Monthly Archives: Jul 2022

စစ်ကောင်စီ၏ မတရားသေဒဏ်ပေးစီရင်ခြင်းခံရသူ ၄ ဦးအတွက် ရက်လည်တရားနာမှုများ မပြုလုပ်ရန် ဖိအားပေးခြိမ်းခြောက်မှုများရှိ

စစ်ကောင်စီကသေဒဏ်ချမှတ်၍ မတရားသေဒဏ်စီရင်ခြင်းခံခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့လေးဦးအတွက် ရက်လည်တရားနာမှုများ မပြုလုပ်ရန်အတွက် စစ်ကောင်စီ လက်အောက်ခံအာဏာပိုင်များမှ ဖိအားပေးမှုများရှိနေကြောင်း သေဒဏ်စီရင်ခြင်းခံရသည့် မိသားစုဝင်တစ်ဦးနှင့်နီးစပ်သူထံမှ သိရသည်။

စစ်ကောင်စီသည် အဆိုပါပုဂ္ဂိုလ်လေးဦးကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီကြောင်း ဇူလိုင်လ ၂၅ ရက် နေ့တွင် ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့မတရားပြစ်ဒဏ်စီရင်ခြင်းခံရသူများ၏ ရုပ်လောင်းများကို မိသားစုဝင်များမှ ပြန်လည်တောင်းယူရာ တွင် အင်းစိန်အကျဉ်းထောင်အာဏာပိုင်များမှငြင်းဆန်းခဲ့သည့်အပြင် ဒေသအာဏာပိုင်များကလည်း ရက်လည်ပြုလုပ်ခြင်းမပြုရန် ဖိအားပေးမှုများ ခြိမ်းခြောက်မှုများရှိနေကြောင်း မိသားစုဝင်များနှင့် နီးစပ် သူတစ်ဦးထံက သိရသည်။

“ရက်လည်ဆွမ်းသွပ်တာတွေမလုပ်ဖို့ ဖိအားပေးတာရှိတယ်။ ဒေသအာဏာပိုင်တွေက လုပ်တာ။ ဒီကိစ္စ တွေမလုပ်ဖို့ တားမြစ်ထားတာရှိတယ်”ဟု သေဆုံးသူမိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီသည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဦးဂျင်မီ၊ ဦးဇေယျာသော်နှင့် ဦးအောင်သူရဇော်တို့၏ မိသားစု ဝင်များအား အွန်လိုင်းမှတဆင့်တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ဦးလှမျိုးအောင်၏ မိသားစုဝင်များမှာတွေ့ဆုံ ခွင့်မရခဲ့ပေ။

မတရားသေဒဏ်ပေးစီရင်ခြင်း ခံရသူများအတွက် ရက်လည်ဆွမ်းသွပ်ရန် ဆန္ဒရှိသည့်မိသားစုဝင်များ ရှိသကဲ့သို့ တရားနာခြင်းမပြုလုပ်လို သူများလည်းရှိသည်။

“ကျွန်မအနေနဲ့ ကိုဂျင်မီရဲ့ ရုပ်အလောင်းမတွေ့မချင်းဆွမ်းမသွတ်ပါ။ အမျှမဝေပါ။ နာရေးမလုပ်ပါ” ဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူဒေါ်နီလာသိန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရန်ကုန်တိုင်းအတွင်းရှိ မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာကာ အဆိုပါမြို့နယ်များမှ ဖမ်းဆီးရမိသူအများအပြားကို စစ်ခုံရုံးဖြင့် သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၂၅ ရက်နေ့အထိ ထုတ်ပြန် ချက်အရ ဦးဂျင်မီ နှင့် ဦးဖြိုးဇေယျာသော်အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၃ ဦးရှိခဲ့သည်။ သေဒဏ်ချ မှတ်ခံထားရသူများတွင် အသက် ၁၈ နှစ်အောက်အရွယ် အသက်မပြည့်သူ နှစ်ဦး ပါဝင်နေပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခြင်းခံထားရသည်။ mizzima

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ထဲကို ဇူလိုင် ၂၅ ရက်က ဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်းသေဆုံး၊ အရပ်သား အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့  မိုးဗြဲပြည်သူကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

စစ်ကား ၂၁ စီးနဲ့ အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ နေ့လယ် ၁ နာရီလောက်မှာ မိုးဗြဲမြို့ထဲကိုဝင်လာခဲ့ပြီး ညနေ ၅ နာရီလောက်မှာ တိုက်ပွဲစတင်ဖြစ်ခဲ့ပါတယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် BO 1 နဲ့ BO 2၊ လွိုင်ကော် PDF နဲ့ URF တို့ ပူးပေါင်းခုခံခဲ့ကြတာဖြစ်ပြီး တိုက်ပွဲက ၃ နာရီလောက်ကြာတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန်သုံးခဲ့တာကြောင့် စစ်ဘေးရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းတချို့မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင် အမျိုးသမီး တယောက် ပွဲချင်းပြီး သေဆုံးခဲ့သလို အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်တို့ ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က တယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ DVB

