မော်လိုက်နှင့် ဖောင်းပြင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၄ ဦးသေဆုံးကာ PDF ၈ ဦးကျဆုံး ၊ မြဝတီ BGF စခန်းတခုကို KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်နှင့် ဖောင်းပြင်မြို့နယ်များတွင် အကြမ်းဖက်စစ်တပ်နှင့် PDF၊ ပကဖ များကြား ဇူလိုင်လ ၁၇ ရက်မှ ၂၂ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်အကျအဆုံးများပြားခဲ့ကြောင်း ဖောင်းပြင် PDF က သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် အင်အား ၄၀ ပါ စစ်ကြောင်းဖြင့် မော်လိုက်မြို့နယ်၊ ခါတွန်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သဖြင့် ဖောင်းပြင်မြို့နယ်တောင်ပိုင်းမှ PDF များ၊ ပကဖ များက သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က စစ်ကူများဖြည့်တင်းကာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် PDF များ၊ ပကဖများ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖောင်းပြင်မြို့နယ်၊ မိုင်းချောင်းကျေးရွာသို့ စစ်တပ် မဝင်ရောက်နိုင်ရန် ပိတ်ဆို့ထားခဲ့ကြောင်း ဖောင်းပြင် PDF က ထုတ်ပြန်သည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းချောင်းကျေးရွာအနီး တောင်ကုန်းပေါ်တွင် အပေါ်စီးမှ နေရာယူထားခဲ့ကြောင်း၊ ယင်းနောက် မိုင်းချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသော အင်အား ၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် PDF များ၊ ပကဖများနှင့် တိုက်ပွဲစတင်ဖြစ်ပွားကြောင်း၊ ပြန်လည်ဆုတ်ခွာသွားသော စစ်တပ်ကို PDF များက လိုက်လံတိုက်ခိုက်ရာ တောင်ကုန်းပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပကဖ ၇ ဦးနှင့် PDF ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

မိုင်းချောင်းရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို PDFနှင့် ပကဖများက အနောက်ဘက်မှ ပြန်လည် ထပ်မံ တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း၊ PDF များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်သား ၈ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများသည့် အထောက်အထားများကို တွေ့ရကြောင်း ဖောင်းပြင် PDF ထံမှ သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF ဂိတ်စခန်းတခုကို KNLA ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၂၂ ရက် ညနေ ၄ နာရီဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်မီးရှို့ပြီး BGF ၂ ဦးသေဆုံးကာ ၄ ဦးကို အရှင်ဖမ်းမိပြီး သေနတ် ၄ လက်ရရှိကြောင်း ၁ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“မြဝတီ ပွင့်လင်းအေးမြိုင်၊ ထိုင်တော်မူဘုရားအနောက်ဘက်က BGF စခန်း ဝင်တိုက်ခံရတယ်။ ၄ ယောက်မိ၊ ၂ ယောက်သေ၊ ၁ ယောက်တော့ လွတ်သွားတယ်။ စခန်းကို မီးရှို့လိုက်တယ်၊ ဒီမနက် မြဝတီမြို့ထဲမှာ စစ်ကားတွေ ပတ်နေတယ်” ဟု မြဝတီဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပွင့်လင်းအေးမြိုင်စခန်းတွင် BGF တပ်ဖွဲ့ဝင် ၇ ဦး ဝန်းကျင် စခန်းချတပ်စွဲထားပြီး စောမုတ်သုန်၏ တပ်ရင်း ၁၀၂၂ လက်အောက်ခံ BGFတပ်ဖွဲ့များ ဖြစ်ကြောင်း၊ စခန်းတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ ရှိနိုင်သောနေရာများသို့ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

BGF စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ကျားသစ်နက်စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ၁ ဦး ကျဆုံးထိခိုက်မှုရှိကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s