရေးများကို ဆောင်ရွက်နိုင်ရန်၊
(၄) နယ်မြေစိုးမိုးမှုကို တွင်ကျယ်စွာ ရရှိနိုင်ရန် အတွက် ရည်ရွယ်ဖွဲ့စည်းကြောင်း သိရှိရသည်။ khit thit