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးအား အလေးနီပြုကြောင်း ICNCC ထုတ်ပြန်

စစ်ကောင်စီက သေဒဏ်ပေးစီရင်ခဲ့သည့် ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ ၊ ဦးဖြိုးဇေယျာသော် ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ အ ပါအဝင် နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ့လွတ်မြောက်ရေးအတွက် အသက်ပေး စွန့်လွှတ်ခဲ့ကြသူများအားလုံးကို အလေးနီပြုလိုက်ကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က ယမန်နေ့ ဇူလိုင်လ ၂၅ရက်နေ့တွင် ထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ရက်နေ့တွင် ထုတ်ဝေသည့် စစ်ကောင်စီ၏ သတင်းစာများတွင် “သေဒဏ်ကျခံမည့် အကျဉ်းသားလေးဦးအား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း” သတင်းရေးသားဖော်ပြချက်အား ဖတ်ရှုသိရှိရသဖြင့် များစွာ တုန်လှုပ်မိကြောင်းဆိုသည်။

အထူးသဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၏ ကျန်ရစ်သူမိသားစုဝင်များ ၊ မိဘဆွေမျိုးများ နှင့် ထပ်တူ များစွာဝမ်းနည်းကြေကွဲရပါကြောင်းဖော်ပြထားသည်။

ယခုကဲ့သို့ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း သတင်းရေးသား ဖော်ပြချက်အတိုင်း မှန်ကန်ပါက ယင်းလုပ်ရပ်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုလိုလားကြသည့် ပြည်သူများ၏ ဆန္ဒသဘောထားကို မျက်ကွယ်ပြု ငြင်းပယ်လိုက်ခြင်းဖြစ် ကြောင်း ဆိုသည်။

ထို့ထက်သာမက စစ်ကောင်စီအနေဖြင့် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် အထွေထွေနိုင်ငံရေး အခြေအနေကို တရားမျှတစွာ ဖြေရှင်းလိုစိတ်မရှိဘဲ ရက်စက်ယုတ်မာစွာ ဖိနှိပ်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ထပ်မံ၍ အတိအလင်းဖော်ပြနေခြင်းပင်ဖြစ်ကြောင်း ရေးသားထားသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းနှင့် ယခုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့် ချင်းလူမျိုးများ အပါအဝင် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စစ်ကောင်စီအပေါ် ဆန့်ကျင်တော်လှန်လိုစိတ် ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာဖို့သာရှိပြီး ရှေ့ဆက်မြန်မာနိုင်ငံ၏ အခြေအနေသည် ပိုမိုဆိုးရွားလာဖို့သာရှိကြောင်း အလေးအနက် သတိပေးထုတ်ပြန်ထားသည်။

Zomi Federal Union ကလည်း ယခုကဲ့သို့စီရင်ခဲ့မှုအပေါ် လွန်စွာအံ့ဩ စိတ်ထိခိုက်ရပြီး ကျန်ရစ်သူမိသားစုဝင်များ ၊ မိဘဆွေမျိုးများနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အာဏာ ရရှိရေးအတွက် ယုတ်မာရက်စက်မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကာ ပြည်သူများအား အကြောက်တရားဖြင့် ဖိနှိပ်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

India for Myanmar လှုပ်ရှားမှုကလည်း မတရားနည်းဖြင့် ပြည်သူ့အာဏာကို သိမ်းရန် ကြိုးစားနေသည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်သည် ယနေ့တိုင် တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရသကဲ့သို့ နောင်လာမည့်အနာဂတ်တွင်လည်း အုပ်ချုပ်နိုင်မည်မဟုတ်ကြောင်း ရေးသားထား သည်။

ထို့အပြင် လူထုလူတန်းစား အားလုံးပါဝင်သည့် တော်လှန်ရေး၏ ကြံ့ခိုင်သော စုစည်းအားဖြင့် မကြာသောကာလတွင် အကြမ်းဖက်စစ်တပ်သည် ချွတ်ခြုံကြ သန္ဓေပျက်သွားတော့မည်ဖြစ်ကြောင်း အပြည့်အဝယုံကြည်သည်ဟု ဖော်ပြထားသည်။

ဤကဲ့သို့ သေဒဏ်ချမှတ်ခြင်းအပေါ် အနယ်နယ်အရပ်ရပ်မှ တော်လှန်ရေးတပ်ဖွဲ့များ၏ နှလုံးသားတွင် ရင့်သီးနာကျင်ခံစားရပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် အာဏာရှင်အမြန်ဆုံး အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပိုမိုအားစိုက် လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) အနေဖြင့် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ mizzima

ကိုဗစ်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၄ သိန်းကို သီးသန့်ရန်ပုံငွေအဖြစ် ထူထောင်သုံးစွဲမည်

