လောင်းလုံးမှာ ဒေသခံ ပြည်သူ ၂ ဦးကို ပျူစောထီး စွန်ရဲ အဖွဲ့နဲ့ စရဖများက ဖမ်းဆီးပြီး ပစ်သတ်


တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မောင်းမကန်ကျေးရွာနေ အပြစ်မဲ့ ဒေသခံ ပြည်သူ နှစ်ဦးကို ပျူစောထီး စွန်ရဲ အဖွဲ့နှင့် စရဖများက ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် သ ပိတ်ကော်မတီတို့ထံမှ သိရ သည်။
အဆိုပါ ပျူစောထီး စွန်ရဲအဖွဲ့နှင့် စရဖ အဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသည့် ဒေသခံ နှစ်ဦးမှာ ဦးဇော်ဝင်းနှင့် ဒေါ်ပွားတို့ ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြော သည်။
မောင်းမကန်ဒေသခံ တစ်ဦးက“ညဖက်ကြီး အိပ်မောကျနေတဲ့ အချိန်မှာ လာဖမ်းပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာပါ နောက်ပြီး အလောင်းတွေရဲ့ နံဘေးမှာ စွန်ရဲ တံဆိပ်တွေ ပစ်ချထားခဲ့တာလည်း တွေ့ရတယ်”ဟု ပြော သည်။
ပျူစောထီး စွန်ရဲ အဖွဲ့နှင့် စရဖ အဖွဲ့များက ယင်းတို့ နှစ်ဦးကို PDF အဖွဲ့စည်းများကို ငွေကြေးနှင့် အခြားထောက်ပံ့မှု ပြုလုပ်နေသူများဟု စွပ် စွဲချက်နှင့် နေအိမ် အတွင်း ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးကာ သေနတ်နှင့် ပစ်သတ်ခဲ့ပြီး နေအိမ်ရှိ ဖုန်း၊ လက်ဝတ် ရတနာနှင့် ကား တစ်စီးတို့ကို ခိုးယူသွားကြောင်း လောင်းလုံးမြို့နယ် သပိတ်ကော်မတီအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအပြင် ယင်းအကြမ်းဖက် လုပ်ရပ်သည် လောင်းလုံးမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်နေပြီး လူမဆန်သည့် လုပ်ရပ်များဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။
လက်ရှိတွင် လောင်းလုံးမြို့နယ် အတွင်း ဇွန်လ ၁၆ ရက်မှ ယခု ဇူလိုင်လ ၂၅ ရက်နေ့ အထိ ပျူစောထီး စွန်ရဲ၊ စရဖနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အ ကြမ်းဖက် လုပ်ရပ်ကြောင့် နှစ်လအတွင်း အမျိုးသား လေးဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ပြည်သူ့ ကိုးဦးတို့ လူမဆန်စွာ မတရား သတ် ဖြတ်ခြင်းခံရပြီး လူနေအိမ် တစ်ဆောင်လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။ mizzima