Monthly Archives: Jul 2022

စစ်ကောင်စီက ကိုဂျင်မီ အပါအဝင် ၄ ဦးအား သေဒဏ်စီရင်ခဲ့ခြင်းအပေါ် အစွမ်းကုန် တုံ့ပြန်သွားမည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီသည် နွေဦးတော်လှန်ရေး၏ သူရဲကောင်းများဖြစ်ကြသော ကိုဂျင်မီ၊ ကိုဖြိုးဇေ ယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင်ခဲ့ခြင်းအပေါ် NUG ၏ ပြည်သူ့ ကာကွယ်ရေးတပ်မတော်က အစွမ်းကုန်တုံ့ပြန်သွားမည်ဟု ကြောညာချက်ထုတ်ပြန်လိုက်သည်။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့်စစ်အာဏာရူးတစ်သိုက်၏ ယခုကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များ ကို ၎င်းတို့အပြင် ၎င်းတို့၏ မိသားစုများ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ထောက်ခံအား ပေးသူ များ၊ စစ်အုပ်စုနှင့် အကျိုးစီးပွားနှင့်ပတ်သက်နေသူအားလုံးတာဝန်ခံကြရမည်ဟု ဖော်ပြထားသည်။

ပြည်သူနှင့်တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသော နွေဦးတော်လှန်ရေး၏အာဇာနည်သူရဲကောင်း များအတွက် ကျွန်ုပ်တို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းစစ်ဒေသခွဲ ၊ တပ်မဟာ (၇) မှ အစွမ်းကုန် တုန့်ပြန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည် ဟု ယနေ့ ဇူလိုင် ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်အာဏာကို မတရားလုယူထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် မကြာမီပြုတ်ကျတော့မည့် စစ်အာ ဏာရူးတစ်သိုက်၏ သေမထူး နေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရားထပ်မံရိုက်သွင်းသည့် လုပ်ရပ်တစ်ခုလည်းဖြစ်သည်ဟု ထုတ်ပြန် ချက်တွင် ဆိုထားသည်။

အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့၏ မိသားစုများကို ခေတ်အဆက်ဆက်တွင် အပြစ်ပေးအရေးယူနိုင်ခဲ့ ခြင်းမရှိဘဲ ဥပဒေမှ ကင်းလွတ်ခွင့်ရ‌ နေသည်။ အဆိုပါ အခြေအနေများကြောင့် အာဏာသိမ်းမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၏ ပိုမိုဆိုးဝါး ရက်စက် ကြမ်းကြုတ်မှု များအား ပြည်သူများ ပိုမိုခံစားနေရသည် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ပြည်သူနှင့်တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသည့် နွေဦး တော်လှန်ရေး၏ အာဇာနည်သူ ရဲကောင်းများအား ရဲဘော်ရဲဘက်များမှ နှလုံးသွေးရဲရင့်စွာဖြင့် ဂုဏ်ပြု အလေးပြုပါသည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အ နောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ (၇)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ mizzima

သေဒဏ်စီရင်မှု ရပ်တန့်ရေး နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) တောင်းဆို

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက  သေဒဏ်ပေးကွပ်မျက်လိုက်တာဟာ မြန်မာနိုင်ငံအတွင်း ရက်ရက်စက်စက် ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေတာကိုပြတယ်လို့  နိုင်ငံတကာလွတ်ငြိမ်းချမ် သာခွင့်အဖွဲ့ (AI) က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီခုံရုံးက သေဒဏ်ချမှတ်ထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာလိုက်ပြီးနောက်မှာ AI အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၀ နှောင်းပိုင်းကနေစတင်ကာ ဆောင်ရွက်ခြင်းမရှိတော့တဲ့ သေဒဏ်ပေး ကွပ်မျက်ခြင်းကို မြန်မာစစ်ကောင်စီက ပြန်လည်ကျင့်သုံးဆောင်ရွက်လိုက်တာဟာ အလွန်ကြမ်းကြုတ်ရက်စက်မှုဖြစ်တယ်လို့  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (Amnesty International) ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ အာဝင်ဗန်ဒါဘော့က   ပြောလိုက်ပါတယ်။

“အခုလိုကွပ်မျက်တာတွေဟာ  လူ့အသက်ကို တန်ဖိုးမထားခြင်းဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှု မှတ်တမ်းထဲမှာ လွန်စွာမှ ကြမ်းကြုတ်ရက်စက်မှုတစ်ခုအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။ အခုကွပ်မျက်ခံရတဲ့ လေးယောက်ကို စစ်ခုံရုံးကနေ လျှို့ဝှက်စွာနဲ့ မတရားစီရင်ချက်ချခဲ့တာလည်း ဖြစ်ပါတယ်။ ပုံစံတူလုပ်ငန်းစဉ်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ နောက်ထပ် အယောက် ၁၀၀ လောက်ရှိနေနိုင်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လိုအပ်တာတွေချက်ချင်းဆောင်ရွက်ရတော့မှာဖြစ်ပါတယ်။”

