ကိုဗစ်ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၄ သိန်းကို သီးသန့်ရန်ပုံငွေအဖြစ် ထူထောင်သုံးစွဲမည်

ကိုဗစ်အတွက် သုံးစွဲနေတဲ့ ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၄ သိန်းကို သီးသန့်ရန်ပုံငွေ ထူထောင်သုံးစွဲမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသုံးစရိတ်တွေကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီရဲ့ခွင့်ပြုချက်နဲ့ သုံးစွဲနေပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်နေ့မှာ ရန်ပုံငွေလက်ကျန် ကျပ် ၄၉၁.၉၇၈ ဘီလီယံ(ကျပ်သန်းပေါင်း ၄ သိန်း ၉ သောင်းကျော်) ရှိတယ်လို့ ဆိုပါတယ်။
အခုအခါ ကိုဗစ်ဖြစ်နှုန်း အများကြီးကျဆင်းသွားပြီဖြစ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေအရ ထိ ခိုက်ကျဆင်းခဲ့ရတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါကြောင့် အဲဒီ ရန်ပုံငွေ လက်ကျန်ကနေ ကျပ် ၄၀၀ ဘီလီယံ(သန်းပေါင်း ၄ သိန်း) ကို သီးသန့်ရန်ပုံငွေတရပ် ထူထောင်ပြီး စိုက်ပျိုးရေးနဲ့မွေး မြူရေးကို အခြေခံတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ၊ စက်မှုလက်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ ထုတ်ကုန်တွေတိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖော်ဆောင်ပေးနိုင်တဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေပေးဖို့ လုပ်မယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အဘက်ဘက်က ကျဆင်းနေတာ ဖြစ်ပြီး တိုင်းပြည်ရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာလည်း ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၁၃ ရာခိုင်နှုန်း ဆက်လက် ကျဆင်းနေမယ်လို့ ကမ္ဘာ့ဘဏ်က လတ်တလော အစီ ရင်ခံစာထုတ်ပြန်ထားပါတယ်။ DVB