မြိုင်မြို့နယ်တွင် ပြည်သူ ၂ ဦးအား စစ်တပ်က ဖမ်းဆီးပြီး ကား ၂ စီးကိုအဓမ္မသိမ်းယူ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းမှာ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကာင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပေါင်းပြီး အမျိုးသား ၂ ယောက်ကို ဖမ်းဆီးကာ သံဃာတော်တပါးရဲ့ ကားအပါဝင် ကား ၂ စီးကို အဓမ္မသိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့နယ် ကမ္မမြို့ကနေ မြိုင်မြို့နယ်ဘက်ကို သွားတဲ့ ကားလမ်းပေါ်မှာ ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ တွင်းမကျေးရွာက ပျူစောထီးတွေအပါအဝင် စစ်ကောင်စီ အင်အား ၃၀ လောက် ကား ၃ စီးနဲ့ရောက်လာပြီး အိုရင်းကျေးရွာနား လမ်းပိတ်ပြီး လမ်းဖြတ်သမျှ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတာလို့ ပန်းတိုင်းတောရွာ ဒေသခံတယောက်က ဒီဗွီဘီ ကို ပြောပါတယ်။
“အဲဒီစစ်(…)နဲ့ပျူ(…)တွေဟာ ကမ္မမြို့ဘက်ကနေ ပန်းတိုင်းတောရွာဘက်ကို အလည်လာတဲ့ အမျိုးသားတယောက်နဲ့ ကုန်တင်ကားမောင်းတဲ့ ယာဥ်မောင်းတယောက်ကို ဖမ်းဆီးခဲ့ကြတယ်။ ပန်းတိုင်းတော အရှေ့ဘက်က သံဘိုတောရကျောင်း ဆရာတော်ရဲ့ MARK2 (မတူး) အဖြူရောင်ကားတစ်စီးကိုလည်း အဓမ္မသိမ်းယူသွားကြတယ်။ အဲဒီဆရာတော်ဟာ နိုင်ငံရေးတွေ ဘာတွေတော့ ဘာမှမလုပ်ဘူး။ မြိုင်မြို့နယ် အ ရှေ့တောင်ပိုင်းကို စစ်ကြောင်းတွေထိုးလာရင်တော့ အဲဒီကျောင်းကို စစ်ဘေးရှောင်တာတွေတော့ရှိတယ်။ စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက် ရေးတွေကိုတော့ ဆရာတော်က အစအဆုံးကူညီပေးတယ်။”
ဒါ့အပြင် ကျေးရွာတွေကနေ ပခုက္ကူဘက် ကုန်ဝယ်ယူတဲ့ ဟိုက်ဂျက်ကားတစီးကိုတားပြီး လူတွေကို ပြန်လွှတ်ပေးကား ကားနဲ့ ကုန်ပစ္စည်းတွေကို သိမ်းယူထားတယ်လို့ ဆိုပါတယ်။
“ပခုက္ကူကနေ ရွာဘက်တွေကို ဆန်လာပို့တဲ့ ကားတစီးကို သူတို့တွင်းမရွာထဲကိုမောင်းခိုင်းပြီး ဆန်တွေနဲ့စားသောက်ကုန်တွေကို အဓမ္မသိမ်းယူကာ လူတွေနဲ့ကားတော့ ပြန်လွှတ်ပေးလိုက်တယ်။ ပခုက္ကူကနေ ကိုင်းတောမဘက်ကို ကုန်လာပို့တဲ့ ကားတစီးဆီကလည်း လက်ကိုင်ဖုန်း ၃ လုံးနဲ့ အုံနာဘုတ်တွေကို သိမ်းယူသွားကြတယ်” လို့ ဒေသခံက ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ တွင်းမရွာဘက်ကို ဖြတ်သန်းသွားလာပါက မကြာခဏ ဖမ်းဆီးစစ်ဆေးခံရတာတွေရှိလို့ ပန်းတိုင်းတောကျေးရွာဘက်ကနေ ရှောင်ကွင်းလမ်းအတိုင်း သွားလာကြတာကို သစ်ပင်တွေ ခုတ်လှဲပိတ်ဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်သလို ဆက်ကြေးတောင်းတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေ၊ ပစ္စည်းတွေကို မတရားသိမ်းချင်တာနဲ့ မတရားငွေညှစ်ချင်တာကြောင့် အခုလို ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတိုင်းတောကျေးရွာကို ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့ မနက်ပိုင်မှာလည်း တွင်းမရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေပေါင်းပြီး မီးရှို့ဖျက်ဆီခဲ့ကြလို့ နေအိမ် ၁၀ လုံး၊ ကြက်ခြံ ၅ ခြံနဲ့ ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲရတယ်လို့ သိရပါတယ်။ DVB