စစ်အုပ်စုအတွက် ရဲဆေးတင်သော သေဒဏ်စီရင်မှု သို့မဟုတ် မင်းအောင်လှိုင် တာဝန်ခံပြီး ကျူးလွန်ခဲ့သော နိုင်ငံတော်အဆင့် လူသတ်မှု

သတင်းတပုဒ်…။

အာဏာရူးတို့၏ ဝါဒဖြန့် မီဒီယာတွေထဲက ထွက်ပေါ်လာသော သတင်းတပုဒ်..။

သန်းချီသော ပြည်သူတွေ၏ နှလုံးသည်းပွတ်တို့ကို ခွဲထုတ်ယူငင်သွားသည့် သတင်းတပုဒ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုအောင်သူရဇော်နှင့်ကိုလှမျိုးအောင်…။ ပြည်သူ့ဘက်တော်သား သူရဲကောင်းတွေကို။ အာဏာရူး စစ်မိစ္ဆာတို့က ကြိုးပေးစီရင် ကွပ်မျက်ခဲ့သတဲ့။

ဤပြည်သူ့ဘက်တော်သားများအား ချမှတ်ထားသည့် သေဒဏ်ကို အမှန်တကယ် စီရင်မည်ဟု စစ်ကောင်စီက အသံပေးထားခဲ့သည်မှာ လအနည်းငယ်မျှကြာပြီ။ ထိုသို့မလုပ်ရန် ပြည်တွင်း၊ ပြည်ပက တောင်းဆိုကြ၊ သတိပေးကြခဲ့သည်။

သို့သော် “မလုပ်ရဲတာ ဘာမှမရှိ”ဟု ကြွေးကြော်ထားသော အာဏာရူး မင်းအောင်လှိုင်က လူမိုက်ပီပီ မိုက်ဂုဏ်ပြခဲ့ပြီ။ နွေဦးရပ်ဝန်းကို ကြောက်အောင် ခြောက်ပြသည့်လုပ်ရပ်ဟု ဆိုသူတွေဆိုကြသည်။ ကျွန်တော်တော့ ထိုသို့ မထင်။

ငါတို့ကို ဆန့်ကျင်ရင် ဒီလိုသေရမယ် ဆိုသည့် သဘောဖြင့် ပြည်သူ့ဘက်တော်သားများအား ကြိုးပေးကွပ်မျက်သည်ဟု ဆိုလျှင် လမ်းပေါ်မှာ၊ စစ်ကြောရေးမှာ၊ တိုက်ပွဲမှာ၊ နေအိမ်ထဲမှာ သတ်ဖြတ်ခံခဲ့ရသော ပြည်သူ့ ဘက်တော်သားတွေက လှောင်ပြောင်ရယ်မောနေကြမှာ ဖြစ်သည်။

သေလုနီးပါး နှိပ်စက်ခံခဲ့ရသော၊ ရွာလုံးကျွတ်၊ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခံရသော၊ ဝန်နှင့်အား မမျှမတ အရပ်သားရွာတွေအပေါ် လေကြောင်း၊ လက်နက်ကြီးတွေနှင့် ပစ်ခတ်ခံနေရသည့်ကြားက ကြံ့ကြံ့ခံတော်လှန်နေ ကြသူတွေက ပြက်ရယ်ပြုနေကြမှာ ဖြစ်သည်။

ယခုလက်တွေ့တွင်လည်း မြေပြင်၌ အသက်ရင်းတော်လှန်နေသူတွေရော၊ ပြည်သူတွေကပါ ကြောက်လန့်စကား တစွန်းတစ ဆိုကြသည်ကို မမြင်ရ၊ မကြားရ။ နာကျည်းမုန်းတီး၊ ခံပြင်းမှုတွေသာ မြင့်သထက်မြင့်ပြီး အာဏာရှင်တို့ကို အဆုံးစွန်ထိ တော်လှန်မည့်စိတ်များသာ ဖြစ်ကြကုန်သည်။