မြန်မာစစ်တပ်ဟာ အခုချိန်အထိ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ နှိပ်စက်မှုတွေအပြင် ကကြီးကနေ အ အထိ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကို ကျူးလွန်နေခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လို့သာ သူတို့ရဲ့ကျူးလွန်မှူတွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်မျိုးမပေးနိုင်ခဲ့ရင် မြန်မာစစ်တပ်ဟာ လူ့အသက်တွေကို ထပ်ပြီး နင်းချေဖျက်ဆီးနေဦးမှာပဲ ဖြစ်ပါတယ်လို့လည်း အေအိုင်အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာ သေဒဏ်ပေးခြင်းကို တဖြည်းဖြည်းချင်းလျှော့ချရပ်တန့်နေတဲ့အချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း နှစ်ပေါင်း ၃၀ ကျော်ကြာအောင် ဆောင်ရွက်ခြင်းမရှိခဲ့တဲ့ သေဒဏ်ပေးမှုကို စစ်တပ်က ကျူးလွန်လိုက်ခြင်းဟာ ကမ္ဘာ့ပြောင်းလဲမှုရေစီးနဲ့ ဆန့်ကျင်နေရုံသာမကဘဲ လူ့အခွင့်အရေးဥပဒေနဲ့ စံချိန်တွေအရ သေဒဏ်ပေးမှုရပ်တန့်ရေး ဦးတည်ချက်နဲ့လည်း ဆန့်ကျင်လျက်ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ သီးခြားရပ် တည်ချက်ဟာ အဆိုးဝါးဆုံးအခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ အရေးကြီးတဲ့ ပထမခြေလှမ်းအဖြစ် သေဒဏ်ပေးခြင်းတွေကို ချက်ချင်းဆိုင်းငံ့ထားပေးဖို့ အာဏာပိုင်တွေကိုလည်း တိုက်တွန်းတောင်းဆိုပါတယ်လို့ အာဝင်ဗန်ဒါဘော့က  ပြောပါတယ်။

နိုင်ငံတကာ တရားဥပဒေနဲ့စံချိန်တွေအရ မတရားပြစ်ဒဏ်ချမှတ်ပြီး အခုလိုသေဒဏ်ပေးကွပ်မျက်တာဟာ လူသားတိုင်းအသက်ရှင်ခွင့်ရှိရမည်ဟူသော သတ်မှတ်ချက်ကို ဖောက်ဖျက်ကျူးလွန်တာဖြစ်ပြီး ကြမ်းကြုတ်စွာနှိပ်စက်ခြင်းနဲ့ သိက္ခာမဲ့စေတဲ့ လူသားမဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးစေတဲ့ ပြစ်ဒဏ်တွေမပေးရဆိုတဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်တယ်လို့လည်း  AI အဖွဲ့ကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ်အဖြစ် သေဒဏ်ပေးကွပ်မျက်ခြင်းကို ၁၉၈၀ ခုနှစ်နှောင်ပိုင်းမှာ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၂ ခုနှစ် ဖေ ဖော်ဝါရီလ နောက်ဆုံးအကြိမ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဟာ ဆန့်ကျင်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ခြယ်ရေးလက်နက်အဖြစ် သေဒဏ်ပေးခြင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ပမာဏအထိ မတရားအမိန့်ချမှတ်ခဲ့ပါတယ်။

ဘယ်လို အကြောင်းကြောင့်ဖြစ်စေ၊ ဘယ်လိုအခြေအနေမှာဖြစ်စေ သေဒဏ်ပေးခြင်းကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့  (AI) က ဆန့် ကျင်တယ်လို့လည်းလည်း ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ၃ ပုံ ၂ ပုံကျော်မှာ သေဒဏ်ပေးတာကို  ဥပဒေအရရော လက်တွေ့မှာပါ ဖျက်သိမ်းခဲ့ကြပြီးပြီလို့ သိရပါတယ်။ DVB

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကိုသေဒဏ်စီရင်မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း KNUပြော

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီအနေဖြင့် သေဒဏ်ချမှတ်လိုက် သည့်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက မဇ္ဈိမသို့ပြောသည်။

“တိုင်းပြည်မှာနေ့စဉ်နှင့်အမျှဖြစ်နေတဲ့ သတ်တာဖြတ်တာတွေက နေရာတိုင်းမှာဖြစ်နေတာဆိုတော့ ကျနော်တို့အနေနဲ့ လုံးဝ မအံ့ဩဘူး။ သို့ သော်ငြားလည်း ဒီဟာပေါ်မှာ ကျနော်တို့အနေနဲ့ လုံးဝအပြင်းအထန်ရှုတ်ချတယ်။ ကန့်ကွက်တယ်။ လုံးဝမဖြစ်သင့်တဲ့ ဟာပေါ့နော်။နိုင်ငံတကာကနေ သူ့ကို ဒီလိုမလုပ်ရဘူးလို့ပြောတာ သိပ်မကြာသေးဘူး။ ဒါပေမယ့် လုပ်ချလိုက်တာပဲလေ“ ဟု မဇ္ဈိမသို့ပြောသည်။

KIA / KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကလည်း ကိုဂျင်မီ နှင့် ကိုဖြိုးဇေယျာသော် ပါအဝင် လေးဦးကို သေဒဏ် စီရင်လိုက်ပြီ ဆိုသည့် စစ်ကောင် စီ၏သတင်းထုတ်ပြန်ချက်နှင့်ပက်သက်ပြီး ‘’သတင်းသာမှန်ခဲ့မယ်ဆိုရင် မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့် လွှတ်ပေးချင်တဲ့သူတွေတောင် နောက်ဆုတ်သွားတော့မှာပါ ’’ နှင့် ‘’ သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’’ ဟု ပုံနှစ်ပုံ ဖြင့် ရည်ညွှန်းပြောဆို ရေးသာထားသည်။