ကိုဗစ်အတွက် သုံးစွဲနေတဲ့ ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၄ သိန်းကို သီးသန့်ရန်ပုံငွေ ထူထောင်သုံးစွဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်တွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီရဲ့ခွင့်ပြုချက်နဲ့ သုံးစွဲနေပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့မှာ ရန်ပုံငွေလက်ကျန် ကျပ် ၄၉၁.၉၇၈ ဘီလီယံ(ကျပ်သန်းပေါင်း ၄ သိန်း ၉ သောင်းကျော်) ရှိတယ်လို့ ဆိုပါတယ်။

အခုအခါ ကိုဗစ်ဖြစ်နှုန်း အများကြီးကျဆင်းသွားပြီဖြစ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေအရ ထိ ခိုက်ကျဆင်းခဲ့ရတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကြောင့် အဲဒီ ရန်ပုံငွေ လက်ကျန်ကနေ ကျပ် ၄၀၀ ဘီလီယံ(သန်းပေါင်း ၄ သိန်း) ကို သီးသန့်ရန်ပုံငွေတရပ် ထူထောင်ပြီး စိုက်ပျိုးရေးနဲ့မွေး မြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ စက်မှုလက်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ ထုတ်ကုန်တွေတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖော်ဆောင်ပေးနိုင်တဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေပေးဖို့ လုပ်မယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အဘက်ဘက်က ကျဆင်းနေတာ ဖြစ်ပြီး  တိုင်းပြည်ရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး  GDP ဟာလည်း  ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၁၃ ရာခိုင်နှုန်း ဆက်လက် ကျဆင်းနေမယ်လို့  ကမ္ဘာ့ဘဏ်က လတ်တလော အစီ ရင်ခံစာထုတ်ပြန်ထားပါတယ်။ DVB

ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲကာ ကြိုးပေးကွပ်မျက်ခဲ့

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို ရန်ကုန် အင်းစိန်ထောင်၌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုယ်တိုင် အနီးကပ်ကွပ်ကဲကာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရသည်။​

သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားလေးဦးကို ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက နိုင်ငံပိုင်သတင်းစားများမှတစ်ဆင့် ထုတ်ပြန်သည်။ သို့သော် မည်သို့ စီရင်ဆောင်ရွက်ခဲ့သည်ကို လုံးဝ ဖော်ပြခဲ့ခြင်း မရှိပေ။ 

ယမန်နေ့ (ဇူလိုင် ၂၅) တွင် မိသားစုဝင်များက အင်းစိန်ထောင်သို့ သွားရောက်မေးမြန်းရာမှ တုန်လှုပ် ခြောက်ခြားဖွယ်ရာ လူသတ်မှုအကြောင်း အတည်ပြုနိုင်ခြင်းဖြစ်သည်။ သေဒဏ်စီရင်ပြီးသည်မှာ ဟုတ်မှန်ကြောင်း၊ အလောင်းပြန်မပေးနိုင်ကြောင်း ထောင်အာဏာပိုင်များက တုံ့ပြန်ပြောဆိုခဲ့သည်။​ 

သေဒဏ်စီရင်ခြင်း မပြုရန် နိုင်ငံတကာ၏ အပူတပြင်း တောင်းဆိုတိုက်တွန်းမှုများ ရှိလင့်ကစား အာဏာသိမ်းစစ်တပ်က တိတ်တဆိတ်ကြိုး ပေး ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။​ အဆိုပါလုပ်ရပ်နှင့် ပတ်သက်၍ သတင်းအပြည့်အစုံထုတ်ပြန်ခြင်း မပြုသည့်အပြင် မိသားစုဝင်များကို ကြို တင်အသိပေးခြင်းလည်း မရှိပေ။​

ထင်ရှားသည့်နိုင်ငံရေးသမား ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို စနေနေ့ဖြစ်သော ဇူလိုင် ၂၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ် အချိန်တွင် ကြိုးပေးကွပ်မျက်ခြင်းဖြစ်ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ဆိုသည်။

ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်ကို လုံခြုံးတင်းကျပ်ထားခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်စီရင်ရာ၌ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ကိုယ်တိုင် အစအဆုံး ကြီးကြပ်ခဲ့ကြောင်း ထိုရဲသတင်းရင်းမြစ်က ပြောသည်။

အကျဉ်းဦးစီးဌာနလက်အောက်ခံ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များကို အပြည့်အဝထိန်းချုပ်နိုင်သည့် ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၀ ဖေဖော်ဝါရီလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးကျွမ်းဝင်သူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၏ နေရာတွင် ထိုစဉ်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဖြစ်သူ စိုးထွဋ်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။​

ဦးဂျင်မီတို့လေးဦးကို ကြိုးပေးကွပ်မျက်ခြင်း မပြုမီ သောကြာနေ့ ညနေပိုင်းကတည်းက အင်းစိန်ထောင်ကို လုံခြုံရေးတင်းကျပ်ခဲ့ခြင်းဖြစ် ကြောင်း၊ ထောင်ဝင်းအတွင်း လှုပ်ရှားသွားလာမှုကိုလည်း ကန့်သတ်ခဲ့ကြောင်း ထောင်သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