စစ်ကောင်စီအနေဖြင့် ဤသို့ဖြစ်မည်ကို ကြိုတင် ခန့်မှန်းတွေးဆခဲ့ပြီးသား ဖြစ်လိမ့်မည် ဟုထင်သည်။ ၎င်းတို့၏ အကြောက်တရား သွတ်သွင်းရေး နည်းလမ်းအမျိုးမျိုး အောင်မြင်မှု မရသေးသည်ကို လက်တွေ့ရလဒ်များက သက်သေပြနေသည် မဟုတ်လား။

ထို့ကြောင့်ပင် စစ်အုပ်စုသည် အကြောက်တရားဖြင့် အုပ်ချုပ်နိုင်ရေး ကြိုးပမ်းမှုအစား သူ့အပေါ် မထောက်ခံသူမှန်သမျှ အပြုတ်တိုက် အပြတ်ရှင်းလမ်းစဉ်ဖြင့် လက်နက်ကိုင်သူ၊ လက်နက်မကိုင်သူ မရွေး ကို လူမဆန် ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်ရှင်းလင်းနေခြင်း ဖြစ်သည်။

ဤသို့ဆိုလျှင် စစ်ကောင်စီသည် အဘယ်ကြောင့် ကိုဂျင်မီ၊ ကိုဇေယျာသော် တို့ကဲ့သို့သော လူသိများ ထင်ရှားသည့် တော်လှန်ရေး ခေါင်းဆောင်များကို ရွေးပြီး သေဒဏ်စီရင်ရသနည်း။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် ရဲဆေးတင်ခြင်းသာ ဖြစ်လိမ့်မည် ဟုဆိုချင်သည်။ စစ်အုပ်စုအတွက်၊ စစ်အုပ်စု ထောက်ခံသူတွေအတွက် ရဲဆေးသာ ဖြစ်သည်။

မည်သည့် ပြည်တွင်း၊ ပြည်ပ ဖိအားကိုမျှ ဂရုစိုက်ရန်မလို၊ စစ်အုပ်စုအာဏာ တည်မြဲရေးကိုသာ စွမ်းစွမ်းတမံ ရှေးရှုကြရန် စစ်ခေါင်းဆောင်တို့က ၎င်းတို့၏နောက်လိုက်နောက်ပါများအား အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

တူမီးကိုင် တော်လှန်ရေးတပ်များအား လေကြောင်းဖြင့် တိုက်ရသော ညံ့ဖျင်းသည့် စစ်ခေါင်းဆောင်အဖြစ် ၎င်းတို့အသိုင်းအဝိုင်းအတွင်းမှာပင် ပြစ်တင်ရှုတ်ချခံနေရခြင်းကို ပြန်လည်အဖတ်ဆယ်လိုသော မင်းအောင်လှိုင်၏ သိမ်ဖျင်းသည့် လုပ်ရပ်လည်း ဖြစ်သည်။

ဤသို့ လူသိများ ထင်ရှားပြီး ဒီမိုကရေစီ လှုပ်ရှားမှုနယ်ပယ်တွင် သမိုင်းကြောင်း ကောင်းကောင်းရှိသော ခေါင်းဆောင်များအား ကွပ်မျက်ပြခြင်းဖြင့် ဉာဏ်ရည်သေးနုတ်နိမ့်ပါးလှသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ရဲရင့်ပြတ်သားသူအဖြစ် သူ၏ နောက်လိုက်များအကြား ပုံရိပ်ကောင်း တည်ဆောက်ခြင်းသာ ဖြစ်သည်။