ထို့အပြင် ရက္ခိုင့်တပ်တော်(AA)၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(United League of Arakan)က များစွာထိတ် လန့်တုန်လှုပ်မှုဖြစ်ရသည်ဟု တုံ့ပြန်လိုက်သည်။

“မလုပ်သင့် မလုပ်အပ်သော သေဒဏ်ချမှတ်ခြင်း အလုပ်ကို မလုပ်သင့်သည့် အချိန်၌ မလုပ်မိစေရန် ယဉ်ကျေးသော သံတမန်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ နစက ထုတ်ပြန်လိုက်သော မိုက်မဲစွာ သေဒဏ်စီရင်သည့် သတင်းသည် ပြည်သူတစ်ရပ်လုံး၏ ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာ နှိုးဆွစိန်ခေါ် လိုက်ခြင်းပင်ဖြစ်သည်” ဟု ယနေ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားလေးဥိီးကို သေဒဏ်ပေးလိုက်ခြင်းက နိုင်ငံတကာ၊ အိမ်နီးချင်းနိုင်ငံကြီးများနှင့် အာဆီယံ အသိုင်းအဝိုင်းက က မကထပြု တိုက်တွန်းကူညီလုပ်ဆောင်ပေးနေသော ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မည့် နိုင်ငံရေးအလားအလာ လမ်းစကောင်းများကို စစ်ကောင်စီက ” ရင့်သီးစွာ ခြေဖြင့်နင်းချေ ဖျက်ဆီးပြလိုက်ခြင်း”ဖြစ်သည်ဟု ပါရှိသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်သည် မကြာသေးခင်ကစ၍ တစ်ကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပေါ်နေခဲ့သည်။

ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ လေးဦးအား စစ်ကောင်စီ၏ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်ကို အတည်ပြုလိုက်ပြီး ကွပ်မျက်ရန် ဆောင်ရွက်နေပြီဟု စစ်ကောင်စီမှ ဇွန်လ ၃ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ပြီးနောက် ဇူလိုင် ၂၅ရက်နေ့တွင် ပြစ်ဒဏ်စီရင် ပြီးစီးကြောင်း ဝါဒဖြန့်မီဒီယာများမှ ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ကို သေဒဏ်စီရင်ပြီးဖြစ်ကြောင်း ဒုတိယထောင်ပိုင်က ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်၏ မိသားစုများကို အတည်ပြု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့သို့သေဒဏ်စီရင်ခဲ့မှုသည် သင့်လျော်မှုမရှိသည့်လုပ်ရပ်ကို စစ်ကောင်စီက လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်ပေးနေသည့် ဝါရင့်ရှေ့နေတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

“မြန်မာနိုင်ငံကတော့ သေဒဏ် မပယ်ဖျက်သေးတဲ့ နိုင်ငံဖြစ်တယ်။ သို့သော် နိုင်ငံရေးအရ လှုပ်ရှားတဲ့ သူတွေကို သေဒဏ် စီရင်တာကတော့ ကျနော်တို့မြင်တာကတော့ မသင့်လျော်ဘူး။ အင်မတန်ကို တိုင်းပြည်အတွက် တည်ငြိမ်မှုပျက်ပြားနေတဲ့ ကာလ ၊ အင်မတန်လည်း ထိလွယ်ရှလွယ်ဖြစ်တဲ့ အချိန်မှာ ဒါမျိုးက မသင့်လျော်တဲ့ ကိစ္စလို့မြင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရန်ကုန်တွင် သပိတ်တိုက်ပွဲများ ဆင်နွှဲနေသည့် လူငယ်သမဂ္ဂများ ဥက္ကဋ္ဌဖြစ်သူ ကိုဇော်ထက်က” ရင်နာတယ်။ စစ်ကောင်စီက ယုတ်မာရက် စက် တာ အခုမှမဟုတ်တာဗျာ ။ သူတို့ အာဏာမြဲဖို့ လုပ်စရာရှိတာဆက်လုပ်မှာပေါ့။ ကျွန်တော်တို့လည်းလုပ်စရာရှိတာဆက်လုပ်ရမှာပေါ့ဗျာ” ဟုဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခြောက်ခုကို အဆိုပါ မြို့နယ်များထဲမှ စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါ အဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိနေပြီး ၎င်းတို့ထဲမှ အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသည်။ mizzima

မြိုင်မြို့နယ်၊ ကျောက်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ရေဦး၊ နှောကုန်းကျေး ရွာကိုလည်း စစ်တပ်က ညအချိန် မီးတင်ရှို့

မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျောက်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၃ ရက်နေ့ တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်၊ လှည်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းသည် ကျောက်ကန်ကျေးရွာအပြင် ကျောင်းရပ် ၊ ကျောက်တောင် ၊ သီတင်းပင် ၊ ဘန့်ဘိုး စသည့် ကျေးရွာများကိုလည်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ဓမ္မသာရကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ရွာလုံး ကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် နှောကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