“ပုံမှန်တော့ အကျဉ်းသားတွေက စားသောက်ချိန်မှာ တန်းစီရတယ်။ သောကြာနေ့ကစပြီး ထမင်းလည်း တန်းမစီရတော့ဘူး။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် အဆောင်ထိ လာပေးတယ်လို့ ကြားတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။​

သောကြာနေ့ညပိုင်းက အင်းစိန်ထောင်တစ်ခုလုံး မီးဖြတ်ထားပြီး ကြိုးစင်ရှိရာ အဆောင်တစ်ခုတည်းကိုသာ မီးပေးထားကြောင်း၊ နံနက် ၃ နာ ရီနှင့် ၄ နာရီဝန်းကျင်တွင် အော်ဟစ်သံများ ကြားရသူအချို့ရှိသည်ဟုလည်း အခြားသတင်းရင်းမြစ်တစ်ခုက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ပြီးနောက် ထိုနေ့ နံနက် ၄ နာရီကျော်အချိန်၌ ချက်ချင်းမီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ 

နောက်ဆုံး မိနစ် ၂၀

နိုင်ငံရေးအကျဉ်းသားလေးဦးကို တိတ်တဆိတ် ကြိုးပေးကွပ်မျက်ခြင်း မပြုမီ သောကြာနေ့ (ဇူလိုင် ၂၂) ညနေပိုင်းတွင် ၎င်းတို့၏မိသားစုဝင်များကို ထောင်အာဏာပိုင်များက ခေါ်ယူခဲ့သည်။ 

အင်းစိန်ထောင်သို့ သောကြာနေ့ ၆ နာရီ အရောက်လာရန် ခေါ်ခဲ့ကြောင်း၊ ၆ နာရီခွဲခန့်တွင် ထောင်ဘူးဝမှနေ၍ ကားတစ်စီးဖြင့် အထဲခေါ်သွားကြောင်း၊ ဗီဒီယိုမှတစ်ဆင့် စကားပြောရာတွင် ထောင်ဝန်ထမ်းငါးဦးခန့် စောင့်ကြပ်နေကြောင်း သေဒဏ်စီရင်ခံရသူ ဦးဖြိုးဇေယျောသော်၏မိခင်က ပြောသည်။

“တစ်ယောက်က စာနဲ့ရေးပြီး လိုက်မှတ်တယ်။ အကျဉ်းဦးစီးဝတ်စုံနဲ့။ ဗီဒီယိုမှာ မိနစ် ၂၀ ပေးတွေ့ပါတယ်” ဟု ဦးဖြိုးဇေယျောသော်၏မိခင် ဒေါက်တာဒေါ်ခင်ဝင်းမေက ယနေ့ (ဇူလိုင် ၂၆) ပြောသည်။

အပေါ်ပိုင်းသာတွေ့ရသည့် အနေအထားအရ ဦးဖြိုးဇေယျာသော်မှာ လိမ္မော်ရောင် တီရှပ်အင်္ကျီ ဝတ်ဆင်ထားပြီး ကျန်းကျန်းမာမာရှိနေကြောင်း၊ နောက်တစ်ကြိမ်တွေ့ခွင့်ရမည်ဆိုပါက စာအုပ်အချို့နှင့် စာကြည့်မျက်မှန် မှာကြောင်းလည်း သိရသည်။

“မိနစ် ၂၀ ပြည့်ဆိုတော့ သူကလည်း ဖေဖေရော မေမေရော မမ၊ အန်တီလေးတို့ရော ယောက်ဖရော အားလုံးဒီကနေ လှမ်းကန်တော့ပါတယ်ဆိုပြီးတော့ သူပြန်သွားတယ်” ဟု အသက် ၇၆ နှစ်အရွယ် ဒေါက်တာဒေါ်ခင်ဝင်းမေက ပြောသည်။

ထိုသို့တွေ့ဆုံပြီးနောက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လုပ်သွားမည်ဖြစ်ကြောင်း ထောင်အာဏာပိုင်က ပြောဆိုပြီး၊ ကြိုးပေးကွပ်မျက်ရန် ရှိမရှိမေးမြန်းရာတွင် အတိအကျဖြေဆိုခြင်း မရှိကြောင်းလည်း သိရသည်။ 

“(သေဒဏ်) သူလည်း မသိဘူး၊ အမေလည်း မသိဘူး။ စိတ်ထဲမှာ ပျော်နေကြတာ။ နောက်လည်း ဒီထက် ဆက်တွေ့ရမယ်လို့ မျှော်လင့်ပြီးတော့ သားအမိနှစ်ယောက် ပျော်နေကြတာ” ဟု ဒေါက်တာ ဒေါ်ခင်ဝင်းမေက ပြောသည်။ 

