YBS ဘတ်စ်ကားများနှင့် တက္ကစီယာဉ်များတွင် ကြော်ငြာကပ်ခြင်းကို ရန်ကုန်တိုင်း စစ်ကောင် စီခွင့်မပြု

ရန်ကုန်တိုင်း အတွင်းပြေးဆွဲနေသည့် YBS ဘတ်စ်ကားများနှင့် တက္ကစီများတွင် ကပ်ထားသည့် ကြော်ငြာ စကေကာများကို ရန်ကုန်တိုင်းစစ်ကောင်စီမှ မြို့သာယာလှပရေးကို ထိခိုက်စေသည့်အတွက်ဟုဆိုကာ ခွင့်မပြုတော့ကြောင်း သိရသည်။
ယင်းသို့ ခွင့်မပြုတော့ကြောင်းအကြောင်းကြားစာကို ဇူလိုင်လ ၁၁ ရက်နေ့စွဲ စာအမှတ် ၃/၆-၁(၃၁)/လုံခြုံ (YRTC) ဖြင့် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားလာ ခြင်းဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့တွေကားမှာ ကြော်ငြာကပ်တယ်ဆိုတာက ပိုက်ဆံအများကြီးရတာလည်းမဟုတ်ပါဘူး၊ တစ်နှစ်ပတ်လုံးမှ ကြော်ငြာခလေး တစ်သိန်းခွဲလောက်ပဲရတာ။ လိုင်းကားအကြီးတွေမှာဆိုလဲ ကုမ္ပဏီက သူတို့ဆိုင်းဘုတ်ကြော်ငြာတွေလာကပ်တယ်။ သုံးသိန်းလောက်ပဲရတယ်။ ဒါပေမဲ့ နေရင်းထိုင်ရင်း ရတာပဲ ဆိုပြီးကပ်ကြတာ။ အခုတော့ မြို့တော် အလှပျက်တယ်။ မကပ်ရဘူးဆိုပြီးလာပြောနေတယ်”ဟု ကြော်ငြာကပ်ထားသည့် တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။
ယခင်က ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင် မည်သည့်ယာဉ် အမျိုးအစားမဆို ကားလိုင်စင် ဝင်သည့်အခါမှသာ ကားများကို ဆေးအသစ်ပြန်မှုတ်ခြင်း၊ ကြော်ငြာစတစ်ကာများ ခွာခိုင်းထားခြင်း၊ မှန် စကေကာအမဲများခွာခိုင်းခြင်းတို့ကို လုပ်ဆောင်ကြောင်းသိရသည်။mizzima