” ပြည်သူတွေကတော့ အချိန်မှီ ရှောင်တိမ်းနိုင်ခဲ့တယ်။ ပြည်သူပိုင် နေအိမ်တွေကတော့ တော်တော်များများ မီးရှို့ဖျက်ဆီးခံရတယ်။ အရေအ တွက် အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ အခုက ရွာလုံးကျွတ်ပြေးနေရတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ khit thit

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှုအပေါ် NUG ဝန်ကြီးများ ဒေါသတကြီးတုံ့ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက လျို့ဝှက်စွာသေဒဏ်ချစီရင်လိုက်ခြင်းအပေါ် အ မျိုး သားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင် ဝန်ကြီးများက ဒေါသတကြီးတုံ့ပြန်လိုက်သည်။

လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ” ထောင်တွင်း လူသတ်မှု” ဟု ခေါ်ဆိုလိုက်ပြီး ” အကြမ်းဖက်စစ်ကောင်စီကို အပြီးအပိုင်ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်း လိုတယ်။ ဒီအတိုင်းပဲဖြစ်အောင်လည်း ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ ဒီကိစ္စက သေ ဒဏ်စီရင်မှု မဟုတ်ပါဘူး။ ထောင်တွင်း လူသတ်မှုဖြစ်တယ်။ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေကို သေဒဏ် အ ကြောင်းပြပြီး သတ်ဖြတ်တဲ့ရာဇဝတ်မှုပဲဖြစ်တယ်။” ဟု ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရန်လုပ်နေသော နိုင်ငံခြားတိုင်းပြည်များကိုလည်း သူက သတိပေးလိုက်သည်။

“အခုလုပ်ဆောင်နေတဲ့ ဖိအားတွေထက် ပူးပေါင်းဆောင်ရွက်ဖို့လုပ်ဆောင်နေတဲ့ နိုင်ငံတကာရဲ့အကြံအစီ တွေအားလုံးရပ်တန့်ပါ။” ဟု ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက် တောခိုကျောင်းသားဖြစ်ခဲ့သော ဦးအောင်မျိုးမင်းက ပြောသည်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ သူ၏လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဦးတည်ကာ ရေးသားထားသည်။

“ မင်းအောင်လှိုင်အား တရားစီရင်လို့မပြီးမချင်း တော်လှန်ရေးမပြီး။ ပြေးစရာမြေ တစ်လက်မမှ မရှိစေရ ကမ္ဘာဆုံးအောင်လိုက်မယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ ရွေးကောက်ခံလွှတ်တော်အမတ်လည်းဖြစ်သူ ဥိီးရည်မွန်က ဆိုသည်။

ယနေ့ (ဇူလိုင်လ ၂၅ ရက်)ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာများတွင် သေဒဏ်ချခံထားရသော ဦးကျော်မင်းယု(ခ)ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်(ခ)မောင်ကျော်၊ ဦးလှမျိုးအောင်(ခ)ကိုမျိုးနှင့် ကိုအောင်သူရဇော်(ခ)ကိုကတုံးတို့လေးဦးကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ခဲ့သည်ဟု ပါရှိသည်။

သို့သော် မည်သည့်နေ့ရက် အချိန်တွင် ပြစ်ဒဏ်စီရင်မှုပြုသည်နှင့် သေဆုံးသူများ၏ရုပ်အလောင်းကို သဂြိုလ်မှုကိုမည်သို့လုပ်ဆောင်သည်ကိုမူ ထုတ်ပြန်ကြေညာခြင်းမပြုဘဲထားသည်။

ဉီးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ မိသားစုဝင်များက တိတိကျကျသိနိုင်ရန် ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် ထောင်ပိုင်နှင့် သွားရောက် တွေ့ဆုံသော်လည်း တွေ့ခွင့်မရဘဲဖြစ်ခဲ့သည်။ သို့သော် သေဒဏ်ပေးလိုက်ကြောင်း အတည်ပြုချက်ကို ကြားသိခဲ့ရသည်ဟု ၎င်းတို့၏ မိသားစုနှင့်နီးစပ်သူများက မဇ္ဈိမသို့ပြောသည်။

ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူ ဒေါ်သဇင်ညွှန့်အောင်၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဝမ်းနည်းကြောင်းအထိမ်းအမှတ် ပရိုဖိုင်းအနီပြောင်းထားလိုက်သလို ” ပြန်ပေးဆပ်ရမည်” ဟုရေးသားထားသည်ကို တွေ့ရသည်။

အသတ်ခံရသူလေးဦး ဖမ်းဆီးခံရပြီးနောက် မိသားစုဝင်များအနေဖြင့် ပထမဆုံးနှင့် နောက်ဆုံးတွေ့ခွင့်ရခဲ့သည်မှာ ဇူလိုင်လ ၂၂ ရက်နေ့ညနေကဖြစ်ကာ အွန်လိုင်းဗီဒီယိုမှတဆင့်ဖြစ်သည်။

အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်များအပြောအရ ဇူလိုင် ၂၃ ရက် (စနေနေ့) နံနက်တွင် ကွပ်မျက်လိုက်ခြင်းဖြစ်ပြီး ထိုနေ့မှာပင် ထိန် ပင်သုဿန်တွင် မီးသဂြိုလ်လိုက်သည်ဟုဆိုသည်။ mizzima

သေဒဏ်ပေးခံရသူများ၏ ရုပ်အလောင်းများ ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်ပြောကြား

