စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ အင်းတော်-ဗန်းမောက် ကားလမ်းမှာ ဖိုးဝီးကားတစီးနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းတို့ကို ဇူလိုင် ၂၄ ရက် မနက် ၉ နာရီကျော်မှာ KIA နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကင်းလှည့်တဲ့ကား တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ တပ်သား ၂ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရမှုမှာတော့ ၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုနဲ့ နီးစပ်သူကပြောပါတယ် ။
ဥသျှစ်ကုန်းကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီ စစ်သားတစ်ဦး ငှက်ဖျားနဲ့ သေဆုံးသွားရာ အင်းတော်မြို့နယ်မှာ ငှက်ဖျားနဲ့ သေဆုံးတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်ရှိ သွားပြီလို့ IR အဖွဲ့ကပြောပါတယ်။
ရွှေဘိုခရိုင် ရွှေဘို-မန္တလေးလမ်းပိုင်း စိုင်နိုင်ကွေ့နားမှာလည်း ဇူလိုင် ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်း မိုင်းဆွဲခံရပြီး အရာရှိဗိုလ် ၁ ဦးအပါဝင် ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဝက်လက်မြို့နယ် ထန်းကြီးနဲ့ ယင်းတောကျေးရွာတွေမှာ တပ်စွဲခဲ့ပြီး ခြေလျင်စစ်ကြောင်းနဲ့ ပြန်လည်ထွက်ခွာလာရာ စိုင်နိုင်ကွေ့အနီးမှာ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
တောကြီးမြေပွေးတပ်ဖွဲ့က တာဝန်ရှိသူတဦးက “ထန်းကြီးနဲ့ ယင်းတောရွာမှာ စစ်ကောင်စီ တပ်ဖွဲ့က ယာယီတပ်စွဲသွားတာ တညအိပ် နှစ်ရက်လောက်ရှိမယ်။ အဲဒီရွာဘက်ခြမ်းကနေ ရွှေဘို-မန္တလေးလမ်းအတိုင်း ခြေလျင်စစ်ကြောင်းနဲ့ ပြန်ထွက်လာရင်း ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲအရောက်မှာ ဆွဲခံတာ။ စစ်ကောင်စီ စစ်ကြောင်းက နေရာဖြန့်ပြီး စစ်ကြောင်း ထိုးလာတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၂၃၊ Shwe Bo Defence Force ( SBDF)၊ ရွှေချိုးဖြူ ပြောက်ကျားတပ်ဖွဲ့နဲ့ တောကြီးမြွေပွေးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။DVB