တနည်းအားဖြင့် သူကိုယ်တိုင် တရားဝင် တာဝန်ခံရသော နိုင်ငံတော်အဆင့် လူသတ်မှုများ ကျူးလွန်ပြခြင်းဖြင့် မြေပြင်ရှိ သူ၏လက်ပါးစေတို့ကိုလည်း အစွမ်းကုန် ဆက်လက် ယုတ်မာရိုင်းစိုင်းကြရန် မီးစိမ်း ပြခြင်းသာ ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ပြည်သူတို့၏ တော်လှန်သတ္တိကို အကဲစမ်းခြောက်လှန့်ရန် ရည်ရွယ်သည်ဆိုပါက မင်းအောင်လှိုင်အနေဖြင့် အကျဥ်းထောင် လက်စွဲဥပဒေ အပါအဝင် တည်ဆဲ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းအားလုံးကို ဖောက်ဖျက်ပြီး၊ လိမ်လည်လှည့်စားကာ ယခုကဲ့သို့ ပုန်းလျှိုးကွယ်လျှိုး စီရင်မည် မဟုတ်ပေ။ ပြည်သူ့သူရဲကောင်းတို့၏ ရုပ်အလောင်းကိုလည်း မိသားစုကိုပင် မပြနိုင်၊ ပြန်မပေးနိုင်သည်အထိ ဖုံးကွယ်ထားမည် မဟုတ်ပေ။

အရင်းစစ်လျှင် မူလကတည်းက ဖိအားတွေ အဆမတန် ရှိနေသည့်ကြားထဲက မိုက်ရူးရဲဆန်စွာ၊ ရဲဆေးတင်သည့် ဤသို့သော လူမဆန်သည့်လုပ်ရပ်ကို မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်တို့ ထပ်မံကျူးလွန်ပြခဲ့ခြင်း ဖြစ်သည်။

ဤလုပ်ရပ်ကြောင့် ပိုမိုပြင်းထန်သော နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိလာမည်မှာ ပြေးကြည့်စရာ မလိုသော ကိစ္စဖြစ်သည်။ ဒါကိုလည်း စစ်အုပ်စုက ကောင်းကောင်း သိထား၊ တွေးဆထားမိပြီးသား ဖြစ်မှာ အမှန်ပင်။

ဘယ်လိုပိတ်ဆို့မှုတွေရှိရှိ နှစ်ပေါင်းများစွာ ပြည်သူ့ဘဏ္ဍာတွေ အိတ်ထဲထည့်ခဲ့ပြီးသား စစ်ခေါင်းဆောင်တွေနှင့် သူ့နောက်လိုက်နောက်ပါ တွေအဖို့ကတော့ ဂယ်ပေါက်တွေ အသင့်ရှိနေကြမည်သာ..။ ကြုံလာသမျှ အကျပ်အတည်း ခါးဆီးခံရမှာက ပြည်သူတွေပင် ဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် ပြည်သူတွေအဖို့ ရွေးချယ်စရာ နည်းလမ်းက များများစားစား မရှိတော့။ အဆုံးစွန်ထိ ရက်စက်ယုတ်မာမည့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အမြစ်ဖြတ်နိုင်ရေး တတ်စွမ်းသမျှ ပါဝင်ကူညီမည်လား၊ သို့မဟုတ် စစ်အုပ်စုလက်ထဲ လုံးပါးပါးမည့် ပရုတ်လုံး အဖြစ်ခံမည်လား ဟုဆိုကြရုံသာ..။

စစ်အုပ်စုကတော့ ၄င်းတို့ကို တော်လှန်မည့် လူထုကို တဖြည်းဖြည်း ပါးလျပျောက်ကွယ်သွားမည့် ပရုတ်လုံးလေးတွေအဖြစ် မြင်ယောင် ကြံဆောင်နေကြပြီ ဖြစ်သည်။ စစ်မိစ္ဆာတို့လက်မှ လွတ်မြောက်ရေး တယောက်တလက် မိမိတို့တတ်နိုင်သည့်အပိုင်းက ထိထိရောက်ရောက် ပါဝင်အားထုတ်ရန် အခြေအနေနှင့် အချိန်အခါက ယခုရှိနေသေးသည်။

သို့သော် ယခုအချိန်အထိတိုင်အောင် ရန် ငါ မပြတ်နိုင်သေးလျှင်တော့ နောင်လာမည့် မျိုးဆက်တွေအထိ ပရုတ်လုံး ကလေးတွေအဖြစ် လုံးပါး ပါးကြရုံသာ….။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s