သေဒဏ်စီရင်ပြီးကြောင်း ကြားသိရပြီးနောက် အင်းစိန်ထောင်သို့ ယမန်နေ့တွင် နောက်တစ်ကြိမ်သွားရောက်စဉ် ထောင်အာဏာပိုင်များက မည်သည့်နေ့တွင် ကွပ်မျက်သည်ကို အတိအကျမပြောကြောင်း၊ အလောင်းထုတ်ပေးရန် မရှိကြောင်း ပြောဆိုသည်ဟု ၎င်းထံမှ သိရသည်။

ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ထုံးစံအရ သားအဖြစ်သူအတွက် ရက်လည်ဆွမ်းသွတ်ရန် ရက်အတိအကျ မေးမြန်းရာတွင်လည်း စနေ၊ တနင်္ဂနွေ တစ်ရက်ရက်သာ မှန်းဆပြုလုပ်ရန် ထောင်အာဏာပိုင်များက ပြောဆိုကြောင်း ဒေါက်တာဒေါ်ခင်ဝင်းမေထံမှ သိရသည်။​

ဦးဖြိုးဇေယျာသော်နည်းတူ ဦးဂျင်မီ၏ မိသားစုဝင်များလည်း သောကြာနေ့က အင်းစိန်ထောင် သွားရောက် တွေ့ဆုံရာတွင်လည်း ထောင်အာဏာပိုင်များက ကွပ်မျက်မည့်အစီအစဉ်ကို အသိပေးခဲ့ခြင်း မရှိကြောင်း ဦးဂျင်းမီ (ခ) ဦးကျော်မင်းယု၏ ဇနီး ဒေါ်နီလာသိန်းထံမှ သိရသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့နှင့်အတူ သေဒဏ်စီရင်ခံရသူ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၏ မိသားစုဝင်များကိုလည်း အင်းစိန်ထောင်အာဏာပိုင်များ ခေါ်ယူတွေ့ဆုံစေခဲ့သော်လည်း စီရင်ကွပ်မျက်မည့်အကြောင်း အသိပေးခြင်းမရှိကြောင်း ထိုမိသားစုဝင်များက ထုတ်ဖော်ပြောဆိုထားသည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးကို သေဒဏ်စီရင်ပြီး နောက် နှစ်ရက်အကြာမှသာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် အပြည့်အစုံဖော်ပြခြင်း မရှိသည့်နည်းတူ အသေးစိတ်ထုတ်ဖော် ရှင်းလင်းခြင်းလည်း မရှိပေ။​ 

သေဒဏ်စီရင်ခြင်းနှင့် ပတ်သက်၍ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးခြင်းသာဖြစ်ကြောင်း၊ အလောင်းထုတ်ပေးခြင်း၊ မပေးခြင်းမှာ ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း နေပြည်တော်၌ ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။​

နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ရန်ကုန်မြို့လူထုက ယမန်နေ့ညပိုင်းတွင် သံပုံးများတီးကာ ဆန့်ကျင်ကြောင်း ပြသခဲ့သည်။ ထို့ပြင် အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်ကိုလည်း ယမန်နေ့ည ၇ နာရီခန့်က မော်တော်ဆိုင်ကယ်နှင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။​

စစ်ကောင်စီ၏ သေဒဏ်စီရင်သည့် လုပ်ရပ်မှာ ဥပေဒနှင့်မညီဘဲ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုထားသည်။​

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင် ရှောင်ကြဉ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးသည့်လုပ်ရပ်ကို မင်းအောင်လှိုင်လုပ်ဆောင်သည်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ကြောင်းလည်း နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုရှိသူ ဦးကြီးမြင့်က ဆိုသည်။​

စစ်ကောင်စီ၏ အဆင်အခြင်မဲ့လုပ်ရပ်နှင့် ပတ်သက်၍ ပြည်တွင်းရှိ နိုင်ငံတကာသံရုံးများအပြင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန် ရှုံ့ချထားသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အလွန်စိတ်ပျက်ဖွယ်ရာ လုပ်ရပ်ဟု ထုတ်ဖော်ပြောဆိုထားသည်။ နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်ခြင်း မပြုရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌက အကြိမ်ကြိမ်တိုက်တွန်းတောင်းဆိုခဲ့သည်။​

အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်ရှိ မြို့နယ် ၆ ခုကို စစ်အုပ်ချုပ်ရေးကြေညာကာ ဖမ်းဆီးရမိသည့် ဆန့်ကျင်တော်လှန်သူများကို စစ်ကောင်စီက စစ်ခုံရုံးဖြင့် တရားစီရင်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၂၂ ရက်ထုတ်ပြန်ချက်အရ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၁၇ ဦးရှိသည်။ ထိုအထဲတွင် အသက် ၁၈ နှစ်မပြည့်သေးသူ နှစ်ဦးပါဝင်ပြီး ၄၁ ဦးမှာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။​myanmar now