သေဒဏ်ပေးပြီးဖြစ်သော ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦး၏ ရုပ်အလောင်းများကို ထုတ်မပေးနိုင်ကြောင်း ထောင်အာဏာ ပိုင်က မိသားစုဝင်များကို ယနေ့မနက်တွင် ပြောကြားလိုက်သည်။

ယနေ့ (ဇူလိုင် ၂၅) နံနက်ပိုင်းတွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်ကာ ထောင်အာဏာ ပိုင်များကို သေဒဏ်ပေးသည်ဆိုသော နိုင်ငံပိုင်သတင်းစာပါအချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်းဖြစ်သည်။

“အင်းစိန်ဒုထောင်ပိုင်နဲ့တွေ့တယ်။ သေဒဏ်ဟုတ်တယ်ပေါ့နော်။ ဘယ်နေ့က လုပ်လိုက်တာလည်းဆိုတာ သူတို့ ပြောပိုင် ခွင့်မရှိဘူးတဲ့။ အဲဒါဆို ရုပ်အလောင်း ပြန်ပေးပေါ့နော်ဆိုတော့ ဥပဒေမှာ မရှိဘူးပေါ့နော်လို့ ပြောတယ်တဲ့” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကပြောသည်။ 

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်မိသားစုဝင်များက ၎င်းတို့အတွက် စျာပနကို ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း သိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျောသော်နှင့် ကျန်နှစ်ဦးကို သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသက် ၅၃ နှစ်အရွယ် ဦးဂျင်မီနှင့် အသက် ၄၁ နှစ်အရွယ် ဦးဖြိုးဇေယျာသော်၏ မိသားစုဝင်များအား လွန်ခဲ့သည့် ရက်ပိုင်းက အင်းစိန် ထောင်သို့ခေါ်၍ လူချင်းပေးမတွေ့ပဲ ကွန်ပျူတာဖန်သားပြင်မှတစ်ဆင့် Zoom ဖြင့်သာ ပေးတွေ့ပြီးနောက် ယခုကဲ့သို့ သေဒဏ်စီရင်ခြင်းဖြစ်သည်။

ကွပ်မျက်သည့် အခြေအနေအသေးစိတ်ကို မသိရသော်လည်း ဇူလိုင်လ ၂၃ စနေနေ့ နံနက်တွင် ပြုလုပ်ခဲ့ ကြောင်း Myanmar Now ၏သ တင်းရင်းမြစ်တစ်ခုက ဆိုသည်။

မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် “သူ့အကြောင်းတရားနဲ့သူလာတာ။ သူတရားထိုင်တယ်။ သူတရားနဲ့ သူနေ တယ်” ဟု ဦးဂျင်မီက ပြောဆိုခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရပြီး၊ အကျဥ်းထောင်လုပ်ထုံး လုပ်နည်း  အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆေးနှင့် အ စားအစာများ လာမပို့ရန် ထောင်အာဏာပိုင် များက မှာကြားခဲ့သည်ဟု သိရသည်။

သေဒဏ်ထိုက်သည့် အမှုများဆိုလျှင် ရှေ့နေငှားရမ်းခွင့် မဖြစ်မနေရထိုက်သော်လည်း ယခုတွင် ထိုသို့မဟုတ်၍ စနစ်တကျ ခုခံခွင့်မရကြောင်း၊ စီရင်ချက်ချပြီးနောက်တွင်လည်း သမ္မတကို ဖမ်းထားသည့် စစ်ကောင်စီဥက္ကဋ္ဌက သေဒဏ်ကို အတည်ပြုခြင်းမှာ တရားမဝင်ကြောင်း အသက် ၇၇ နှစ်ရှိ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“ရာဇဝတ်မှုကြီးတစ်ခုကို ကြိုတင်ကြံစည်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်တဲ့အတွက် ရာဇတ်သတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု)ကို ကျူးလွန်လိုက်တာ”ဟု ၎င်းက ပြောသည်။

ထိုအပြင် သေဒဏ်ကျသူများကို စီရင်တော့မည်ဆိုလျှင် အကျဉ်းထောင်ဥပဒေအရ မိသားစုကို အသိပေး၍ စားချင်တာ စားခွင့်၊ မှာချင်တာ မှာခွင့်ပြုရမည်ဖြစ်ပြီး ယခုကိစ္စတွင် စစ်ကောင်စီက ထိုသို့ မလုပ်ခဲ့ဘဲ မိသားစုနှင့် သာမန်ထောင်ဝင်စာ တွေ့ခွင့်ပြု၍ လိမ်လည်လှည့်ဖျားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးကြီးမြင့်က ထောက်ပြသည်။​

မိသားစုထံ ရုပ်အလောင်းပြန်မပေးသည့် အချက်မှာမူ ဥပဒေတွင် မည်သို့ လုပ်ဆောင်ရမည်ဟု အတိအလင်း ဖော်ပြမထားသည့် လစ်ဟာမှုကို စစ်ကောင်စီက အခွင့်အရေးယူသွားခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ရှောင်ကြဉ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေး သည့်လုပ်ရပ်ကို လက်ရှိစစ်ခေါင်းဆောင်က လုပ်ဆောင်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာဖြစ်မည်ဟု နှစ် ၅၀ ကျော် နိုင်ငံရေးသမိုင်းရှိသည့် ဦးကြီးမြင့်က သုံးသပ်သည်။

