စစ်ကိုင်းတိုင်း ကျောက်မှော်ကျေးရွာရှိ ဒေသခံပြည်သူ ၃၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာရှိ ဒေသခံပြည်သူ ဦးရေ ၃၀ ခန့်ကို ဇူလိုင်လ ၂၃ ရက် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် စစ်ကောင်စီတပ်က အလုံ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီ တပ်သား ၄၀ ခန့်ပါသည့် အမြန်ရေယာဉ်သည် ဇူလိုင်လ ၂၃ ရက် နံနက် ၃နာရီခန့်တွင် ကျောက်မှော် ဆိပ်ကမ်းသို့ရောက်ရှိကာ နံနက် ၅ နာရီခန့်တွင် ကုန်းကြောင်းဖြင့် ကျောက်မှော်ကျေးရွာသို့ စစ်ကြောင်းထိုး ချီတတ်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံကသိရသည်။
“ရွာအဝင်မှာကတည်းက လက်နက်ကြီးငယ်တွေ နဲ့ အဆက်မပြတ် ပစ်ခတ်ပြီး ဝင်ရောက်လာတယ်။ ရုတ်တရက် ဆိုတော့ ပြေးချိန်မရလိုက်ကြဘူး။ အိမ်တွေကို မွှေနှောက် ၊ ရေအိုး ၊ ရေခွက်တွေ ၊ သေတ္တာတွေ ရိုက်ဖွင့်ပြီး အကုန်သယ်သွားကြတယ်။ ရွာက အပစ်မဲ့ ပြည်သူ ၃၀ လောက်ကို လက်ပြန်ကြိုးတုတ်ပြီး န.မ.ခ ကို ဖမ်းခေါ်ဆောင်သွားတယ် ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများကို မုံရွာမြို့တော် ခန်းမမှနေ၍ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် မုံရွာ အမှတ် (၁) စခန်းသို့ ပြောင်းရွှေ့ထား ကြောင်းသိရသည်။
ဖမ်းဆီး ခေါ်ဆောင်ခံရသည့် ဒေသခံပြည်သူ ၃၀ အနက် ငါးဦးမှာ စစ်ကြေားရေးတွင် ရရှိသည့် ဒဏ်ရာပြင်းထန်၍ တပ်ဆေးရုံသို့ တင်ထားသည်ဟု စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည့် မိသားစုဝင်တစ်ဦးထံက သိရသည်။
ကျောက်မှော် ကျေးရွာရှိ ဒေသခံပြည်သူများမှာ ယခုအချိန်အထိ နေရပ် စွန့်ခွါ၍ စစ်ဘေးရှောင်နေရသည်။ mizzima