တမူးမြို့နယ် ယာတဲတခုတွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်၊ မြိုသစ်မြို့၊ လှည်းဆိပ်ရွာမှာနေထိုင်တဲ့ အမျိုးသားတယောက်ကို ယာတဲထဲမှာ ဇူလိုင် ၂၅ ရက်ည ၉ နာရီခွဲလောက် အမည်မသိလက်နက်ကိုင်တစုက ပစ်သတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ် ကိုအဲထွန်းဟာ  လှည်းဆိပ်ရွာရဲ့ မြောက်ဘက် ၇ ဖာလုံလောက် အကွာမှာရှိတဲ့ ယာတဲထဲမှာ TV  သတင်းကြည့်နေစဉ် ပစ်သတ်ခံရတာ ဖြစ်ပါတယ်။ 

ဒေသခံတဦးက “သူ့ဝမ်းဗိုက်ကို ပစ်သွားတာ။ ကြည့်ရတာ တူမီးနဲ့ ပစ်သွားပုံရတယ်။ ဘာကြောင့် အသတ်ခံရတာလည်းမသိဘူး။ ဒီနယ်တဝိုက်က စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ သွားလာနေတဲ့  နေရာဖြစ်တယ်” လို့ ပြောပါတယ်။

ကိုအဲထွန်းပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ဒေသခံတွေက စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပစ်ခတ်သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ပြော ဆိုကြပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

တမူးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးချိန်ကစပြီး  ဇွန်လကုန်အထိ အရပ်သားပြည်သူ ၁၉ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၆ ဦး ထက် မနည်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေ ၂၀ နီးပါးရှိလာပြီလို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။ DVB

တွံတေးမြို့နယ်တွင် စစ်ကောင်စီထံ သတင်း ပေးနေသည့် ဒလန်အမျိုးသမီး ပစ်ခတ်ရှင်း လင်းခံရ

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် တော်လှန်ရေးရဲဘော်များနှင့်လူငယ်များကို စောင့်ကြည့်ကာ စစ်ကောင်စီထံ သတင်းပေးနေသည့် ဒလန်အမျိုးသမီးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့(တွံတေး)ထံမှ သိရသည်။

မြို့ပြပြောက်ကျားတပ်ဖွဲ့က တွံတေးမြို့၊ ဈေးသစ်ရပ်ကွက်၊ မရမ်းကုန်းတွင်နေထိုင်သည့် မမြင့်ကြည့် (ခေါ်) ဂျပုမဆိုသူကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ သူက တော်လှန်ရေးရဲဘော်တွေအကြောင်း သတင်းပေးတာတွေ လုပ်တယ်။ နေအိမ်တွေကို ချိတ်ပိတ် တဲ့ကိစ္စတွေမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းတယ်။ လူငယ်တွေကို အပြစ်မရှိအပြစ်မရှာ တိုင်တန်းတာ တွေလုပ်တယ်။ သူ့ယောက်ျားကလည်း စစ်ထွက်တစ်ယောက်။ အဲ့ဒါတွေကြောင့် သူ့ကို ပစ်ခတ်ရှင်းလင်း လိုက်ရတာဖြစ်တယ်” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့(တွံတေး) တာဝန်ရှိသူက ပြောသည်။

မမြင့်ကြည်(ခ)ဂျပုမကို ကာကွယ်ရေးတပ်ဖွဲ့က တွံတေးမြို့ပေါ်တစ်နေရာတွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး နေရာတွင်ပင်သေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသည့် မမြင့်ကြည့်(ခ)ဂျပုမဆိုသူသည် နဝတစစ်အစိုးရလက်ထက်ကလည်း စစ်တပ်ဘက်တော်သား၊ ထောက်တိုင်အကြီးစားဖြစ်ပြီး ၎င်း၏ခင်ပွန်းသည်မှာလည်း စစ်ထွက်ဖြစ်ကာ သားဖြစ်သူမှာလည်း လက်ရှိ အကြမ်းဖက်စစ်တပ်မှ စစ်သားတစ်ဦးဖြစ် ကြောင်း ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် တွံတေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ သတင်း ပေးဒလန်အဖြစ်လုပ်ဆောင်နေပြီး ယ ခင် တွံတေး-မအူပင်ကား လမ်းဖောက်စဉ်အချိန်ကလည်း စစ်တပ် အရာရှိများနှင့်ပေါင်းကာ ပြည်သူများအား ဒုက္ခပေးခဲ့သည့်အစဉ်အလာရှိခဲ့သူဖြစ်ကြောင်းလည်း သိရ သည်။

“ဘာမှ မလုပ်ပေးနိုင်ရင် နေကြပါ။ တိုင်းပြည် ဘာမှမဖြစ်ထားသလိုတော့ ပုံမှန်မနေကြပါနဲ့၊ နာတတ်ကြ ပါ ” ဟု တွံတေးမြို့ပြပြောက် ကျားတပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။

တွံတေးမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန်နှင့် သတင်းပေးဒလန်များ၏ လုပ်ရပ်များကိုရပ်တန့်ရန် ပြီးခဲ့သည့်လပိုင်းတွင် သတိပေးမှုများပြုလုပ်ခဲ့ပြီးနောက် လိုက်နာခြင်းမရှိသူ များကို မြို့ပြပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်ထွက် သတင်းပေးဒလန် ဦးဇော်ထွန်း (ခ)ပြောင်ကြီးဆိုသူကို မြို့ပြပြောက် ကျား တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် လုံခြုံရေးတင်း ကျပ်ကာ စစ်ဆေးခြင်းများကြောင့် အပြစ်မဲ့ပြည်သူအချို့ ဖမ်းဆီးခံရခြင်းများရှိနေကြောင်းလည်း ဒေသခံ များထံမှ သိရသည်။ mizzima