“သူ(မင်းအောင်လှိုင်) ပေးဆပ်ရလိမ့်မယ်။ ဘယ်နေလို့ရမလဲ။ လူသတ်ထားတာလေ။ လူသတ်ခွင့်မရှိဘဲနဲ့ လူသတ်ဖို့ အတည်ပြုတဲ့အတွက် မြင့်ဆွေနဲ့ မင်းအောင်လှိုင်ကတော့ သူတို့က ၃၀၂ (၁) လူသတ်မှုကို ကျူးလွန်တာပဲ”

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်ရှိ မြို့နယ်ခြောက်ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီး ရမိသော ဆန့်ကျင်တော်လှန်သူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါ အဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်အောက် နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။

သေဒဏ်နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ဝေဖန်ကန့်ကွက်နေသော်လည်း ကြိုးပေး ကွပ်မျက်မည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက အစဉ်တစိုက် တုံ့ပြန်ခဲ့သည်။

စစ်ခုံရုံးဖြင့် အမှု ၂၃ မျိုးကို စီရင်မည်ဖြစ်ကြောင်း၊ သေဒဏ်နှင့် ပတ်သက်၍ စီရင်ချက်အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို အာဏာသိမ်းခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသာ အတည်ပြုပေး နိုင်ကြောင်းလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာစစ်အစိုးရ၏ သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ Tom Andrews က ထုတ်ဖော်ပြောဆိုသည်။ myanmar now

ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်ခြင်းအတွက် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စုကို အစွမ်းကုန်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု PDF ဂန့်ဂေါ ထုတ်ပြန်

ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ခြင်းအတွက် စ်ရာဇဝတ်ကောင် မင်းအောင်လှိုင် နှင့် စစ်အာဏာရူးတစ်သိုက် ၏ ယခုကဲ့သို့သော ဥပဒေမဲ့လုပ်ရပ်များကို ၎င်းတို့အပြင် ၎င်းတို့၏ မိသားစုများ၊ အကြမ်းဖက်စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ထောက်ခံအားပေးသူများ ၊ စစ်အုပ်စုနှင့် အကျိုးစီးပွားပတ်သက်နေသူအားလုံး တာဝန်ခံကြရမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဒေသ ၁၊ အနောက်ပိုင်းစစ်ဒေသခွဲ၊ တပ်မဟာ ၇ က ယနေ့ ထုတ်ပြန်သည်။

ယခုလုပ်ရပ်သည် စစ်အာဏာရူးတစ်သိုက်၏ သေမထူးနေမထူး လုပ်ရပ်ဖြစ်ပြီး ပြည်သူအား လက်နက်အားကိုးဖြင့် အကြောက်တရား ထပ်မံရိုက်သွင်းသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတလျှောက် အာဏာသိမ်းစစ်အုပ်စု နှင့် ၎င်းတို့၏ မိသားစုများအား ခေတ်အဆက်ဆက်တွင် အပြစ်ပေးအရေးယူနိုင်ခဲ့ခြင်းမရှိဘဲ ဥပဒေမှ ကင်းလွတ်ခွင့်ရ‌နေသော အခြေအနေများကြောင့် အာဏာသိမ်းမျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၏ ပိုမိုဆိုးဝါး ရက်စက်ကြမ်းကြုတ်မှုများအား ပြည်သူများ ပိုမိုခံစားလာကြရသည်ဟု ဂန့်ဂေါ PDF က ဆိုသည်။

ပြည်သူနှင့် တိုင်းပြည်အတွက် အသက်ပေးလှုသွားကြသော နွေဦးတော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အနောက်ပိုင်းစစ်ဒေသခွဲ ၊ တပ်မဟာ ၇ မှ အစွမ်းကုန် တုန့်ပြန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ khit thit

လောင်းလုံးမှာ ဒေသခံ ပြည်သူ ၂ ဦးကို ပျူစောထီး စွန်ရဲ အဖွဲ့နဲ့ စရဖများက ဖမ်းဆီးပြီး ပစ်သတ်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မောင်းမကန်ကျေးရွာနေ အပြစ်မဲ့ ဒေသခံ ပြည်သူ နှစ်ဦးကို ပျူစောထီး စွန်ရဲ အဖွဲ့နှင့် စရဖများက ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် သ ပိတ်ကော်မတီတို့ထံမှ သိရ သည်။

အဆိုပါ ပျူစောထီး စွန်ရဲအဖွဲ့နှင့် စရဖ အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသည့် ဒေသခံ နှစ်ဦးမှာ ဦးဇော်ဝင်းနှင့် ဒေါ်ပွားတို့ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြော သည်။

မောင်းမကန်ဒေသခံ တစ်ဦးက“ညဖက်ကြီး အိပ်မောကျနေတဲ့ အချိန်မှာ လာဖမ်းပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာပါ နောက်ပြီး အလောင်းတွေရဲ့ နံဘေးမှာ စွန်ရဲ တံဆိပ်တွေ ပစ်ချထားခဲ့တာလည်း တွေ့ရတယ်”ဟု ပြော သည်။