ခင်ဦးနှင့် ရွှေဘိုမြို့နယ်တိုက်ပွဲများတွင် PDF ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရွှေဘိုမြို့နယ်အတွင်း တိုက်ပွဲများတွင် နှစ်ရက်အတွင်း ဒေသခံတော်လှန်ရေးသမားများဘက်မှ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၈၀ ကျော်ခန့်ပါသော စစ်ကြောင်းကို ဇူလိုင် ၂၃ တွင် ရင်ဆိုင်ရစဉ် မောင်း ကျောက်တောရွာအနီး ၂ ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ 

“အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးတော့ စစ်သားတွေဝင်တဲ့အချိန်မှာ ပစ်ပစ်ဆုတ်ဆုတ် လုပ်တဲ့ အချိန်မှာ ထိသွားတာ” ဟု ခင်ဦး PDF ပြန် ကြားရေးတာဝန်ခံက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှလည်း သေဆုံးမှုများကြောင်း ၎င်းက ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ရာနှင့် သုံးမိုင်ခန့်အကွာ ကုလားလူးရွာဒေသခံတစ်ဦးကလည်း ပစ်ခတ်သံများ တစ်နေကုန် ကြားနေရကြောင်း ပြောသည်။

“မနက်ပိုင်း ၉ နာရီလောက်ကနေ (မွန်းလွဲ) ၂ နာရီလောက်ထိ ကြားတယ်။ ဘာမှ မကြာဘူး၊ ပြန်ပစ်ကြရော၊ ညနေ ၅ နာရီလောက်ထိ ပြန်တိုက်ကြတာ၊ တစ်နေကုန်နီးပါးပါပဲ” ဟု အသက် ၄၀ အရွယ်ခန့်ရှိ ထိုအမျိုးသားက ဆိုသည်။

ဇူလိုင် ၂၅ နံနက်တွင် စစ်သားများ မောင်းကျောက်တောရွာမှ ထွက်ခွာသွားသော်လည်း ဒေသခံများက ရွာထဲ ပြန်မဝင်ရဲသေးကြောင်း၊ PDF နှစ်ဦး၏ ရုပ်အလောင်းများကို ရွာအနီးမှ ယမန်နေ့က ကောက်ယူ သင်္ဂြိုဟ်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့နှစ်ယောက်က သင်တန်းဆင်းကာစဆိုတော့ အတွေ့အကြုံမရှိတာလည်းပါတယ်။ ဆုတ်တဲ့ အချိန်မှာ နယ်မြေ မှားဆုတ်မိတော့ စစ်သားတွေဘက်ကို ရောက်သွားတာ။ နယ်မြေ သိပ်မကျွမ်းတာလည်း ပါတာပေါ့။ သူတို့ (စစ်သားတွေ) လက်လှမ်းမီတဲ့နေရာကို ရောက်သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါစစ်ကြောင်းသည် မောင်းကျောက်တောရွာမှ ၄ မိုင်အကွာရှိ ရွာစဉ်ရွာသို့ ထွက်ခွာသွားပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်ဖြစ်ပွားနေကြောင်း သိရသော်လည်း တိုက်ပွဲအခြေအနေအသေးစိတ် မသိရှိရသေးပေ။

ရွှေဘိုဒေသ တိုက်ပွဲ

ရေဦး၏ အောက်ဘက် ရွှေဘိုမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myanmar Defense Force (Shwe Bo) အဖွဲ့၏ တာ ဝန်ခံ ကိုမှိုင်းထံမှ သိရသည်။

ရွေဘိုအနောက်ဘက်ခြမ်း ဇီးဖြူကုန်းရွာတိုက်ပွဲတွင် ၎င်းတို့ဘက်မှ ၃ ဦး သေဆုံးကြောင်း၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် အ သေး စိတ် မပြောလိုသေးကြောင်း သူက ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။  

SNAKE EYES PDF အဖွဲ့၏ ဇူလိုင် ၂၆ နံနက်ပိုင်း ထုတ်ပြန်ချက်တွင်လည်း တော်လှန်ရေးအဖွဲ့များဘက်မှ သေဆုံးသူ ၃ ဦး ရှိသည်၊ စစ်ကောင် စီဘက်မှလည်း ၃ ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်း တရားဝင်ထုတ်ပြန်လေ့ မရှိပေ။

စစ်ကောင်စီတပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ရွှေဘို၌ PDF ရုပ်အလောင်း နှစ်လောင်းနှင့်အတူ M22 မောင်းပြန်ရိုင်ဖယ်နှစ်လက်၊ လက်လုပ်သေနတ်တစ်လက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများ သုံးပြီး အဆက်မပြတ် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်၊ စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

Data For Myanmar အဖွဲ့၏စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ဇွန်လကုန်ထိ စစ်ကောင်စီက ဒေသအများအပြားတွင် အရပ်သားတို့ ၏ နေအိမ်များကို လိုက်လံ ဖျက်ဆီးနေရာ နေအိမ်အနည်းဆုံး ၁၈၈၈၆ လုံးကျော် မီးလောင်သွားသည်၊ ၁၃၈၄၀ လုံးမှာ ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက သူ၏တပ်များ မီးရှို့ခြင်း မရှိကြောင်း ပြည်ပအခြေစိုက် သတင်းဌာနများကို ရံဖန်ရံခါ တုံ့ပြန်နေသည်။ 

PDF များတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရခြင်း၊ အိမ်မီးရှို့ခံရသော ဒေသခံတို့ကို ကူညီရခြင်း၊ ရန်ပုံငွေရှာဖွေရခြင်း စသည့် ဝန်ထုပ် ဝန်ပိုးများစွာ ပိနေသည်။ myanmar now

တရက်တည်း စစ်ကောင်စီအကြမ်းဖက် တပ်ဖွဲ့ဝင် ၂၁ ဦးသေ၊ ၁၄ ဦးထိခိုက်ဒဏ်ရာရဟု NU G ပြော

ဇူလိုင် ၂၄ ရက် တရက်တည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၂၁ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၁၄ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံတဝန်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ပြီးခဲ့တဲ့ ဇွန် ၇ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁ လတာကာလအတွင်း စစ်ကောင်စီဘက်က ၁,၉၇၅ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်က အယောက် ၈၉၀ ထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်း ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့မှာ ၁ ကြိမ်စီ၊ စစ်ကိုင်းတိုင်းမှာ ၁၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော် ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားတာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အ ကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ဖောင်းပြင်မြို့နယ် မိုင်းချောင်းတိုက်ပွဲတွင် နှစ်ဖက် ကျဆုံးမှုများရှိခဲ့ဟု ဒေသခံများပြော

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တောင်ဘက်ရှိ မိုင်းချောင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး ခန့်သေဆုံးပြီး ဖောင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှစ်ဦး ကျဆုံးကြောင်း သိရသည်။

” ဒလန်ရဲ့လမ်းပြနဲ့ မိုင်းကွင်းတွေကိုရှောင်ပြီး ရွာနားချဉ်းကပ်လာတယ်။ ရွာဖျားမှာ တိုက်ပွဲဖြစ်နေချိန် မော်လိုက်မြို့နယ်က စစ်ရှောင် ၄၀၀ ကျော်လည်းရွာထဲမှာ ပိတ်မိနေကြပါတယ်။ ရွာထိပ် ကုန်စုံဆိုင်က ရိက္ခာဆိုပြီး ဆာလာအိပ်တောင်းပြီး ယူသွားပါသေးတယ်။ လူတော့ဘာမလုပ်ခဲ့ဘူး။ တိုက်ပွဲကာလကြာချိန် ငါးနာရီခန့်မှာ ဖောင်းပြင်တောင်ကွင်းရဲဘော် ရှစ်ဦးကျဆုံးပြီး နှစ်ဦးစိုးရိမ်ပြင်းထန်ဒဏ်ရာရကြပါတယ်။ ရန်သူဘက်က ၂၀ ခန့် ကျတာလို့သိရပါတယ် ”ဟု ဖောင်းပြင် ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဖြစ်စဉ်မှာ မော်လိုက်မြို့နယ်အတွင်း ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်နေ့ထိ ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအများအပြားနှင့် ပျူစောထီးဆိုသူအများအပြား သေဆုံးကာ နှစ်ရက်ခန့် တပ်ဖျောက်သွားခဲ့သည်။

ထို့နောက် ဇူလိုင် ၂၂ ရက်နေ့တွင် မော်လိုက်မြို့နယ်မှနေ၍ ဖောင်းပြင်မြို့နယ်ရှိ မိုင်းချောင်းရွာရင်းသို့ လက်နက်ကြီးမျိုးစုံဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

အလားတူ မော်လိုက်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အားကောင်းသော နေရာများဖြစ်သည့် ယူးဝ၊ မန်ကျည်းတန်း၊ ပရောက်၊ တပ်ကုန်းနှင့် မှော်ကူးရွာများရှိ နေအိမ်များကိုလည်း စစ်ကောင်စီတပ်များက ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်မှ ဇွန်လ ၁၂ ရက်အထိ သုံးရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ တိမ်းရှောင်ရာနေရာများသို့ စစ်ကောင်စီတပ်က ထပ်မံ စစ်ကြောင်းထိုးဝင်‌ေရာက်သောကြောင့် နေထိုင်စားသောက်ရေး အခက်အခဲအပြင် ဆေးဝါးလိုအပ်ချက်များ ရှိနေပြီး အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။ mizzima

« Older Entries