ပျူစောထီး စွန်ရဲ အဖွဲ့နှင့် စရဖ အဖွဲ့များက ယင်းတို့ နှစ်ဦးကို PDF အဖွဲ့စည်းများကို ငွေကြေးနှင့် အခြားထောက်ပံ့မှု ပြုလုပ်နေသူများဟု စွပ် စွဲချက်နှင့် နေအိမ် အတွင်း ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးကာ သေနတ်နှင့် ပစ်သတ်ခဲ့ပြီး နေအိမ်ရှိ ဖုန်း၊ လက်ဝတ် ရတနာနှင့် ကား တစ်စီးတို့ကို ခိုးယူသွားကြောင်း လောင်းလုံးမြို့နယ် သပိတ်ကော်မတီအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုအပြင် ယင်းအကြမ်းဖက် လုပ်ရပ်သည် လောင်းလုံးမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်နေပြီး လူမဆန်သည့် လုပ်ရပ်များဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

လက်ရှိတွင် လောင်းလုံးမြို့နယ် အတွင်း ဇွန်လ ၁၆ ရက်မှ ယခု ဇူလိုင်လ ၂၅ ရက်နေ့ အထိ ပျူစောထီး စွန်ရဲ၊ စရဖနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အ ကြမ်းဖက် လုပ်ရပ်ကြောင့် နှစ်လအတွင်း အမျိုးသား လေးဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ပြည်သူ့ ကိုးဦးတို့ လူမဆန်စွာ မတရား သတ် ဖြတ်ခြင်းခံရပြီး လူနေအိမ် တစ်ဆောင်လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ mizzima

သေဒဏ်စီရင်မှု၏ အကျိုးဆက်ကို စစ်ကောင် စီ ပြန်ခံစားရမည်ဟု NUG နှင့် CRPH တုံ့ပြန်

ဦးဂျင်မီနဲ့  ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို  ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်မပေးပဲ စစ်ကောင်စီက တဖက်သတ် သေဒဏ်စီရင်လိုက်တာဟာ  လူသတ်မှုမြောက်ပြီး  စစ်ကောင်စီအနေနဲ့ ဒီအကျိုးဆက်ကို ပြန်ခံစားရမယ်လို့  NUG နဲ့  CRPH တာဝန်ရှိသူတွေက တုံ့ပြန် ပြောဆိုလိုက် ပါတယ်။

စစ်ကောင်စီခုံရုံးအသီးသီးက သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင် မီနဲ့ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ အပါအဝင် အရပ်သားတွေဖြစ်တဲ့ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ထုတ် သတင်းစာက တဆင့် ကြေညာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့တွေကို မိသားစုဝင်တွေနဲ့ ဗွီဒီယိုက တဆင့်တွေ့ဆုံခွင့်ပေးခဲ့တာနဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်တွေကိုတွက်ဆရရင် အမှန်တကယ် သေဒဏ်ပေးလိုက်တဲ့သဘော ဆောင်ပြီး ဥပဒေစိုးမိုးမှုမရှိတဲ့အောက်မှာ ဥပဒေနဲ့  ညီညွတ်မှုမရှိတာတွေကိုလည်း မပြောချင်တော့ဘူးလို့ ဝါရင့် တရားလွှတ်တော် ရှေ့နေ တယောက်က ပြောပါတယ်။

“သေဒဏ်စီရင်ပြီးပြီလို့ပဲ ဆုံးဖြတ်နိုင်တဲ့ အနေအထား၊ နိုင်ငံပိုင်သတင်းစာမှာ ထည့်သွင်းကြေညာတယ်ဆိုကတည်းက သေချာသလောက်တော့ရှိနေပြီလို့ ကျနော့်အဲဒီအတိုင်းပဲ သုံးသပ်ပါတယ်”လို့ ဝါရင့်ရှေ့နေက  ပြောပါတယ်။ သေဒဏ်ချမှတ်ခံခဲ့ရသူတွေဟာ ဥပေဒအကြောင်းအရ ဘာခုခံပိုင်ခွင့်မှလည်း မရရှိခဲ့ကြပဲ အခုလို ပြစ်ဒဏ်စီရင်ခံခဲ့ရတာပါ။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ အမှန်တကယ်သေဒဏ်ပေးလိုက်ပြီလို့ ယူဆရသလို စစ်ကောင်စီအနေနဲ့ ဒီကျူးလွန်မှုရဲ့ အကျိုးဆက်ကို ပြန်ခံရမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ  ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“ဒါဆိုရင်တော့ ရှင်းရှင်းပြောရရင် ရန်ငါပြတ်တာပေါ့ဗျာ။ အပြင်းထန်ဆုံး အရက်စက်ဆုံး လုပ်တယ်ဆိုတာ ထင်ရှားတာပေါ့။  ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်ပြောချင်တာ တကယ်လို့သာမှန်ခဲ့မယ်ဆိုရင်၊  ကမ္ဘာကြီးကိုလည်း ကျနော်ပြောရမှာပဲ အခုဒီအချိန်မှာ စစ်ကောင်စီနဲ့ ပတ်သက်လို့ အခု ဆွေးနွေးပါတို့ ညှိနှိုင်းပါတို့ ဖျန်ဖြေပါတို့သာပြောနေပြီး တကယ်တမ်းကျတော့။ ဒီမတရားသဖြင့် ရက်စက်ကြမ်းကြုတ်မှုတွေလုပ်နေတာတဲ့ပတ်သက်ပြီး အရေးယူတာလည်းမရှိဘူး။  ဒါနဲ့ ပတ်သက်ပြီး ပြောရရင်  ဒါကတော့ အင်မတန် အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး ဗြောင်လုပ်ပြလိုက်တာပဲ၊ ဒါရဲ့ အကျိုးဆက်တွေကိုတော့ သူတို့ ပြန်ခံရတော့မယ်ဆိုတဲ့ဟာမျိုး ကျနော်တို့ ယုံကြည်ထားတယ်။” 

ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲခံရသူတွေဟာ ခုခံပိုင်ခွင့်တွေမရှိခဲ့သလို တစ်ဖက်သတ် သေဒဏ်စီရင်တာဟာ လူသတ်မှုပဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဆိုပါတယ်။

“တရားစီရင်မှုကလည်း  Kangaroo court  ပေါ့နော် မတရားစီရင်တဲ့  သူတို့ရဲ့ရုံးကနေ အပြစ်ပေးပြီး တော့ သူတို့ကလုပ်တာပေါ့။ ဒါလူသတ် မှုပဲ။ စကစက လူသတ်မှုကျူးလွန်တာပဲ။ ကမ္ဘာကြီးကနေပြီး တောင်းဆိုနေတာကို လျစ်လျူရှုပြီးတော့ ဒီလူ လေးယောက်ကို စကစက အဆုံး စီရင်တာပေါ့နော်။ တကယ်လို့လုပ်ခဲ့တယ်ဆိုရင် အဲလိုပဲပြောချင်ပါတယ်။ ကုလသမဂ္ဂတို့  နိုင်ငံတကာတို့က ပါးစပ်နဲ့ ပြောနေရုံ၊ Statement ထုတ်နေရုံတင် မဟုတ်ဘူး လူသတ်မှုကျူးလွန်နေတဲ့ စကစကို စကစ ခေါင်းဆောင်တွေကို အရေးယူရတော့မယ့်၊  အပြစ်ပေးရတော့မယ့်အ ချိန်ရောက်ပါပြီလို့ ပြောချင်ပါတယ်။ ”

နိုင်ငံရေးအမှုတွေနဲ့ပတ်သက်လို့ ကူညီပေးနေသူရှေ့နေတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ သုံးနှုန်းထားတဲ့စ ကားဟာ တိတိကျကျပြောဆိုတာမျိုး မဟုတ်သလို၊ အင်းစိန်ထောင်တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါမှာလည်း တိတိကျကျ ပြန်မဖြေကြတာကြောင့် မျှော်လင့်ချင်သေးတယ်လို့ ဆိုပါတယ်။

“အဲဒါကို မသိဘူးလို့ပဲပြောတယ်။ အတည်ပြုချက်မပေးဘူး။ အရင်တုန်းကဆိုရင်လေ တခုခုဆို ကျမတို့က မေးတယ်လေ၊ အဲဒါသေချာလား။ ဟုတ်ရင်ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူးသူပြောတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမသိပါဘူးလို့  အဲလိုပြောတယ်။ မျှော်လင့်တဲ့ သဘောပေါ့နော် ဘာလို့လဲဆိုတော့ စကားလုံးတလုံးပေါ်မှာ Catchy ဖြစ်တယ်။ တိတိကျကျ မပြောဘူးလေ။ အရင့်အရင်တုန်းက ကျမတို့က အတွေ့ အကြုံ နှစ်ဦးရှိခဲ့တုန်းက တိတိကျကျပြောတယ်။” 

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီဘက်က အကြမ်းဖက်ပုဒ်မတွေနဲ့စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စစ်ကောင်စီခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီသေဒဏ်ကို ပြီးခဲ့တဲ့ ဇွန်လမှာ စစ်ကောင်စီဘက်က အတည်ပြုခဲ့သလို အမှန်တကယ်သေဒဏ်ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် ပြစ်ဒဏ်တွေကိုစီရင်ဆောင်ရွက်ပြီးပြီလို့ ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာပဲ စစ်ကောင်စီက နိုင်ငံပိုင်သတင်းတွေကနေ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ DVB

မြဝတီ-ဝေါလေကားလမ်း သုံးထပ်ကွေ့အနီး တောင်ကြောပေါ်သို့ အလစ်ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Cobra စစ် ကြောင်း တိုက်ခိုက်၊ စစ်သား ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွာသွား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း၊ မြဝတီ-ဝေါလေ ကားလမ်းမ၊ သုံးထပ်ကွေ့အနီး တောင်ကြောပေါ်သို့ ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေပိုင်းတွင် အလစ်အငိုက် ကျူးကျော်လာသော အကြမ်းဖက်စစ်တပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးနှင့်အထက် ဒဏ်ရာပြင်းထန်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို ကော်ဘရာစစ်ကြောင်း၊ စစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့နှင့်အတူ Golden Eagle ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ဖလူးဘက်မှ ဝေါလေဘက်သို့ ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခဲ့ပြီး ကော်ဘရာစစ်ကြောင်း၏ တိုက်ခိုက်မှုကြောင့် ခမရ (၂၀၇) မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းအများအပြားကိုလည်း ကော်ဘရာစစ်ကြောင်းက သိမ်းဆည်းရမိခဲ့သေးသည်။ khit thit

« Older Entries